
AI Summary
မေလ ၂၂ ရက်နေ့တွင် မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်ရှိ တပြင်းရွာအနီးသို့ စစ်တပ်စစ်ကြောင်း ရောက်ရှိလာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ထိုသို့တိမ်းရှောင်စဉ် CDM ကျောင်းဆရာ ဦးမျိုးမင်းကျော်သည် စစ်တပ်နှင့်ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးခံရကာ စကားပြောစက်တွေ့ရှိမှုကြောင့် လက်နက်ကိုင်ဟု သံသယဖြင့် သတ်ဖြတ်ခံခဲ့ရသည်။ စစ်တပ်သည် အရပ်သား ၅၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး ဦးမျိုးမင်းကျော်အပါအဝင် ၆ ဦးကို သတ်ဖြတ်ခဲ့ရာတွင် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးနှင့် သံဃာတစ်ပါးလည်း ပါဝင်သည်။ ယောဒေသအတွက် လူတော်လူကောင်းတစ်ဦး ဆုံးရှုံးရခြင်းဖြစ်ပြီး ၎င်း၏မိသားစုမှာလည်း ကြီးမားစွာ ထိခိုက်နစ်နာခဲ့ရသည်။ လက်ရှိတွင် ဦးမျိုးမင်းကျော်၏ ရုပ်အလောင်းကို သယ်ယူနိုင်ခြင်းမရှိသေးဘဲ စစ်တပ်စစ်ကြောင်းများ ဆောနယ်တွင် အင်အား ၁၅၀၀ ခန့်ဖြင့် ဆက်လက်လှုပ်ရှားနေဆဲဖြစ်သည်။
မေလလယ်ဖြစ်သော်လည်း ယခုနှစ်တွင် မကွေးတိုင်းအနောက်ဘက် ယောနယ်တဝိုက်သည် မိုးကောင်းသည့် နေ့ရက်များဖြစ်သည်။ မိုးဦးစောသော်လည်း ဒေသခံတို့အတွက် စိုက်ပျိုးရန်ထက် စစ်တပ်ဘေးက လွတ်မြောက်ရေးအသက်လုရင်း မိုးထဲလေထဲပြေးလွှားရန် ပြင်ဆင်နေကြရသည်။
မေလ ၂၂ ရက်တွင် ပေါက်မြို့အခြေစိုက် စစ်တပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၂၄ မှထွက်လာသည့် စစ်သားများ ရွာနှင့်လေးမိုင်ခန့်သာဝေးသည့် ပုံတောင်ပုံညာ တောင်ခြေအနီး ကျောက်တံခါးရွာအနီးသို့ ရောက်နေပြီဆိုသည့် သတင်းကြောင့် ဆောမြို့နယ်ထဲမှ မင်းတပ်-ပခုက္ကူကားလမ်းပေါ်ရှိ တပြင်းရွာခံများ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
စစ်တပ် အာဏာမသိမ်းခင်က တပြင်းရွာစာသင်ကျောင်းတွင် ရူပဗေဒသင်ကြားခဲ့သည့် အထက်တန်းပြကျောင်းဆရာဦးမျိုးမင်းကျော်နှင့် သူ၏မိသားစုသည်လည်း ရွာခံများနည်းတူ စစ်တပ်လက်မှထွက်ပြေးရန် ကြိုးစားခဲ့ကြသည်။
စစ်တပ် ရန်ကြောင့် တိမ်းရှောင်ခဲ့ကြပြီး အသက် ၃၉ နှစ်အရွယ် CDM ကျောင်းဆရာ ဦးမျိုးမင်းကျော်မှာ မေလ ၂၂ ရက်နေ့က အနီးဝန်းကျင်ရှိ စစ်ရှောင်တဲသို့အသွား စစ်တပ်နှင့် ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးခံလိုက်ရသည်ဟု မျက်မြင်များက ဆိုသည်။
စစ်တပ်ဖမ်းဆီးမိစဉ် CDM ကျောင်းဆရာထံတွင် စကားပြောစက်ကို ရှာတွေ့သွားသည်။ ယင်းနောက် ကျောင်းဆရာအား ဒေသတွင်းလက်နက်ကိုင်ဟု သံသယဝင်ပြီး လက်ပြန်ကြိုးတုပ်ခေါ်သွားကြောင်း မျက်မြင်တွေ့ရှိခဲ့သူကို ကိုးကားပြီး ၎င်း၏ မိတ်ဆွေက ပြန်ပြောပြသည်။
စာသင်ကျောင်းပါမချန်ဗုံးကြဲနေသည့်စစ်တပ်အန္တရာယ်ကြောင့် လေကြောင်းသတင်းသိရှိနိုင်ရန် ကိုင်ဆောင်ထားရသည့် စကားပြောစက်ဖြစ်သည်ဟု သူကဆိုသည်။ စစ်ကြောင်းနှင့်အတူဖမ်းဆီး ခေါ်ဆောင်သွားသည့် မေ ၂၂ ရက်နေ့တွင်ပင် ပုံညာတောင်ခြေနှင့် တောတိုက်အနီးကြား လမ်းခုလတ်၌ သတ်ဖြတ်ခံခဲ့ရသည်။
ထိုနေ့တွင် စစ်တပ်က အရပ်သား ၅၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး၊ ပြန်လွတ်လာသူများ၏ အဆိုအရ CDM ကျောင်းဆရာဦးမျိုးမင်းကျော်သတ်ဖြတ်ခံလိုက်ရသည်ကို သိရှိခဲ့ကြခြင်းဖြစ်သည်ဟု ၎င်း၏မိတ်ဆွေကဆိုသည်။
စစ်တပ်သည် နောက်ထပ်အရပ်သား ငါးဦးကိုလည်း ထပ်မံသတ်ဖြတ်ခဲ့သည်ဟုလည်း ဒေသခံများကဆိုကြသည်။ အသတ်ခံခဲ့ရသူများအနက် တပြင်းရွာထဲတွင် ကျန်ရစ်နေသည့် စိတ်ကျန်းမာရေးမကောင်းသူ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးအပါအဝင် သံဃာတစ်ပါးလည်း ပါဝင်သည်။ ကျန်သတ်ဖြတ်ခံရသူများနှင့် ပတ်သက်သည့် အသေးစိတ်အချက်များကို သိရနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။
CDM ကျောင်းဆရာဦးမျိုးမင်းကျော်သည် စာသင်ကောင်းပြီး လူချစ်လူခင်များသည့် ကျောင်းဆရာဖြစ်ကြောင်း ၎င်း၏မိတ်ဆွေကပြောသည်။
သူ၏ဇနီးသည်မှာလည်း ကျောင်းဆရာမဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်ဦးလုံး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏အစီအစဉ်ဖြင့် ကျောင်းသားများကို စာဆက်သင်ပေးနေသည်ဟုဆိုသည်။
“ယောဒေသလွတ်မြောက်ချင်တယ်။ ယောဒေသစည်းလုံးချင်တယ်။ သူ့ရွာက ကလေးတွေကို (NUG ပညာရေး) G-12 ပြီးသွားရင်တောင် ဆက်မျှော်မှန်းလို့ရတဲ့ပညာရေးမျိုးကို သူရှာဖွေပြီး ချိတ်ဆက်မှုတွေ အခုထိလုပ်ပေးနေ တယ်။ သူ့စိတ်ထဲမှာအခုထိ ရှိနေတာကတော့ ယောဒေသ လွတ်မြောက်ဖို့ကို သူတတ်နိုင်တဲ့နေရာ ကနေအလုပ်လုပ်နေရင်း ကျဆုံးသွားတယ်” ဟုဆိုသည်။
စိတ်ရှည်သည်းခံပြီး မိတ်ဆွေများအပေါ် အားနာစိတ်ကြီးသူ၊ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချတတ်ပြီး အလုပ်ပြီး မြောက်အောင်လုပ်ကိုင်နိုင်သည့် လူတော်လူကောင်းတစ်ယောက်ဖြစ်ကြောင်း သူ့မိတ်ဆွေများက ပြန်ပြောင်းပြောပြသည်။
ဆရာ ဦးမျိုးမင်းကျော်ကို ဆုံးရှုံးလိုက်ရခြင်းသည် လူမမည်ကလေးငယ်ကျန်ရစ်သည့် မိသားစုအတွက်အပြင် ယောဒေသအတွက်ပါ ကြီးမားသည့် ဆုံးရှုံးမှုတစ်ခုဟု နှမြောတသစွာဖြင့်ဆိုသည်။
“ သူ့ကိုပဲအားကိုးနေကြရတဲ့ မိသားစုအတွက် ထိခိုက်မှုက ရုပ်ပိုင်းဆိုင်ရာအတွက်ရော၊ စိတ်ပိုင်းဆိုင်ရာ အတွက်ရောကြီးပါတယ်။ ကျွန်တော်ကတော့ သူ့သားလေးကိုပဲမျက်စိထဲမှာမြင်ယောင်နေပါတယ်။ သူ့ကလေးက အဖေကိုသိပ်ချစ်တာပါ။ ကျွန်တော်တို့အတွက်တော့ရခဲလှတဲ့ မိတ်ဆွေကောင်း တစ်ယောက်ကို ဆုံးရှုံးရတယ်။ ယောဒေသအဖို့ လူတော်လူကောင်းတစ်ယောက်ကို ဆုံးရှုံးရတယ်။ လူငယ်တွေအတွက် စံနမူနာပြစရာ ဆရာတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာပါ”ဟု ယောဒေသမှ ၎င်း၏ မိတ်ဆွေကျောင်းဆရာတစ်ဦးက ဆိုသည်။
လက်ရှိအချိန်ထိလည်း စစ်တပ်စစ်ကြောင်းများသည် တပြင်းကျေးရွာအနီးတွင် ရှိနေဆဲဖြစ်သည့်အတွက် ရုပ်အလောင်းကို ကောက်ယူနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်းသိရသည်။
“ဆရာကျော်အသတ်ခံရတာ(မေလ ၂၂ ရက်တွင် သတ်ဖြတ်ခံရ) မနက်ဖြန်ဆို ၇ ရက်ပြည့်ပြီ။ အခုထိအလောင်း သယ်လို့မရသေးဘူး။ သူ့မိသားစုလည်းတောထဲမှာပဲစစ်ရှောင်နေရတုန်း။ ဆွမ်းသွပ်ဖို့တောင်အဆင်မပြေနိုင်ဘူး” ဟု၎င်း၏မိတ်ဆွေကဆိုသည်။
ချင်းနှင့် ရခိုင်ပြည်နယ်သို့ ဝင်ထွက်ရာလမ်းကြောင်းပေါ်ရှိ မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်ကို မေလဆန်းပိုင်းကစ၍ အင်အားရာနှင့်ချီဖြည့်တင်းကာ စစ်ကြောင်းထိုးမှုများစတင်ခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်သို့ ကုန်သွယ်ရေးအတွက်အချက်အချာကျသည့် ကံကြီးရွာတွင် စစ်တပ်က အင်အား ၂၀၀ ဖြင့် ဝင်ရောက်ခြေကုပ်ယူခဲ့သည်။ ထို့နောက် လောင်းရှည်အခြေစိုက် ကပစ ၂၅ မှ အင်အားရာနှင့်ချီပါဝင်သည့် စစ်ကြောင်းက ဆောနယ်ထဲသို့ စစ်ကြောင်းထိုးလာပြီး ထိုမှတဆင့်ချင်းပြည်တောင်ပိုင်း ကန်ပက်လက်ကို ဦးတည်ထိုးစစ်ဆင်ခဲ့သည်။
တချိန်တည်းတွင်ပင် ပေါက်မြို့နယ်မှတက်လာသည့် အင်အား ၅၀၀ ခန့်စီပါဝင်သည့် စစ်ကြောင်းသည် ပုံတောင်ပုံညာကိုကျော်ပြီး ဆောမြို့နယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
လက်ရှိတွင်နယ်ခံတပ်ရင်းဖြစ်သည့် ကျောက်ထုအခြေစိုက် အမြောက်တပ်မှ တပ်အင်အားမပါဘဲ ဆောနယ်ထဲ ထပ်မံဖြည့်တင်းထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅၀၀ ခန့်ထိရှိကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များကို ဖော်ပြနေသည့် ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
စစ်ခေါင်းဆောင်က သမ္မတရာထူးရယူလိုက်ပြီးနောက် ရက် ၁၀၀ အတွင်း ဦးစားပေးဆောင်ရွက်မည့် အစီအစဉ်များထဲ ငြိမ်းချမ်းရေးဖော်ဆောင်ရန် ပြောကြားထားသည်။ သို့သော် တစ်ဖက်တွင်လည်း ၎င်းတို့လက်လွှတ်ဆုံးရှုံးခဲ့ရသည့် နယ်မြေများကို ပြန်ရရန်ဦးတည်၍ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ကာ စစ်ရေးဖိအားပေးနေသည်။