မလေးရှားသို့ ဦးတည်သည့် စက်လှေတစ်စီးပေါ်မှ လူ ၅၀ ကို ကမ်းခြေစောင့်တပ်က             ကယ်တင်ပြီး လူကုန်ကူးသူ ၉ ဦးကို ဖမ်းဆီး
politics||3 MIN READ

မလေးရှားသို့ ဦးတည်သည့် စက်လှေတစ်စီးပေါ်မှ လူ ၅၀ ကို ကမ်းခြေစောင့်တပ်က ကယ်တင်ပြီး လူကုန်ကူးသူ ၉ ဦးကို ဖမ်းဆီး

Narinjara
SourceNarinjara

AI Summary

ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့သည် မလေးရှားသို့ ဦးတည်နေသည့် စက်လှေတစ်စီးပေါ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအပါအဝင် လူ ၅၀ ကို ကယ်တင်ခဲ့ပြီး လူကုန်ကူးသူ ၉ ဦးကို ဖမ်းဆီးခဲ့သည်။ ဤဖြစ်ရပ်သည် မြန်မာနယ်စပ်အနီးရှိ ကော့စ်ဘဇားခရိုင်၊ တက်ကနက်မြို့နယ်အတွင်း ပင်လယ်ပြင်တွင် အထူးစစ်ဆင်ရေးတစ်ခုအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လူကုန်ကူးဂိုဏ်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများနှင့် ရခိုင်ဘက်က မွတ်ဆလင်ဒုက္ခသည်များကို မလေးရှားတွင် လစာမြင့်သည့်အလုပ်များရမည်ဟု ဆွဲဆောင်ကာ တက်ကနက်မှတစ်ဆင့် တရားမဝင် ပို့ဆောင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ကမ်းခြေစောင့်တပ်ဖွဲ့သည် လျှို့ဝှက်သတင်းများအရ ကြာသပတေးနေ့ ညနေပိုင်းမှ သန်းခေါင်ယံအထိ စစ်ဆင်ရေးပြုလုပ်ခဲ့ပြီး ထွက်ပြေးရန်ကြိုးစားသည့် သံသယဖြစ်ဖွယ်လှေကို ဖမ်းဆီးရမိခဲ့သည်။ ကယ်ဆယ်ခံရသူ ၅၀ ဦးနှင့် လူကုန်ကူးမှုတွင် ပါဝင်ပတ်သက်သူ ၉ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။ လက်ရှိတွင် ဖမ်းဆီးခံရသူများနှင့် ကယ်တင်ခံရသူများအတွက် ဥပဒေအရ အရေးယူမှုများ ဆောင်ရွက်နေဆဲဖြစ်သည်။ ကမ်းခြေစောင့်တပ်ဖွဲ့က လူကုန်ကူးမှုနှင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုများကို တိုက်ဖျက်ရန် အနာဂတ်တွင်လည်း စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

နိရဉ္စရာ၊ ဇွန် ၆/၂၀၂၆

ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့သည် မလေးရှားသို့ ဦးတည်နေသည့် စက်လှေတစ်စီးပေါ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအပါအဝင် လူ ၅၀ ကို ကယ်တင်ခဲ့ပြီး လူကုန်ကူးသူ ၉ ဦးဖမ်းဆီးခဲ့သည်ဟု သတင်းရရှိသည်။

၎င်းတို့အား မြန်မာနယ်စပ်အနီးရှိ ကော့စ်ဘဇားခရိုင်၊ တက်ကနက်မြို့နယ်အတွင်း ပင်လယ်ပြင်တွင် အထူးစစ်ဆင်ရေးတစ်ခုအတွင်း ဖမ်းမိခဲ့သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်၏ မီဒီယာအရာရှိ ဒုဗိုလ် ဆာဘီရာအလမ် ဆူဂျန်က ဇွန်လ ၆ ရက် စနေနေ့ မွန်းလွဲပိုင်းတွင် ဤသတင်းအားမီဒီယာများသို့ အတည်ပြုထုတ်ပြန်ခဲ့သည်။

မောင်တောမြို့နှင့်မျက်နာချင်းဆိုင်တွင် တည်ရှိသည့် တက်ကနက်(ကယုချောင်း)မြို့နယ်ကမ်းရိုးတန်းကို အသုံးပြု၍ မလေးရှားသို့ လူအများအပြားကို တရားမဝင် မှောင်ခိုတင်ပို့ရန်ဂိုဏ်းတစ်ဂိုဏ်းက စနစ်တကျစီစဉ်ပြင်ဆင်နေကြောင်း လျှို့ဝှက်သတင်းများအရ ကမ်းခြေစောင့်တပ်ဖွဲ့သည်စစ်ဆင်ရေးတစ်ရပ်ကို ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ကြာသပတေးနေ့ (ဇွန်လ ၅ ရက်) ညနေ ၆ နာရီမှ သန်းခေါင်ယံ ၁၂ နာရီအထိ အထူးစစ်ဆင်ရေးတစ်ခု ပူးပေါင်းလုပ်ဆောင်ခဲ့စဉ် သံသယဖြစ်ဖွယ် လှေတစ်စင်းကို ရပ်တန့်ရန် အချက်ပြမှုပေးသောအခါ ညွှန်ကြားချက်များကို မလိုက်နာဘဲ ပင်လယ်နက်ထဲသို့ အမြန်ထွက်ပြေးရန် ကြိုးစားခဲ့သည်။

၎င်းနောက်ပိုင်းတွင် တက်ကနက်မြို့နယ်ဘာဟာချာရာကမ်းရိုးတန်းနှင့် ကပ်လျက် ပင်လယ်ပြင်တွင်၎င်းစက်လှေအား ဖမ်းဆီးရမိပြီး လူကုန်ကူးခံရသူလူ ၅၀ ကိုစက်လှေပေါ်မှာ ရှာဖွေကယ်တင်နိုင်ခဲ့သည်ဟု၎င်းမီဒီယာ အရာရှိက ပြောသည်။

တစ်ချိန်တည်းတွင်ပင် လူ ၉ ဦးကို လူကုန်ကူးမှုတွင် ပါဝင်ပတ်သက်မှုဖြင့် ဖမ်းဆီးခဲ့သည်။

ကယ်ဆယ်ခံရသူများကို ကနဦးစစ်ဆေးချက်အရ လူကုန်ကူးဂိုဏ်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများနှင့်ရခိုင်ဘက်ကရောက်ရှိနေသည့် မွတ်ဆလင်ဒုက္ခသည်များကို မလေးရှားတွင်ပိုမိုကောင်းမွန်သောဘဝဖြင့် လစာမြင့်သည့်အလုပ်များရမည်ဟုဆိုကာ ဆွဲဆောင်ပြီး တက်ကနက်မှတစ်ဆင့် မလေးရှားသို့ ပို့ဆောင်ရန်  ခေါ်ဆောင်လာခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်ဟုဆိုသည်။

ဖမ်းဆီးခံရသော လူကုန်ကူးသူများ၊ ကယ်တင်ခံရသောသူများနှင့် သိမ်းဆည်းရမိသော လှေများနှင့် ပတ်သက်၍ လိုအပ်သော ဥပဒေအရ အရေးယူမှုများ လုပ်ဆောင်နေဆဲဖြစ်သည်ဟုသိရသည်။

လူကုန်ကူးမှု၊တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုနှင့် ပင်လယ်ပြင်တွင် ကျူးလွန်သော ရာဇဝတ်မှုများကို တိုက်ဖျက်ရန်အတွက် အနာဂတ်တွင် ထိုကဲ့သို့သော စစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ကမ်းခြေစောင့်တပ်အာဏာပိုင်များက ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

AI Curated
မလေးရှားသို့ ဦးတည်သည့် စက်လှေတစ်စီးပေါ်မှ လူ ၅၀ ကို ကမ်းခြေစောင့်တပ်က ကယ်တင်ပြီး လူကုန်ကူးသူ ၉ ဦးကို ဖမ်းဆီး | YGN Daily