
မြောက်ဒဂုံတွင် ပျောက်ဆုံးနေသည့် ကလေးငယ်ကို ၂ ရက်အကြာ သေဆုံးလျက်ပြန်တွေ့
AI Summary
ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်တွင် ဇွန်လ ၈ ရက်နေ့က ပျောက်ဆုံးသွားခဲ့သော အသက် ၁၃ နှစ်အရွယ် Grade-6 ကျောင်းသား မောင်မင်းခန့်ဇော်ကို နှစ်ရက်အကြာ ဇွန်လ ၁၀ ရက်နေ့တွင် ရေကန်ဘေး၌ ဒဏ်ရာများဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့သည်။ ၎င်းသည် ဇွန်လ ၈ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က နေအိမ်မှ ထွက်ခွာသွားပြီးနောက် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးနေသည့် ရုပ်အလောင်းကို မြောက်ဥက္ကလာပဆေးရုံသို့ စစ်ဆေးရန် သယ်ဆောင်သွားခဲ့ရာ မျက်နှာတွင် ဖောယောင်ဒဏ်ရာများ တွေ့ရှိခဲ့ရသည်။ လက်ရှိတွင် မြောက်ဒဂုံမြို့မရဲစခန်းက ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်သည်။ ကလေးငယ်၏ ရုပ်အလောင်းကို ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်တွင် ဇွန်လ ၈ ရက်နေ့က ပျောက်ဆုံးခဲ့သည့် ကလေးငယ်ကို နှစ်ရက်အကြာတွင် ဒဏ်ရာများဖြင့် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။ လက်ရှိတွင် ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြောက်ဒဂုံမြို့မရဲစခန်းက စစ်ဆေးမှုများ ဆောင်ရွက်နေသည်။ (လူမှုကွန်ရက်)
ရောင်နီ မဇ္ဈိမ။ ။ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်တွင် ပျောက်ဆုံးနေသည့် ကလေးငယ်ကို နှစ်ရက်အကြာတွင် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။ “ ၃၈ ရပ်ကွက်က ရေကန်ဘေးမှာ ပြန်တွေ့တာ။ အလောင်းမှာ ဒဏ်ရာတွေ တွေ့တယ်ဆိုပြီး ပြောနေကြတယ်” ဟု မြောက်ဒဂုံဒေသခံတဦးက ပြောသည်။ မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သည့် အသက် ၁၃ နှစ်အရွယ် Grade -6 ကျောင်းသား မောင်မင်းခန့်ဇော်သည် ဇွန်လ ၈ ရက်နေ့က ကျောင်းမှ နေအိမ်သို့ ပြန်လာပြီးနောက် ညနေ ၄ နာရီခွဲခန့်တွင် နေအိမ်မှ ပြန်လည်ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး နှစ်ရက်အကြာ ယနေ့ (ဇွန်လ ၁၀ ရက်)နံနက်ပိုင်းတွင် သေဆုံးနေသည့် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော့် တူလေး ဒီနေ့မနက် ၆နာရီ မြောက်ဒဂုံ ၃၈ရပ်ကွက် ကန်ဘောင်မှာ deadဘော်ဒီတွေ့ရှိခဲ့ပါတယ်။ စစ်ဆေးဖို့အတွက် မြောက်ဥက္ကလာဆေးရုံကြီးသို့ သယ်ဆောင်သွားခဲ့ပါတယ်။ မျက်နှာကလည်း ဖောယောင်နေပြီးဒဏ်ရာများလည်း တွေ့ရှိထားပါတယ်” ဟု မိသားစုဝင်တဦးက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။ မည်သည့်အတွက်ကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အသေးစိတ်သိရှိနိုင်ရန် မဇ္ဈိမက ဆက်လက်စုံစမ်းနေသည်။ လက်ရှိတွင် ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြောက်ဒဂုံမြို့မရဲစခန်းက စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ဒေသခံများက ပြောသည်။ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့သည့် ကလေးငယ်၏ ရုပ်အလောင်းကို ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ဈာပနအခမ်းအနားပြုလုပ်ကာ မီးသင်္ဂြုဟ်ခဲ့ကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း ရန်ကုန်အပါအ၀င် မြို့ကြီးများ၌ လူသတ်မှုနှင့် လုယက်မှုဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေပြီး ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။
စာတည်း – သန့်ဇော်(သန်လျင်)