
PSG အသင်း အာဆင်နယ်ကို ပင်နယ်တီဖြင့်နိုင်ပြီး ချန်ပီယံလိဂ်ဗိုလ်စွဲ
AI Summary
ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့တွင် ကျင်းပသည့် ၂၀၂၅-၂၆ ဥရောပချန်ပီယံလိဂ် ဗိုလ်လုပွဲ၌ PSG အသင်းက အာဆင်နယ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။ ပွဲချိန်အတွင်း နှစ်သင်းစလုံး တစ်ဂိုးစီ သရေကျနေခဲ့ပြီးနောက် ပင်နယ်တီအဆုံးအဖြတ်တွင် အာဆင်နယ်ကစားသမားများ အမှားအယွင်းရှိခဲ့ခြင်းကြောင့် PSG အသင်းက ၄-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဤရလဒ်ကြောင့် နှစ်ပေါင်း ၂၀ အကြာတွင် ဗိုလ်လုပွဲသို့ ပြန်လည်ရောက်ရှိလာသည့် အာဆင်နယ်အသင်းမှာ ပထမဆုံးသော ချန်ပီယံလိဂ်ဖလားကို ရယူနိုင်မည့် အခွင့်အရေး လက်လွတ်ဆုံးရှုံးခဲ့ရသည်။ အာဆင်နယ်အသင်းအနေဖြင့် ပွဲချိန်အတွင်း ခံစစ်ပိုင်းတွင် အားကောင်းခဲ့သော်လည်း ပင်နယ်တီအဆုံးအဖြတ်တွင် ကံမကောင်းခဲ့သည့်အတွက် ကစားသမားများနှင့် ပရိသတ်များမှာ စိတ်ပျက်ဝမ်းနည်းခဲ့ရသည်။ လက်ရှိတွင် PSG အသင်းသည် ချန်ပီယံဆုကို နှစ်နှစ်ဆက်တိုက် ရယူနိုင်ခဲ့ပြီး အောင်ပွဲခံလျက်ရှိသည်။

ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့ရှိ ပွတ်ရှ်ကပ်စ်ကွင်းကြီးမှာ ဒီမနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ၂၀၂၅-၂၆ ဥရောပချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ ပြင်သစ်ကလပ် PSG အသင်းက အာဆင်နယ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ထပ်မံဗိုလ်စွဲသွား ပါတယ်။
ဒီပွဲမှာ ပွဲစတင်ပြီး သိပ်မကြာခင် ပွဲချိန် ၆ မိနစ်အတွင်းမှာပဲ ကိုင်ဟာဗက်ဇ်က အာဆင်နယ်အတွက် ဦးဆောင်ဂိုးကို ထောင့်ဖြတ်အနေအထားကနေ လှလှပပကန်သွင်းယူပေးခဲ့လို့ ပထမပိုင်းမှာ အာဆယ်နယ်တို့ ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင် နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ခရစ္စတီယန် မိုစကီရာက ခွီချာကွာရတ်စခီလီယာကို ဖျက်ထုတ်ပုံ မှားယွင်းခဲ့လို့ ပင်နယ်တီပေးခဲ့ရပြီးနောက် PSG အသင်းအတွက် အူစမာနီ ဒမ်ဘီလီက ပင်နယ်တီကနေတဆင့် ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့ပါတယ်။
ဒီနောက် နှစ်သင်းစလုံး ပုံမှန်အချိန် မိနစ် ၉၀ မှာ ဂိုးထပ်မသွင်းနိုင်တော့လို့ အချိန်ပိုထပ်ကစားရကြရာမှာလည်း ဂိုးထပ်မသွင်းနိုင်ဘဲ တဖက် တဂိုးစီနဲ့ သရေကျနေတာကြောင့် ပင်နယ်တီအဆုံးအဖြတ် ကန်ခဲ့ကြရတာမှာ PSG အသင်းက (၄-၃) ဂိုးနဲ့အနိုင်ရသွားပါတယ်။
ပင်နယ်တီကန်ကြတာမှာ အာတီတာရဲ့ အာဆင်နယ်ကစားသမားတွေဖြစ်တဲ့ အီဇီနဲ့ ဂါဘရီယယ်တို့ ပယ်နယ်တီ လွဲချော်ခဲ့ကြတဲ့အတွက် နည်းပြ အင်းနရစ်ကေးရဲ့ PSG အသင်းက ၂ နှစ်ဆက်တိုက် ဗိုလ်စွဲသွားခဲ့ပြီး ဂန်းနားတို့ ပထမဆုံးအကြိမ် ဥရောပဖလားကြီးရယူဖို့ အိပ်မက် ဝေးကွာခဲ့ရ ပါတယ်။
ပရီးမီးယားလိဂ်ဆုဖလားကို ပူပူနွေးနွေးရရှိထားတဲ့ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်မှာ သူတို့အသင်း နောက်ဆုံး ဗိုလ်လုပွဲတက်ရောက်ခဲ့တဲ့ အချိန်ကတည်းကနေ နှစ်ပေါင်း ၂၀ အကြာမှာ နောက်တကြိမ် ဗိုလ်လုပွဲရောက်လာတာဖြစ်လို့ ပထမဆုံးသော ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ စိတ်အားထက်သန်ကြိုးပမ်းကစားခဲ့တာ ဖြစ်ပါတယ်။
ပွဲချိန် မိနစ် ၁၂၀ ကစားခဲ့တဲ့ အချိန်အတော်များများမှာ အာဆင်နယ်အသင်းဟာ ခံစစ်ပိုင်းမှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပြီး PSG အသင်းရဲ့ တိုက်စစ်ပိုင်းက ထိုးဖောက်ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။
အချိန်ပို ပထမပိုင်းမှာလည်း အာဆင်နယ်ရဲ့ ပင်နယ်တီတောင်းဆိုမှုကို ကွင်းလယ်ဒိုင်က ပယ်ချခဲ့လို့ အာဆင်နယ်အသင်း နစ်နာခဲ့ရပါတယ်။
ဒါပေမဲ့ ဖလားရဖို့ လက်တကမ်းအလိုအထိ နီးစပ်ခဲ့ပြီးမှ လွဲချော်သွားခဲ့ရကာ ဒုတိယနေရာနဲ့သာ ကျေနပ်လိုက်ရလို့ အာဆင်နယ် ကစားသမားတွေရော ပရိသတ်တွေပါ ဝမ်းနည်း စိတ်ပျက်ခံစားခဲ့ကြရပါတယ်။
PSG အသင်းကတော့ ပြီးခဲ့တဲ့ရာသီက ရရှိထားတဲ့ ချန်ပီယံဖလားကို ဆက်လက် ကာကွယ်ဖို့ ရည်မှန်းချက်ပြည့်ဝသွားပြီး ချန်ပီယံဆုဖလားကြီးနဲ့အတူ အောင်ပွဲခံခဲ့ကြပါတယ်။