
AI Summary
ဆယ်စုနှစ်တစ်ခုကြာ အဆက်အသွယ်ပြတ်ခဲ့သော မိတ်ဆွေဟောင်း နာဂလူငယ် ဦးကျင်းဆောင်နှင့် စာရေးသူ ပြန်လည်ဆုံစည်းခဲ့သည်။ ဦးကျင်းဆောင်သည် နာဂဒေသရှိ အိန္ဒိယ-မြန်မာနယ်စပ်တွင် ခြံစည်းရိုးခတ်ခြင်းနှင့် ရိုးရာလမ်းကြောင်းများ ပိတ်ဆို့ခြင်းကို ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုတွင် ပါဝင်နေသူဖြစ်သည်။ အိန္ဒိယအစိုးရက လုံခြုံရေးနှင့် နယ်စပ်ကုန်သွယ်ရေးကို အကြောင်းပြကာ ခြံစည်းရိုးများ ခတ်ရန် စီစဉ်နေခြင်းဖြစ်ပြီး၊ ၎င်းသည် နယ်စပ်တစ်လျှောက်နေထိုင်သော နာဂတိုင်းရင်းသားများ၏ နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်သည့် မိသားစုဆက်ဆံရေးနှင့် လူမှုဘဝများကို ပြတ်တောက်စေမည်ဖြစ်သည်။ ဒေသခံ နာဂလူမျိုးများသည် ၎င်းတို့၏ ရိုးရာလမ်းကြောင်းများကို မပိတ်ဆို့ရန်နှင့် လွတ်လပ်စွာ သွားလာခွင့်ရရှိရန် အိန္ဒိယအစိုးရထံ ကန့်ကွက်စာများ ပေးပို့ကာ ဆန္ဒထုတ်ဖော် တောင်းဆိုလျက်ရှိသည်။ ဦးကျင်းဆောင်ကဲ့သို့သော နာဂခေါင်းဆောင်များသည် ၎င်းတို့၏ လူမျိုးနှင့် ဒေသ၏ အသက်သွေးကြောကို ကာကွယ်ရန် ရဲရဲဝံ့ဝံ့ ရပ်တည်နေကြပြီး၊ စာရေးသူကမူ နာဂသွေးချင်းတို့၏ သံယောဇဉ်ကို မည်သည့်အတားအဆီးနှင့်မျှ စည်းခြား၍ မရနိုင်ကြောင်း ယုံကြည်လျက်ရှိသည်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုက ရန်ကုန်မြို့ရဲ့ ညနေခင်းတခုမှာ လေအေးပေးစက်သံ တဝီဝီနဲ့ သတင်းစာတိုက်ရဲ့ သတင်းခန်းလေးတခုရှိခဲ့တယ်။ စားပွဲပေါ်မှာ ရှုပ်ပွနေတဲ့ စက္ကူတွေ၊ လက်ဖက်ရည်ခွက်တွေကြားထဲမှာ လူငယ်နှစ်ယောက် ဆုံစည်းခဲ့ကြဖူးတယ်။
တယောက်က စိမ်းလဲ့နေတဲ့ လယ်ကွင်းပြင်တွေနဲ့ မြစ်ဝကျွန်းပေါ် ဧရာဝတီသား၊ နောက်တယောက်ကတော့ တိမ်ပင်လယ်တွေ ဝေမှိုင်းနေတဲ့ တောင်တန်းတွေပေါ်က နာဂသွေးချင်း။
သူတို့နှစ်ယောက်ကြားမှာ ထူးဆန်းတဲ့ တူညီမှုလေးတခု ရှိခဲ့တယ်။ ဧရာဝတီသားက ကောက်ရိုးပုံအနံ့အကြောင်း၊ ညနေစောင်း နွားအုပ်တွေ ရွာအဝင် ဖုန်တထောင်းထောင်း ထတဲ့အကြောင်း ပြောရင် နာဂလူငယ်က မျက်လုံးလေးတောက်ပပြီး “ငါတို့ဆီမှာလည်း ဒီလိုပဲကွ” လို့ ဝမ်းသာအားရ တုံ့ပြန်တတ်တာမျိုး။
မြေပြန့်နဲ့ တောင်တန်းဆိုတာ မြေပုံပေါ်မှာတော့ တကယ့်ကို အဝေးကြီး။ တိုင်းရင်းသားအချင်းချင်း ဖြစ်ကြပေမဲ့လည်း အပြန်အလှန်အားဖြင့် တယောက်အကြောင်းတယောက် ဂဃနဏ သိခွင့်မရခဲ့ကြတဲ့ အရွယ်တွေပေါ့။
တရက်တော့ သတင်းစာ စာမျက်နှာပေါ်မှာ နာဂရိုးရာပွဲတော်အကြောင်း ရောင်စုံဓာတ်ပုံကြီးတပုံ ပါလာတယ်။ ပန်းရောင်၊ အနီရောင် ဝတ်စုံတွေ၊ အမွေးအတောင်တွေနဲ့ ခန့်ညားလှတဲ့ ပုံကိုကြည့်ပြီး ဧရာဝတီသားက စိတ်လှုပ်ရှားစွာနဲ့ မေးမိတယ်။
“ဟေ့လူ ဒါနာဂတွေရဲ့ ရိုးရာပွဲမဟုတ်လား။ တကယ်ကြီးကျယ်တာပဲ။ ပွဲတော်ရက်ကြီးကို ဘာလို့ အိမ်မပြန်တာလဲ။”
အဲ့ဒီမေးခွန်းက နာဂလူငယ်ရဲ့ ရင်ထဲက အလွမ်းမီးကို ဆတ်ခနဲ ဆွလိုက်သလိုပါပဲ။ သူက သက်ပြင်းတချက်ကို ခပ်ဖွဖွချရင်း စာမျက်နှာပေါ်က ပုံကို ငေးကြည့်ပြီး ပြောတယ်။
“ပြန်ချင်တာပေါ့၊ ရန်ကုန်ရောက်ကတည်းက တခါမှ မပြန်ဖြစ်သေးဘူး။ အခုလို ရိုးရာပွဲတော်ရက်မျိုးဆို မိသားစုတွေ၊ သူငယ်ချင်းတွေကို သိပ်သတိရတာ၊ သိပ်ပြန်ချင်တာပေါ့။”
အဲဒီညနေကစပြီး အိမ်ပြန်ချင်စိတ်တွေ တရိပ်ရိပ်တက်လာတဲ့ နာဂလူငယ်ဟာ တောင်တန်းတွေအကြောင်း၊ မြူခိုးတွေအကြောင်း၊ ဆောင်းညမှာ မီးဖိုပြီး ပြောလေ့ရှိတဲ့ ပုံပြင်တွေအကြောင်းကို တစိမ့်စိမ့် ပြောပြတယ်။ ဧရာဝတီသားကလည်း စားပွဲမှာ မေးတင်ပြီး တစိုက်မတ်မတ် နားထောင်ခဲ့တယ်။ နောက်ရက်တွေမှာလည်း “မင်းတို့ တောင်တန်းအကြောင်း ထပ်ပြောပြပါဦး” လို့ တောင်းဆိုရင်း သတင်းခန်းလေးထဲမှာ နာဂဒေသရဲ့ အလှတရားတွေ စီးဆင်းခဲ့ဖူးတယ်။
အချိန်တွေက မြစ်ရေလိုပဲ တရွေ့ရွေ့ စီးဆင်းသွားလိုက်တာ။ လောကဓံရဲ့ တွန်းပို့မှုတွေကြား သူတို့နှစ်ယောက်လည်း အဆက်အသွယ်ပြတ်ပြီး အဝေးကြီးကို ကွဲကွာသွားခဲ့ကြတယ်။
မကြာသေးခင်ကပဲ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “နာဂဒေသ နယ်စပ်ခြံစည်းရိုး” အကြောင်း သတင်းတပုဒ် တက်လာတယ်။ ဒီသတင်းမဖတ်မိခင် ရက်ပိုင်းကတည်းက စာပွဲပေါ်မှာ ဖတ်လက်စ စာအုပ်တအုပ် ရှိနေခဲ့တာ။ အဲဒါကတော့ ဆရာညီပုလေး ရေးသားတဲ့ “ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်” ဆိုတဲ့ စာအုပ်။ စာမျက်နှာတွေကို တရွက်ချင်း ဖတ်ရင်း နာဂတောင်တန်းတွေပေါ်မှာ ဘဝကို ပေးဆပ်သွားခဲ့တဲ့ ဆရာကြီး နာဂသိန်းလှိုင်ရဲ့ အကြောင်းအရာတွေက ရင်ကို ထိရှစေတယ်။
စာအုပ်ထဲက နာဂတောင်တန်းရဲ့ ချမ်းအေးလှတဲ့ ညတွေကို ခံစားမိနေတုန်းမှာပဲ စိတ်ကူးတွေက လွန်ခဲ့တဲ့ ၁၀ နှစ်က ရန်ကုန်မြို့ရဲ့ သတင်းခန်းလေးဆီကို တောင်ပံခတ် ပြန်ရောက်သွားမိတယ်။
သူ အခု ဘယ်မှာ ရှိနေမလဲ၊ အိမ်ပြန်ချင်လှပါပြီဆိုတဲ့ သူ့တောင်တန်းတွေဆီ သူ ပြန်ရောက်သွားနိုင်ခဲ့ပြီလား။
နယ်စပ်ခြံစည်းရိုးသတင်းနဲ့ စာအုပ်ထဲက နာဂတောင်တန်းပုံရိပ်တွေဟာ ဖြတ်သန်းခဲ့ဖူးတဲ့ လူငယ်ဘဝရဲ့ သံယောဇဉ်ကို ပြန်လည်နိုးထစေပြီး၊ တချိန်က သတင်းခန်းထဲမှာ ဆုံခဲ့ဖူးတဲ့ အဝေးက မိတ်ဆွေတယောက်ကို တမ်းတမ်းတတ သတိရစေပါတယ်။
နယ်စပ်ခြံစည်းရိုးမခပ်ဖို့၊ နယ်စပ်ဂိတ်တွေမပိတ်ဖို့၊ ဒေသခံတွေရဲ့ အသက်သွေးကြောကို မဖြတ်တောက်ပစ်ဖို့ လှုပ်ရှားတောင်းဆိုနေကြတဲ့ သတင်း။
အဲဒီလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ အမည်စာရင်းကို အမြန်လိုက်ဖတ်ရင်း “သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ” ဆိုတဲ့ နေရာမှာ ရေးထားတဲ့ နာမည်တခုဆီမှာ မျက်လုံးက ရုတ်တရက် ရပ်တန့်သွားခဲ့တယ်။
“ဦးကျင်းဆောင်” တဲ့။
ရင်ထဲမှာ ဆတ်ခနဲ ဖြစ်သွားပြီး ခေါင်းထဲမှာ လွန်ခဲ့တဲ့ ၁၀ နှစ်က ပုံရိပ်တွေ ရောပြွမ်းယှက်တင် ပေါ်လာတော့တာပဲ။ ခပ်မှိန်မှိန် သတင်းခန်းလေးထဲမှာ နာဂရိုးရာဝတ်စုံဓာတ်ပုံကို ကြည့်ပြီး အိမ်ပြန်ချင်တယ်လို့ ညည်းခဲ့တဲ့ ကောင်လေး၊ တောင်တန်းတွေအကြောင်း မျက်လုံးတောက်တောက်နဲ့ ပြောပြတတ်တဲ့ တချိန်က မိတ်ဆွေဟာ ဒီဦးကျင်းဆောင်များ ဖြစ်နေမလား။
အရွယ်ရလာလို့ နာမည်ရှေ့မှာ “ဦး” တပ်လိုက်ရပေမဲ့ ရင်ထဲက သွေးကတော့ နာဂတောင်တန်းတွေလိုပဲ နွေးထွေးခိုင်မာနေဆဲ လူတယောက်။ သေချာတယ်။ စိတ်ထဲက အလိုလို သိနေခဲ့တယ်။
မဆိုင်းမတွဘဲ နည်းလမ်းမျိုးစုံနဲ့ လိုက်ရှာပြီး အဆက်အသွယ် ရအောင် ကြိုးစားမိတယ်။ လူမှုကွန်ရက်စာမျက်နှာကနေ ပြန်ပြီးဆက်သွယ်မိကြတယ်။ အသံခပ်ဩဩကို ကြားလိုက်ရတဲ့အချိန်မှာပဲအချိန် ဆယ်စုနှစ်တခုဆိုတာ နှလုံးသားချင်း နီးစပ်သူတွေအတွက်တော့ စက္ကန့်ပိုင်းလောက်ပဲ ဝေးခဲ့တာပါလားလို့ ခံစားလိုက်ရတယ်။
“ဟုတ်ပါတယ်၊ ကျနော်ပါပဲ” ဆိုတဲ့ တုံ့ပြန်ချက်နောက်မှာ လှိုက်လှိုက်လှဲလှဲ ရယ်မောသံတွေ၊ သတိရခြင်းတွေ ကူးစက်လာခဲ့တယ်။
အဲဒီနောက်မှာတော့ သူနဲ့ကျနော် လူမှုကွန်ရက်ကနေ တစိမ့်စိမ့် စကားတွေ ပြောဖြစ်ကြတယ်။ သူကတော့ မပြောင်းလဲသေးပါဘူး။ အဓိက ပြောဖြစ်တာကတော့ အခုလတ်တလော ခြိမ်းခြောက်ခံနေရတဲ့ နယ်စပ်ခြံစည်းရိုးအကြောင်းနဲ့ မြူခိုးတွေဝေနေမယ့် ပတ်ကွိုင်တောင်တန်းကြီးအကြောင်း။
အရင်တုန်းကလိုပါပဲ သူကအားရပါးရ ပြောပြသူ၊ ကျနော်ကတော့ တောင်တန်းဆီကို စိတ်ကူးနဲ့ လိုက်ပါပြီး ငြိမ်သက်စွာ နားထောင်သူ။ တချိန်တုန်းက ရန်ကုန်မြို့ရဲ့ သတင်းခန်းလေးထဲမှာ နာဂဒေသအကြောင်း သူပဲ ပြောပြခဲ့တာ။ အခု ဆယ်နှစ်ကျော်အကြာ တိုင်းပြည်ရဲ့ တစိတ်တဒေသမှာ မြေပြင်သတင်းအချက်အလက်တွေနဲ့အတူ သူပဲ ပြန်ပြောပြနေပြန်တယ်။
သူ့နှုတ်ဖျားက ထွက်လာတဲ့ စကားလုံးတိုင်းဟာ စာအုပ်တွေထဲမှာ ရှာမတွေ့နိုင်တဲ့ သွေးနဲ့သားနဲ့ တည်ဆောက်ထားတဲ့ မြေပြင်အမှန်တရားတွေ။ နယ်စပ်မျဉ်းရဲ့ ဟိုဘက်ဒီဘက်မှာရှိတဲ့ သွေးချင်းတွေရဲ့ သံယောဇဉ်အကြောင်း၊ ခြံစည်းရိုးတခုက လူတွေကို ဘယ်လို ခွဲပစ်တော့မှာဆိုတဲ့ အကြောင်း၊ ပြီးတော့ ပတ်ကွိုင်တောင်တန်းကြီးရဲ့ ခန့်ညားထည်ဝါမှုတွေအကြောင်း။
သူပြောပြသမျှအရာအားလုံးဟာ သတင်းအချက်အလက်သက်သက် မဟုတ်ဘဲ စိတ်ဝင်စားစရာ အလွှာပေါင်းစုံ၊ ခံစားချက်ပေါင်းစုံနဲ့ ပြည့်နှက်လို့နေတယ်။ ကျနော့်အတွက်တော့ ဆရာညီပုလေးရဲ့ စာအုပ်ကို ဖတ်နေရသလိုမျိုးပဲ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်။
ဖုန်းလိုင်းရဲ့တဖက်မှာ မိတ်ဆွေဟောင်းကြီးရဲ့ အသံကို နားထောင်ရင်း စိတ်ထဲမှာတော့ ကြိတ်ပြီး ဆုတောင်းနေမိတယ်။ တောင်တန်းတွေကို ချစ်တဲ့၊ သူ့လူမျိုးကို ကာကွယ်ချင်တဲ့ အဲဒီနာဂလူငယ်ဟာ တနေ့မှာတော့ ခြံစည်းရိုးတွေ၊ အတားအဆီးတွေမရှိတဲ့ သူ့ရဲ့ ငြိမ်းချမ်းတဲ့ ပတ်ကွိုင်တောင်တန်းကြီးပေါ်ကနေ လွတ်လွတ်လပ်လပ် သွားလာနိုင်ပါစေတော့လို့။
ကျနော်တို့ နေ့ရောညပါ အမြဲလိုလို ကူးလူးသွားလာနေတဲ့ ဒီလမ်းတွေဆိုတာ နောက်ပိုင်းကျမှ နယ်စပ်ဂိတ်တွေဆိုပြီး သတ်မှတ်လာကြတာပါ။ ဂိတ်တွေဖွင့်၊ စည်းကမ်းတွေထုတ်ပြီးမှ သူတို့သတ်မှတ်ချက်တွေနဲ့ သွားလာဖို့ လုပ်လာကြတာ။
တကယ်တော့ ကျနော်တို့က ဒီနယ်စပ်ဂိတ်တွေကနေပဲ သွားလာနေကြတာ မဟုတ်ပါဘူး။ နယ်စပ်ဂိတ်အပြင် အနီးစပ်ဆုံး တောလမ်းတွေ၊ လမ်းကြောင်းတွေ အများကြီးရှိပါတယ်။
ဒီတောလမ်းတွေဆိုတာ အိန္ဒိယနိုင်ငံ အာရုဏာချာလ် (Arunachal) ပြည်နယ်ဘက်မှာရှိတဲ့ ကျနော်တို့ရဲ့ မိသားစုဝင်တွေဆီကို အမြန်ဆုံးနဲ့ အနီးစပ်ဆုံး ရောက်နိုင်မယ့် လမ်းကြောင်းတွေပါ။ မိသားစုချင်း ကူးလူးဆက်သွယ်ဖို့ နယ်စပ်ဖြတ်ကျော်လမ်းတွေ၊ တောလမ်းတွေက အများကြီး ရှိနေတာပါ။
အဲ့ဒီလမ်းတွေကနေပဲ သွားလာပြီး မိသားစုအရေးကိစ္စတွေကို ဆောင်ရွက်ကြတာ။ ဒီလို လမ်းကြောင်းတွေရှိနေလို့လည်း တရားဝင်ဂိတ်တွေကနေ မသွားကြတာပါ။ ဘာလို့လဲဆိုတော့ ဂိတ်ကနေသွားရင် စစ်ဆေးမေးမြန်းတာတွေ အရမ်းများတယ်၊ သွားလာခွင့် လူဦးရေကိုလည်း ကန့်သတ်ထားတာကိုး။ ဒါကြောင့်ပဲ အနီးစပ်ဆုံး လမ်းကြောင်းတွေကနေ သွားလာနေကြရတာပါ။
အခု နယ်စပ်ခြံစည်းရိုး ခတ်မယ်ဆိုတာက ဗီဒီယိုထဲမှာမြင်ရတဲ့ ဈေးရှိတဲ့နေရာကနေစပြီး ကျနော်တို့ ကူးလူးဆက်ဆံနေတဲ့ လမ်းကြောင်းမှန်သမျှကို အကုန်လုံး ပိတ်ပစ်ဖို့ လုပ်နေတာပါ။ အခု ရုပ်သံထဲမှာ မြင်တွေ့နေရတာက နာဂဒေသ အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်ပိတ်မဲ့အရေးကို နာဂဒေသခံတွေ မကျေနပ်လို့ ဆန္ဒထုတ်ဖော်နေကြတာဖြစ်ပြီး၊ ဒေသခံတယောက်က သူတို့ အမြဲသွားလာနေတဲ့ လမ်းကြောင်းတွေကို ပိတ်ဖို့ လုပ်နေတဲ့အကြောင်း နေရာတွေကို လက်ညှိုးထိုးပြပြီး ရှင်းပြနေတာ ဖြစ်ပါတယ်။ ဆန္ဒထုတ်ဖော်နေတဲ့ ရုပ်သံဖိုင်ကို သူကပဲအသေးစိတ် ပြန်ရှင်းပြပေးပါတယ်။ သူဆက်ပြောပြနေတာကိုပဲ နားထောင်နေမိတယ်။
အဓိကကတော့ ကျနော်တို့ဒေသမှာ အရမ်းထင်ရှားတဲ့ ပတ်ကွိုင်တောင်တန်းကြီး ရှိပါတယ်။ အခုက အဲ့ဒီ ပတ်ကွိုင်တောင်ကြောတကြောလုံးကို ခြံစည်းရိုးတွေ လိုက်ကာဖို့ လုပ်နေကြတာပါ။
အရင်တုန်းက နယ်စပ်မှတ်တိုင်တွေကို မြန်မာပြည်ဘက် တိုးပြီး စိုက်သွားတာမျိုးတွေ ရှိကောင်းရှိနိုင်ပေမဲ့၊ ဘယ်လောက်အထိ တိုးဝင်လာလဲဆိုတာကတော့ ကျနော့်လို သာမန်ပြည်သူတယောက်အနေနဲ့ အတိအကျ မသိနိုင်ပါဘူး။
ဒါပေမဲ့ မြန်မာပြည်ဘက်က ဌာနဆိုင်ရာ တာဝန်ရှိသူတွေ ပြောသံကြားရသလောက်တော့ အိန္ဒိယဘက်က မြန်မာပြည်ဘက်အထိ နယ်စပ်ခြံစည်းရိုးကို တိုးခတ်လာတာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။ အခုလည်း နယ်စပ်တလျှောက်မှာရှိတဲ့ ဒေသခံ နာဂတိုင်းရင်းသားတွေ အမြဲဝင်ထွက်သွားလာနေတဲ့ နေရာတွေ၊ လမ်းကြောင်းတွေကို မပိတ်ပစ်ဖို့အတွက် အိန္ဒိယအစိုးရဘက်ကို ကန့်ကွက်စာတွေ ပေးပို့ထားတာမျိုး ရှိတယ်လို့လည်း ကြားသိထားရပါတယ်။
တကယ်တော့ နယ်စပ်ဂိတ်တွေရှိတဲ့နေရာဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ လဟယ်၊ လေရှီး၊ နန်းယွန်း ဆိုတဲ့ မြို့နယ် (၃) ခုစလုံးနဲ့ သက်ဆိုင်နေတာပါ။ ဒီမြို့နယ် (၃) ခုစလုံးက အိန္ဒိယနိုင်ငံနဲ့ တိုက်ရိုက်ထိစပ်နေပြီး နယ်စပ်ထွက်ပေါက်တွေ အကုန်လုံးမှာ ရှိနေကြတာ ဖြစ်ပါတယ်။ လေရှီးဘက်မှာလည်း ရှိတယ်၊ လဟယ်ဘက်မှာလည်း ရှိတယ်၊ အခု ကျနော်တို့ နေထိုင်တဲ့ နန်းယွန်းမြို့နယ်မှာလည်း နယ်စပ်ဂိတ် ရှိပါတယ်။
ဒါကြောင့် အခု ကျနော်တို့ ဒေသခံတွေ စုပေါင်းပြီး ကန့်ကွက်လှုပ်ရှားနေကြတာဟာ တခြားမဟုတ်ပါဘူး။ လက်ရှိ ကျနော်တို့ ရင်ဆိုင်နေရတဲ့ နန်းယွန်းမြို့နယ်က နယ်စပ်ဂိတ်တလျှောက်မှာ ခြံစည်းရိုး လာခတ်မယ့်ကိစ္စကို အဓိကထားပြီး ကန့်ကွက် တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
တကယ်တော့ လဟယ်မြို့နယ်ဘက်မှာဆိုရင်လည်း နယ်စပ်ထွက်ပေါက်တွေ ရှိပါတယ်။ အဲ့ဒီဘက်က 'လုံဝါ' (Longwa) ဆိုတဲ့ ကျေးရွာလေးမှာဆိုရင် ထူးခြားဆန်းပြားပြီး သမိုင်းဝင်တဲ့ အိမ်ကြီးတအိမ် ရှိတယ်။ အဲ့ဒီအိမ်က အိန္ဒိယ-မြန်မာ နယ်စပ်မျဉ်းရဲ့ တည့်တည့်ပေါ်မှာ ဆောက်ထားတာ။ အိမ်ရဲ့တဝက်က မြန်မာပြည်ထဲမှာ၊ ကျန်တဲ့တဝက်က အိန္ဒိယပြည်ထဲမှာ။
ဒါကိုကြည့်ရင်ပဲ ကျနော်တို့ နာဂလူမျိုးတွေဟာ ဒီမြေဒီရေပေါ်မှာ နယ်နိမိတ်မျဉ်းတွေ မပေါ်ခင် ကတည်းက၊ ဟိုးယခင်ကတည်းက စည်းလုံးညီညွတ်စွာနဲ့ အတည်တကျ အမြစ်တွယ် နေထိုင်လာခဲ့ကြတာ ထင်ရှားပါတယ်။
ဒီလို ရိုးရာအစဉ်အလာနဲ့ နေထိုင်လာတဲ့ မြေပြင်ကို ခြံစည်းရိုးခတ်မယ်ဆိုတော့ ကျနော်တို့ ညီညွတ်သော တန်ရှန်နာဂကောင်စီ (United Tangshang Naga Council) အနေနဲ့ ငြိမ်ခံမနေဘဲ အိန္ဒိယဘက်ခြမ်းက အာသံရိုင်ဖယ်တပ်ဖွဲ့တွေဆီ သွားရောက်ပြီး မျက်နှာချင်းဆိုင် စကားပြောဆို ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ အဲ့ဒီလို သွားရောက်မေးမြန်းတဲ့အခါကျမှ သူတို့ဘက်က ဘာကြောင့် ခြံစည်းရိုးခတ်ရလဲဆိုတဲ့ အကြောင်းရင်းကို ထုတ်ပြောပါတယ်။
အဓိကကတော့ အိန္ဒိယ-မြန်မာနယ်စပ်က သမိုင်းဝင် လီဒိုလမ်းမကြီးကို ပြန်ဖွင့်ဖို့ အစီအစဉ်ရှိနေတာကြောင့်ပါတဲ့။ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို အကောင်အထည် ဖော်တော့မှာ ဖြစ်တဲ့အတွက် ပန်ဆောင်ဒေသမှာ တရားဝင် နယ်စပ်ဂိတ်ကြီးတခု လုပ်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
သူတို့ပြတဲ့ အကြောင်းပြချက်ကတော့ လုံခြုံရေးအရပေါ့ဗျာ။ လာမယ့် နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်ပျက်စီးစေမယ့် အကြောင်းရင်းတွေ ရှိလာနိုင်တာမို့ အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးအတွက် အခုလို ခြံစည်းရိုးခတ်ရတာပါလို့ သူတို့က အကြောင်းပြချက် ပေးပါတယ်။
အာသံရိုင်ဖယ် အရာရှိတွေနဲ့ တွေ့ဆုံစဉ်မှာ သူတို့ ထပ်ပြောတာကတော့ တရားမဝင် မှောင်ခိုရောင်းဝယ်မှုတွေ၊ မူးယစ်ဆေးဝါး ကိစ္စတွေနဲ့ နယ်စပ်ကုန်သွယ်ရေးကို နှောင့်ယှက်မယ့် အဖျက်အမှောက် လုပ်ငန်းတွေ ရှိလာနိုင်ခြေရှိလို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ခြံစည်းရိုးခတ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ သူတို့ပြောတဲ့ လုံခြုံရေးနဲ့ ကုန်သွယ်ရေး အကြောင်းပြချက်တွေရဲ့ နောက်ကွယ်မှာ နှစ်ပေါင်းများစွာ အေးအတူပူအမျှ နေလာခဲ့တဲ့ ကျနော်တို့ သွေးချင်းတွေရဲ့ လူမှုဘဝတွေ၊ မိသားစု သံယောဇဉ်တွေကတော့ အပိုင်းပိုင်းအပြတ်ပြတ် ခြံစည်းရိုးခတ် ခံလိုက်ရတော့မယ့် အခြေအနေ ဖြစ်နေရပါတယ်
နယ်စပ်ခြံစည်းရိုးတွေခတ်၊ ဂိတ်တွေအထပ်ထပ်ချဖို့ လုပ်နေကြတာပါ။ ဂိတ်တခုကို ဖြတ်ဖို့အတွက် လက်မှတ်တွေ တကူးတက ဖြတ်ရတယ်၊ စစ်ဆေးမေးမြန်းမှုတွေက သံသယမျက်လုံးတွေနဲ့ ပိုများလာတယ်။ သွားလာခွင့် လူဦးရေကိုလည်း စိတ်တိုင်းကျ ကန့်သတ်ပစ်လိုက်ပြီး အခုဆိုရင် ကိုယ့်သွေးချင်း၊ ကိုယ့်မိသားစုဆီ သွားဖို့ကိုတောင် ဘိုင်အိုစကန် (Bio-scan)တွေ အဖတ်ခံပြီးမှ သွားရတဲ့ ဘဝမျိုး ရောက်လာရပြီ။
ခေတ်အဆက်ဆက် ဘိုးဘွားဘီဘင်တွေ လက်ထက်ကတည်းက လွတ်လပ်စွာ အခြေချနေထိုင်ခဲ့တဲ့ ပတ်ကွိုင်တောကြောတခုလုံးကို နယ်စပ်ခြံစည်းရိုးတွေနဲ့ ကာရံပိတ်ဆို့တော့မယ်ဆိုတာ ကျနော်တို့ရဲ့ မိသားစုသံယောဇဉ်တွေ၊ နှလုံးသားတွေကို အပိုင်းပိုင်း ဖြတ်တောက်လိုက်တာနဲ့ အတူတူပါပဲ။
ဒါကြောင့်လည်း ကျနော်တို့က သူတပါးမြေကို လုယူနေတာ မဟုတ်ပါဘူး။ ဒီမြေဒီရေမှာ အခြေတည်ခဲ့တဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးအရ၊ ကျနော်တို့ မုချရသင့်ရထိုက်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခွင့်အရေးတွေကိုပဲ အိန္ဒိယအစိုးရဆီတောင်းဆို နေရခြင်း ဖြစ်ပါတယ်။
လူမှုကွန်ရက်ပေါ်ကနေ စီးဆင်းလာတဲ့ သူ့ရဲ့စကားသံတွေဟာ သတင်းစာတိုက်ရဲ့ သတင်းခန်းဟောင်းလေးထဲမှာ တုန်းကလိုပဲ အားရပါးရ ရှိနေဆဲပါ။ ဒီတကြိမ်မှာတော့ သူ့အသံထဲမှာ တောင်တန်းတွေရဲ့ လွတ်လပ်တဲ့ အလှတရားတွေအပြင်၊ မြေပြင်ရဲ့ ပူလောင်မှုနဲ့ လူမျိုးစုတခုလုံးရဲ့ ရင်ဆိုင်နေရတဲ့ သောကရိပ်တွေပါ ရောပြွမ်းလို့နေပါတယ်။
၁၀ နှစ်ကျော် ကာလတွေက ကောင်လေးတယောက်ရဲ့ အိမ်ပြန်ချင်စိတ်ကို အရှိန်မြှင့်ပေးခဲ့ဖူးတယ်။ အခုအချိန်မှာတော့ သူဟာ ကိုယ့်အိမ်ကိုယ့်ယာနဲ့ ကိုယ့်လူမျိုးရဲ့ အသက်သွေးကြောကို ကာကွယ်ဖို့ ရဲရဲဝံ့ဝံ့ မတ်တတ်ရပ်နေတဲ့ 'သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ' လူကြီးတယောက် ဖြစ်နေခဲ့ပါပြီ။
သူနဲ့စကားပြောပြီးနောက်မှာ စားပွဲပေါ်က ဆရာညီပုလေးရဲ့ စာအုပ်ကို ပြန်ကြည့်ရင်း ပတ်ကွိုင်တောင်တန်းကြီးဆီ စိတ်ကူးနဲ့ ငေးမောမိပြန်တယ်။ မြေပုံပေါ်က မျဉ်းကြောင်းတကြောင်း၊ နိုင်ငံရေးနဲ့ စစ်ရေးအကြောင်းပြချက် ခြံစည်းရိုးတခုက သူတို့ရဲ့ မြေပြင်ကို အပိုင်းပိုင်း ပိုင်းခြားပစ်ခဲ့ရင်ဆိုတဲ့ အတွေးဖြစ်ပေါ်လာတယ်။
မျိုးဆက်ပေါင်းများစွာ သွေးမကွဲခဲ့တဲ့ နာဂသွေးချင်းတွေရဲ့ မိသားစု သံယောဇဉ်ကိုတော့ ဘယ်အဆီးအတားနဲ့မှ လာပြီး စည်းခြားလို့ မရနိုင်ဘူးဆိုတာ ကျနော် အသေအချာ ယုံကြည်နေမိပါတယ်။ တောင်တန်းတွေကို ချစ်တဲ့၊ သူ့လူမျိုးကို ကာကွယ်ချင်တဲ့ သတင်းခန်းထဲက မိတ်ဆွေဟောင်းကြီး ဦးကျင်းဆောင်နဲ့ နာဂသွေးချင်းအားလုံး တနေ့မှာတော့ အတားအဆီးမဲ့တဲ့၊ သံသယကင်းတဲ့၊ ငြိမ်းချမ်းလှပတဲ့ ပတ်ကွိုင်တောင်တန်းကြီးပေါ်မှာ လွတ်လွတ်လပ်လပ် သွားလာနိုင်ကြပါစေလို့ အဝေးကနေ ဆုတောင်းနေမိပါတော့တယ်။ ။
တာပလု