တနင်္သာရီနှင့် ကရင်ပြည်နယ်မှ စစ်ဘေးရှောင်များ အမိုးအကာနှင့် ဆေးဝါး အကူအညီလိုအပ် - BUR.MIZZIMA.COM
politics||3 MIN READ

တနင်္သာရီနှင့် ကရင်ပြည်နယ်မှ စစ်ဘေးရှောင်များ အမိုးအကာနှင့် ဆေးဝါး အကူအညီလိုအပ် - BUR.MIZZIMA.COM

Back to News

AI Summary

တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများကြောင့် ဒေသခံစစ်ဘေးရှောင်များသည် မိုးသည်းထန်စွာရွာသွန်းမှုဒဏ်ကို ခံစားနေရပြီး အမိုးအကာနှင့် ဆေးဝါးအကူအညီများ အရေးတကြီး လိုအပ်လျက်ရှိသည်။ စစ်အုပ်စု၏ စစ်ကြောင်းထိုးမှုများနှင့် ဖမ်းဆီးနှိပ်စက်မှုများကို ကြောက်ရွံ့၍ လောင်းလုံးမြို့နယ်နှင့် မောတောင်ဒေသမှ ထောင်နှင့်ချီသော ပြည်သူများအပြင် ကရင်ပြည်နယ်၊ ဝေါလေ၊ ဖာပွန်နှင့် လေးကေစခန်းအနီးမှ ဒေသခံများပါ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည်။ မိုးတွင်းကာလဖြစ်၍ အမိုးအကာမလုံလောက်ခြင်းကြောင့် ဖျားနာခြင်း၊ ယားနာဖြစ်ခြင်း (အထူးသဖြင့် ကလေးများ)၊ ဆေးဝါးနှင့် ရိက္ခာပြတ်လပ်ခြင်း၊ ဝင်ငွေမရှိခြင်းစသည့် အခက်အခဲများစွာ ကြုံတွေ့နေရသည်။ ထို့ပြင် စစ်အုပ်စု၏ မြေပြင်လမ်းကြောင်း ပိတ်ဆို့မှုများကြောင့် အကူအညီများ ရရှိရန်လည်း ခက်ခဲလျက်ရှိသည်။ လက်ရှိတွင် စစ်ဘေးရှောင်များသည် နေရပ်မပြန်နိုင်သေးဘဲ တောတောင်များအတွင်း ခိုလှုံနေကြရဆဲဖြစ်ပြီး အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်။

YT

မဇ္ဈိမ။ ။ တိုက်ပွဲများနှင့် တင်းမာနေသည့် စစ်ရေးအခြေအနေများကြောင့် တနင်္သာရီတိုင်းအတွင်းနှင့် ကရင်ပြည်နယ်က စစ်ဘေးရှောင်များအတွက် အမိုးအကာများနှင့် ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်များအရ သိရသည်။

လက်ရှိ၌ မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် ရက်ဆက်မိုးရွာသွန်းမှုများ ရှိနေသည်။

ထိုသို့ မိုးရွာသွန်းမှုများကြောင့် တော၊ တောင်များအတွင်း စစ်ဘေးတိမ်းရှောင်နေကြသူများအတွက် အကူအညီများ လိုအပ်နေခြင်းဟု သိရသည်။

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်စစ်ကြောင်းများကြောင့် လောင်းလုံးမြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ကျေးရွာအုပ်စု ရှစ်ခုခန့်က ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရသလို မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်အုပ်စုတပ်၏ ဖမ်းဆီး၊ နှိပ်စက်မှုဒဏ်များကို ကြောက်ရွံ့၍ ဒေသခံပြည်သူ ၂,၀၀၀ ဝန်းကျင်သည်လည်း နေရပ်မပြန်နိုင်သေးဘဲ တောတောင်များအတွင်း နေနေကြရသည်။

“ အခုက မိုးရွာတော့ အမိုးအကာတွေ အဓိကလိုတယ်။ အမိုးအကာ မလုံလောက်တော့ ဖျားကြ နာကြတယ်၊ ယားနာတွေဖြစ်ကြတယ်။ အထူးသဖြင့် ကလေးတွေပေါ့။ အဲ့ဒီအတွက် ဆေးဝါးတွေလည်း လိုနေတယ်” ဟု မောတောင် သတင်းရင်းမြစ်တရပ်က ပြောသည်။

၎င်း၏ ပြောကြားချက်အရ စစ်ဘေးရှောင်များအတွက် ရိက္ခာအခက်အခဲများ မြင့်တက်နေကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ် ထိုင်း- မြန်မာနယ်စပ် ဝေါလေဗျူဟာနှင့် ဖာပွန်ဗျူဟာ တိုက်ပွဲများ၊ မွန်ပြည်နယ် ဘီးလင်းမြို့နယ် လေးကေစခန်း၌ ပြန်လည်နေရာယူထားသည့် စစ်အုပ်စုတပ်ကို ကြောက်ရွံ့၍ နေရပ်မပြန်နိုင်သေးသည့် ဒေသခံများအတွက်လည်း မိုးတွင်းကာလ အမိုးအကာများနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများစွာ လိုအပ်လျက်ရှိသည်။

“ အခုက တောင်ယာတွေ စိုက်ကြ၊ ပျိုးကြရမယ့်အချိန်ကြီး ပြေးကြ လွှားကြနေရတော့ ဝင်ငွေလည်းမရှိ၊ အကူအညီကလည်း လက်လှမ်းမမှီကြတာနဲ့ တော်တော်ခက်ခဲနေကြတယ်” ဟု ကရင်ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

“ ပြန်မရဘူးဆိုတာထက် မပြန်ရဲသေးတာပေါ့။ သူတို့က ရွာထဲမှာ နေနေတယ်ဆိုတော့ ရွာသားတွေ ဘာတွေ နားလည်တာ မဟုတ်ဘူး လုပ်ချင်သလိုလုပ်မှာဆိုတော့ မပြန်ရဲဘူး” ဟု လေးကေရွာခံ တဦးကလည်း ပြောသည်။

အမိုးအကာနှင့် ကျန်းမာရေးကုသမှုများသာမက စစ်အုပ်စု၏ မြေပြင်လမ်းကြောင်း ပိတ်ဆို့ဖမ်းဆီးမှုများကြောင့် ရိက္ခာအကူအညီများလည်း မြင့်တက်လျက်ရှိကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)

ဆက်စပ်သတင်းများ

AI Curated
တနင်္သာရီနှင့် ကရင်ပြည်နယ်မှ စစ်ဘေးရှောင်များ အမိုးအကာနှင့် ဆေးဝါး အကူအညီလိုအပ် - BUR.MIZZIMA.COM | YGN Daily