ထိုင်းလုံခြုံရေးဝန်ထမ်းကို တိုက်ခိုက်ပြီး ကေဘယ်လ်ကြိုးခိုးသည့် မြန်မာ ၄ ဦး ဖမ်းဆီးခံရ
general||3 MIN READ

ထိုင်းလုံခြုံရေးဝန်ထမ်းကို တိုက်ခိုက်ပြီး ကေဘယ်လ်ကြိုးခိုးသည့် မြန်မာ ၄ ဦး ဖမ်းဆီးခံရ

DVB
SourceDVB

AI Summary

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်၊ ဘန်ဘွန်မြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် လုံခြုံရေးဝန်ထမ်းကို တိုက်ခိုက်ကြိုးတုပ်ကာ ဘတ် ၆ သိန်းတန်ဖိုးရှိ လျှပ်စစ်ကေဘယ်ကြိုးများ ခိုးယူသွားသည့် မြန်မာ ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ ဇွန် ၄ ရက် မနက်အစောပိုင်းက လူ ၁၀ ဦးထက်မနည်းသည် လုပ်ငန်းခွင်ထဲဝင်ရောက်ကာ လုံခြုံရေးဝန်ထမ်းကို တိုက်ခိုက်ပြီး ကြိုးတုပ်ခဲ့ကြသည်။ ထို့နောက် ကေဘယ်ကြိုးများကို ပစ်ကပ်ကား ၂ စီးပေါ်တင်၍ ထွက်ပြေးခဲ့ရာ စီစီတီဗီမှတ်တမ်းများမှတစ်ဆင့် ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းခဲ့သည်။ ဇွန် ၆ ရက်တွင် လယောင်းခရိုင်၌ သံသယဖြစ်ဖွယ် ပစ်ကပ်ကားတစ်စီးကို တွေ့ရှိပြီးနောက် မြန်မာ ၄ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးခံရသူများက ဓားပြတိုက်မှုတွင် ပါဝင်ခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း အဖွဲ့ခေါင်းဆောင် "မောင်" အပါအဝင် ကျန်အဖွဲ့ဝင်များမှာ လွတ်မြောက်နေဆဲဖြစ်သည်။ ၎င်းတို့အဖွဲ့သည် အနီးအနားဒေသများတွင်လည်း အလားတူ ကေဘယ်ကြိုးခိုးယူမှုများစွာနှင့် ဆက်နွှယ်နေသည်ဟု ရဲတပ်ဖွဲ့က ယူဆပြီး လွတ်မြောက်နေသူများကို ဆက်လက်ဖမ်းဆီးရန် ဆောင်ရွက်နေသည်။

Photo: Screenshot- Khaosod

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်၊ ဘန်ဘွန်မြို့နယ်ထဲက ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ လုံခြုံရေးဝန်ထမ်းကို တိုက်ခိုက်ကာ ဓားနဲ့ခြိမ်းခြောက် ကြိုးတုပ်ပြီး၊ ဘတ် ၆ သိန်း တန်ဖိုးရှိတဲ့ လျှပ်စစ်ကေဘယ်ကြိုးတွေ ခိုးယူသွားတဲ့ မြန်မာ ၄ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ Khaosod English သတင်းမှာ ဇွန် ၇ ရက်က ဖော်ပြပါတယ်။

အခင်းဖြစ်ပွားရာနေရာက စီစီတီဗီ လုံခြုံရေးကင်မရာ မှတ်တမ်းတွေအရ ဇွန် ၄ ရက် မနက်အစောပိုင်း ၁ နာရီကျော်က လူအင်အား ၁၀ ယောက်ထက်မနည်းဟာ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲက ယာဉ်တစီးကို ဝိုင်းရံပိတ်ဆို့လိုက်ပြီး အဲဒီနေရာမှာရှိတဲ့ လုံခြုံရေးဝန်ထမ်းကို ဝိုင်းဝန်းတိုက်ခိုက်ကာ လက်တွေ ခြေထောက်တွေကို ကြိုးနဲ့ တုပ်နှောင်ခဲ့ကြပါတယ်။

အဲဒီနောက် သူတို့ဟာ အသစ်စက်စက် လျှပ်စစ်ကေဘယ်လ်ကြိုး အများအပြားကို အသင့်စောင့်ဆိုင်းနေတဲ့ ပစ်ကပ်ကား ၂ စီးပေါ် တင်ဆောင်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြတာလို့ ဆိုပါတယ်။

ဘန်ဘွန်မြို့နယ်နဲ့ ချွန်ပူရီခရိုင် ရဲတပ်ဖွဲ့ဝင်တွေဟာ တရားခံတွေ ထွက်ပြေးတဲ့ လမ်းကြောင်းတလျှောက်က စီစီတီဗီ လုံခြုံရေးကင်မရာတွေကို လိုက်လံစစ်ဆေးခဲ့ရာကနေ ဇွန် ၆ ရက် ညနေပိုင်းမှာတော့ သံသယဖြစ်ဖွယ် ပစ်ကပ်ကားတစီးကို   လယောင်းခရိုင်၊ ပလုခ်ဒေါင်မြို့နယ်အတွင်းမှာ တွေ့ရှိခဲ့ပြီးနောက် ဝင်ရောက်စီးနင်း ရှာဖွေခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေ လမ်းသွယ်ထဲကို ဝင်ရောက်သွားတဲ့အချိန်မှာပဲ စီစီတီဗီမှတ်တမ်းက ကားနံပါတ်နဲ့ ကိုက်ညီတဲ့ မီးခိုးရောင် အီဆူဇူးကားတစီးက သူတို့ဆီ မောင်းနှင်လာခဲ့တာကြောင့် ရဲတပ်ဖွဲ့က တားဆီးရှာဖွေခဲ့ရာမှာ ကားမောင်းသူနေရာမှာ အသက် ၃၄ နှစ်အရွယ် ရဲထွေးကို တွေ့ရှိခဲ့ပြီး သူ့ရဲ့ ချစ်သူရည်းစား၊ ရည်းစားရဲ့ ညီမတို့နဲ့အတူ ကလေးငယ်တယောက်ပါ ကားပေါ်မှာ အတူတကွ ဖမ်းဆီးရမိခဲ့ပါတယ်။

သူ့ကို စစ်ဆေးမေးမြန်းရာကနေတဆင့် ဒီရာဇဝတ်မှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် စိုင်းထက်အောင်၊ အသက် ၁၈ နှစ်အရွယ် ဝေယံ၊ အသက် ၃၄ နှစ်အရွယ် ရဲကိုလင်း တို့ကို ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးခံရသူ မြန်မာရွှေ့ပြောင်းလုပ်သား ၄ ယောက်လုံးက ဓားပြတိုက်မှုမှာ ပါဝင်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားကြပေမဲ့ ‘မောင်’ လို့သာ နာမည်သိရတဲ့ အဖွဲ့ခေါင်းဆောင်အပါအဝင် ကျန်ရှိနေတဲ့ အဖွဲ့ဝင်တချို့ကတော့ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

ဘန်ဘွန်ရဲစခန်းမှူး ရဲမှူးကြီး ခရစ်မာဆွတ်က အဆိုပါ မြန်မာဓားပြအဖွဲ့ဟာ အနီးအနားက ခလောင်ကီရို နောင်ယိုင်နဲ့ ပလုခ်ဒေါင် စတဲ့ နယ်မြေတွေအတွင်းမှာလည်း အလားတူ ကေဘယ်လ်ကြိုးခိုးယူမှု ဖြစ်စဉ်ပေါင်းများစွာနဲ့ ဆက်နွှယ်နေတယ်လို့ ယူဆရကြောင်းနဲ့ လွတ်မြောက်နေသူတွေကို ဆက်လက်ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

Source: Khaosod

ဆက်စပ်သတင်းများ

AI Curated
ထိုင်းလုံခြုံရေးဝန်ထမ်းကို တိုက်ခိုက်ပြီး ကေဘယ်လ်ကြိုးခိုးသည့် မြန်မာ ၄ ဦး ဖမ်းဆီးခံရ | YGN Daily