
အပစ်ရပ်ဆွေးနွေးဖက် မွန်ပြည်သစ်ထိန်းချုပ်နယ်မြေကို စစ်တပ်ဗုံးကြဲ
AI Summary
မွန်ပြည်နယ် ရေးမြို့နယ်ရှိ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်ဟောင်းများ နေထိုင်ရာ ရေးချောင်းဖျားဒေသကို စစ်တပ်က ဇွန်လ ၁၈ ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် လူနေအိမ် ငါးလုံးထက်မနည်း ပျက်စီးခဲ့ရသော်လည်း ဒေသခံများမှာ ကြိုတင်ရှောင်တိမ်းနေထိုင်ကြသဖြင့် လူထိခိုက်သေဆုံးမှု မရှိခဲ့ပေ။ စစ်တပ်အနေဖြင့် ဒေသတွင်းရှိ တော်လှန်ရေးအင်အားစုများကို သတိပေးလိုသည့်အတွက် ယခုကဲ့သို့ တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိသည်။ လက်ရှိတွင် မွန်ပြည်သစ်ပါတီဘက်မှ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ထင်ရှားသော ပြောကြားချက်များ
"လူထိခိုက်မှုမရှိပါဘူး။ အရင်က အဲဒီဒေသထဲက ရေးဘီလူးတို့ စခန်း ဗုံးကြဲခံရတဲ့အခါကျတော့ ရွာသားတွေက မအိပ်ကြဘူး။ ရှောင်နေတဲ့အခါမှာ ဘယ်သူမှမထိကြဘူး"
"စစ်တပ်က သူတို့ကို သတိပေးတဲ့ပုံစံထင်တယ်။ ငါတို့ကို လုပ်ရင် ဒီလိုပြန်လုပ်မယ်ဆိုတာမျိုးပေါ့"
အာဏာသိမ်းစစ်တပ်နှင့် အပစ်ရပ်ထားပြီး ပုံမှန်ဆက်ဆံရေး ထူထောင်ထားသည့် မွန်ပြည်သစ်ပါတီ (NMSP) တပ်ဖွဲ့ဝင်ဟောင်းများ၏ နေအိမ်များကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူနေအိမ် ငါးလုံးထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ် အချို့ထံက သိရသည်။
ယမန်နေ့ (ဇွန်လ ၁၈ ရက်) တွင် စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကို ခံခဲ့ရသည့် အဆိုပါ နေအိမ်များသည် မွန်ပြည်နယ် ရေးမြို့နယ်အရှေ့တောင်ဘက် ရေးချောင်းဖျားဒေသ၌ ရှိသည်။
မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်ရေးတွင် ပါဝင်ကူညီဆောင်ရွက်ပေးသည့် နိပွန်ဖောင်ဒေးရှင်းက အဆိုပါ နေအိမ်များကို ၂၀၁၈ ခုနှစ်နောက်ပိုင်းတွင် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒေသခံများက “ချောင်းနှစ်ခွ ၊ ၇၅ အိမ်” ဟု ခေါ်ဆိုကြပြီး အဆိုပါနေရာ၌ လူနေအိမ် ၇၀ ကျော်ရှိသည်။
ယင်းနေရာတွင် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်ဟောင်းများနှင့် မိသားစုဝင်များအပါအဝင် စစ်ရှောင်များ နေထိုင်ကြကြောင်း၊ စစ်တပ်ဗုံးကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့သော်လည်း လူထိခိုက်သေဆုံးမှုမရှိကြောင်း မွန်လူမျိုးသတင်းရင်းမြစ်အမျိုးသားတစ်ဦးက ပြောသည်။
“လူထိခိုက်မှုမရှိပါဘူး။ အရင်က အဲဒီဒေသထဲက ရေးဘီလူးတို့ စခန်း ဗုံးကြဲခံရတဲ့အခါကျတော့ ရွာသားတွေက မအိပ်ကြဘူး။ ရှောင်နေတဲ့အခါမှာ ဘယ်သူမှမထိကြဘူး” ဟုဆိုသည်။
မွန်ပြည်သစ်ပါတီ (NMSP) သည် ၂၀၂၁ အာဏာသိမ်းပြီးချိန်တွင် စစ်တပ်ကိုတိုက်ခိုက်ခြင်းမရှိသည့် လူမျိုးစုလက်နက်ကိုင်များထဲမှ တစ်ဖွဲ့ဖြစ်ပြီး စစ်တပ်နှင့်ပုံမှန်ဆက်ဆံရေးထူထောင်ထားသည်။
တစ်ဖက်တွင်မူ စစ်တပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသော ရေးဘီလူးအဖွဲ့၏ ရေးချောင်းဖျားဒေသရှိ စခန်းတစ်ခုကို မကြာသေးသည့် မေလ ၂၇ ရက်တွင် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရေးဘီလူးအဖွဲ့ဝင် အနည်းဆုံး ၁၀ ဦးသေဆုံးခဲ့သည်။
အဆိုပါဖြစ်စဉ်ပြီးနောက် ရေးချောင်းဖျားဒေသတွင် ဒေသခံများသည် ညအချိန်နေအိမ်၌ မအိပ်ရဲဘဲ ဘေးလွတ်မည်ထင်သည့်နေရာသို့ ရှောင်တိမ်းနေထိုင်ခဲ့ကြသဖြင့် ယခုတစ်ကြိမ်ဗုံးကြဲခံရသောအခါ အသက်ဘေးကလွတ်မြောက်ကြခြင်းဖြစ်ကြောင်း မွန်လူမျိုးသတင်းရင်းမြစ်အချို့၏ ပြောပြချက်အရသိရသည်။
၁၉၅၈ ခုနှစ် ကတည်းကတည်ထောင်ခဲ့သည့် သက်တမ်းရင့်မွန်တော်လှန်ရေးတပ်ဖြစ်သည့် မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်များဖြင့်ဖွဲ့ထားသည့် 7 EAO Alliance (မဟာမိတ်ခုနစ်ဖွဲ့) အဖွဲ့တွင်ပါဝင်ထားပြီး အဆိုပါအဖွဲ့မှတဆင့် ၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် ဆွေးနွေးမှုများ ဆက်ရှိနေသည်။
အာဏာသိမ်းစစ်ကောင်စီနှင့် ဆက်ဆံရေးကြောင့် အဖွဲ့အတွင်းသဘောထားကွဲလွဲခဲ့ပြီးနောက် တပ်ဖွဲ့ဝင်အချို့သည် မွန်ပြည်သစ်ပါတီ (NMSP) မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ခွဲထွက်ခဲ့ကြသည်။
ခွဲထွက်လာသူများက ‘မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD’ ဟုအမည်ပေးခဲ့သည်။ အဆိုပါတပ်ဖွဲ့သစ်သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့်မဟာမိတ်ဖွဲ့ရန် သဘောတူထားသည်။
မွန်ပြည်သစ်ပါတီ (NMSP) မူရင်းအဖွဲ့ သည် စစ်တပ်နှင့်ဆွေးနွေးနေသော်လည်း ရေးချောင်းဖျားဒေသတွင် စစ်တပ်ကိုတိုက်နေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်ဖွဲ့ဝင်များအပါအဝင် တော်လှန်ရေးတပ်များ ဝင်ထွက်သွားလာမှုများ ခွင့်ပြုထားသည့်အခြေအနေရှိကြောင်း ရေးချောင်းဖျားဒေသအခြေအနေသိသည့် နယ်စပ်အခြေစိုက် မွန်လူမျိုးသတင်းထောက်တစ်ဦးက ပြောသည်။
၎င်းက “ရေးဘီလူး နေတဲ့ဒေသဆိုတော့ တချို့ စစ်တပ်သတင်းပေးတွေက သတင်းပေးတာကြောင့်ဖြစ်နိုင်တယ်။ နောက်တစ်ခုက မွန်ပြည်သစ် NCA နဲ့ မွန်ပြည်သစ် AD နဲ့ပေါ့။ သူတို့ နှစ်ဖွဲ့ကတော့ ပါးစပ်ကတော့ ဆက်စပ်မှုမရှိဘူး ဘာညာပြောတာပေါ့။ ပြီးခဲ့တဲ့ နှစ်ပတ်က မွန်ပြည်သစ်ပါတီ AD က ကော့ကရိတ်မြို့နယ် ကော့ဘိန်းရွာဘက်က ကာကင်းစခန်းတစ်ခုကို ဝင်စီးခဲ့တာရှိတယ်။ မွန်ပြည်သစ် AD ကတော့ သတင်းမထုတ်ဘူး။ စစ်တပ်ကတော့ သူတို့လို့ပဲ ထင်ကောင်းထင်မယ်။ စစ်တပ်က သူတို့ကို သတိပေးတဲ့ပုံစံထင်တယ်။ ငါတို့ကို လုပ်ရင် ဒီလိုပြန်လုပ်မယ်ဆိုတာမျိုးပေါ့” ဟု မှတ်ချက်ပေးသည်။
မွန်ပြည်သစ်ပါတီ (NMSP) မူရင်းအဖွဲ့ဘက်ကမူ နယ်မြေတွင်း လူနေအိမ်များ ဗုံးကြဲခံရမှုနှင့် ပတ်သက်၍ တရားဝင် သတင်းထုတ်ပြန်လာခြင်းမရှိသေးပေ။