
AI Summary
ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီ (UKSC) က ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကူကီးလူမျိုးတို့၏ သမိုင်းဝင်ဘိုးဘွားပိုင်နယ်မြေများကို ထည့်သွင်းတောင်းဆိုနေမှုအပေါ် ဇွန်လ ၇ ရက်နေ့တွင် ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အာဏာသိမ်းစစ်အာဏာရှင်တပ်နှင့် ရှမ်းနီအဖွဲ့တို့ ဆွေးနွေးရာတွင် ဟုမ္မလင်း၊ ခန္တီး၊ ကလေးနှင့် တမူးဒေသများကို ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးရန် ထည့်သွင်းဆွေးနွေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ ကန့်ကွက်ရခြင်းဖြစ်သည်။ အဆိုပါဒေသများတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော ကူကီးလူမျိုးတို့၏ သမိုင်းဝင်နယ်မြေများကို အခြားလူမျိုးတစ်မျိုး၏ ပိုင်နက်အောက် အတင်းအဓမ္မ ထည့်သွင်းခြင်းကို UKSC က လုံးဝလက်ခံမည်မဟုတ်ကြောင်း တုံ့ပြန်ခဲ့သည်။ UKSC က ကိုလိုနီခေတ် သွေးခွဲအုပ်ချုပ်မှုနှင့် ၁၉၆၇ ခုနှစ် ခါတော်မီစစ်ဆင်ရေးတို့ကြောင့် ကူကီးလူမျိုးများ ခံစားခဲ့ရသည့် သမိုင်းဝင်မတရားမှုများကိုလည်း ထောက်ပြခဲ့သည်။ UKSC အနေဖြင့် အိမ်နီးချင်း ရှမ်းနီ၊ နာဂ တိုင်းရင်းသားများနှင့် ပဋိပက္ခမဖြစ်စေဘဲ "အပြန်အလှန် အသိအမှတ်ပြုရေး" မူဝါဒအတိုင်း ဥပဒေဘောင်အတွင်းမှ "ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ကူကီးအမျိုးသားပြည်နယ်" ထူထောင်ခွင့်ရရှိရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက်ဆွေးနွေးညှိနှိုင်းသွားမည်ဟု ထုတ်ပြန်ထားသည်။

ကူကီးလူမျိုးတို့ရဲ့ သမိုင်းဝင် ဘိုးဘွားပိုင်နယ်မြေတွေကို ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းတောင်းဆိုနေမှုအပေါ် ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီ (UKSC) က ဇွန်လ ၇ ရက်မှာ ကြေညာချက်ထုတ်ပြီး ကန့်ကွက်လိုက်ပါတယ်။
အာဏာသိမ်းစစ်အာဏာရှင်တပ်နဲ့ ရှမ်းနီအဖွဲ့တို့ ဆွေးနွေးရာမှာ ဟုမ္မလင်း၊ ခန္တီး၊ ကလေးနဲ့ တမူး ဒေသတွေကို ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးဖို့ ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
ဒါကြောင့် အဆိုပါဒေသတွေမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ ကူကီးလူမျိုးတွေရဲ့ သမိုင်းဝင်နယ်မြေတွေကို တခြားလူမျိုးတမျိုးရဲ့ ပိုင်နက်အောက် အတင်းအဓမ္မ ထည့်သွင်းတာကို လုံးဝလက်ခံမှာမဟုတ်ကြောင်း UKSC က တုံ့ပြန်လာတာ ဖြစ်ပါတယ်။
UKSC ရဲ့ ထုတ်ပြန်ချက်မှာ ကိုလိုနီခေတ် “သွေးခွဲအုပ်ချုပ်ခြင်း” မူဝါဒတွေကြောင့် ကူကီးနယ်မြေတွေ အစိတ်စိတ်အမြွှာမြွှာ ခွဲခြားခံခဲ့ရသလို၊ ၁၉၆၇ ခုနှစ်ကလည်း “ခါတော်မီစစ်ဆင်ရေး” ကြောင့် ကူကီးရွာပေါင်း ၄၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး လူဦးရေ ၂၀,၀၀၀ ကျော် အဓမ္မ ပြည်နှင်ဒဏ်ပေးခံခဲ့ရတဲ့ သမိုင်းဝင် မတရားမှုတွေ ရှိခဲ့တယ်လို့ ထောက်ပြပါတယ်။
UKSC အနေနဲ့ အိမ်နီးချင်း ရှမ်းနီ၊ နာဂ တိုင်းရင်းသားညီအစ်ကိုတွေနဲ့ ပဋိပက္ခမဖြစ်စေဘဲ “အပြန်အလှန် အသိအမှတ်ပြုရေး” မူဝါဒအတိုင်း ဥပဒေဘောင်အတွင်းကနေ “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ကူကီးအမျိုးသားပြည်နယ်” ထူထောင်ခွင့်ရရှိရေးကိုပဲ နိုင်ငံရေး နည်းလမ်းနဲ့ ပွင့်လင်းစွာ ဆက်လက်ဆွေးနွေး ညှိနှိုင်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။