
စစ်အာဏာရှင်၏ အိန္ဒိယခရီးစဉ်၌ ဆွေးနွေးခဲ့သည့် စီမံကိန်းများ လက်တွေ့ ဖြစ်နိုင်မလား
AI Summary
စစ်အာဏာရှင်သမ္မတ၏ အိန္ဒိယခရီးစဉ်အတွင်း စီးပွားရေး၊ လုံခြုံရေး၊ ကုလားတန်စီမံကိန်းနှင့် မြေရှားသတ္တုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးသဘောတူခဲ့ကြသည်။ သို့သော် ရခိုင်နိုင်ငံရေးသမားများနှင့် ကျွမ်းကျင်သူများကမူ ဤခရီးစဉ်သည် စစ်အာဏာရှင်အတွက် နိုင်ငံရေးအရ တရားဝင်မှုရှာဖွေခြင်းသာဖြစ်ပြီး မြေပြင်တွင် အကောင်အထည်ဖော်ရန် ခက်ခဲမည်ဟု သုံးသပ်ကြသည်။ အထူးသဖြင့် ကုလားတန်စီမံကိန်းလမ်းကြောင်းတစ်လျှောက်နှင့် မြေရှားသတ္တုထွက်ရှိရာ ဒေသအများစုကို AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ထိန်းချုပ်ထားသောကြောင့် စစ်အာဏာရှင်တွင် အကောင်အထည်ဖော်နိုင်စွမ်း မရှိဟု မေးခွန်းထုတ်စရာဖြစ်နေသည်။ အိန္ဒိယအရေးလေ့လာသူများကလည်း ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံက ဖိတ်ကြားဆက်ဆံခြင်းကို စစ်အာဏာရှင်က ပြည်တွင်းစစ်သားများ၏ စိတ်ဓာတ်မြှင့်တင်ရန်နှင့် နိုင်ငံတကာဖိအားများကို တုံ့ပြန်ရန် ဝါဒဖြန့်ချိရေးအတွက် အဓိကအသုံးပြုလိမ့်မည်ဟု ထောက်ပြသည်။ ထို့ကြောင့် စာရွက်ပေါ်တွင် သဘောတူညီချက်များရှိခဲ့သော်လည်း မြေပြင်အခြေအနေနှင့် နယ်မြေထိန်းချုပ်မှု အားနည်းချက်များကြောင့် အိန္ဒိယအတွက်ပါ စိန်ခေါ်မှုများစွာရှိနေပြီး စီမံကိန်းများ အကောင်အထည်ပေါ်ရန် အခွင့်အလမ်းနည်းပါးကြောင်း နောက်ဆုံးအခြေအနေကို ဖော်ပြသည်။

စစ်အာဏာရှင်သမ္မတရဲ့ အိန္ဒိယခရီးစဉ်အတွင်း စီးပွားရေး၊ လုံခြုံရေးနဲ့ ကုလားတန်စီ မံကိန်းတွေကို ဆွေးနွေး၊ သဘောတူခဲ့ကြပေမဲ့ လက်တွေ့ မြေပြင်မှာ အကောင်အထည်ဖော်ဖို့ ခက်ခဲနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
ဒါကြောင့် ဒီခရီးစဉ်ဟာ နိုင်ငံရေးအရ တရားဝင်မှု ရှာရုံသက်သက်သာ ဖြစ်နိုင်တယ်လို့ ရခိုင်နိုင်ငံရေးသမားနဲ့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
စစ်အာဏာရှင် သမ္မတရဲ့ အိန္ဒိယခရီးစဉ်အတွင်း ဇွန် ၁ ရက်မှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့တွေ့ဆုံပြီး နယ်စပ်လုံခြုံရေးနဲ့ ကုလားတန်စီမံကိန်းနဲ့ ၃ နိုင်ငံ အဝေးပြေးလမ်းမကြီး ကိစ္စတွေကိုဆွေးနွး သဘောတူညီခဲ့ကြပါတယ်။
တဖက်မှာလည်း စစ်တွေဆိပ်ကမ်းနဲ့ ပလက်ဝဆိပ်ကမ်းတွေ တည်ဆောက်ပြီးထားပေမဲ့ ပုဏ္ဏားကျွန်းကနေ ကျောက်တော်အထိနဲ့ ချင်းပြည်နယ်ထဲက ပလက်ဒေသတွေကို အာရက္ခတပ်တော် (AA) က ထိန်းချုပ် ထားတာပါ။
ဒါကြောင့် မြေပြင်မှာ စစ်တွေကလွဲလို့ စီမံကိန်းလမ်းကြောင်းတလျှောက်ကို AA က ထိန်းချုပ်ထားတာကြောင့် စစ်အာဏာရှင်အနေနဲ့ အကောင်အထည်ဖော်ပေးနိုင်စွမ်း ရှိ၊ မရှိ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က" သူ့အာဏာ တရားဝင်မှုပြုဖို့အတွက်ကို နိုင်ငံမှာရှိတဲ့ သယံဇာတ အပါအဝင်ပေါ့နော်၊ လုပ်ပိုင်ခွင့်တွေကိုလျှော့စျေးနဲ့ အိန္ဒိယကို တံစိုးလက်ဆောင် ပဏ္ဏာဆက်သတယ်၊ လာဘ်ထိုးပြီးတော့ အဲလိုမျိုး တရားဝင်မှုကိုယူတယ်လို့ ကျနော်က နားလည်ပါတယ်။ ဒါပေမဲ့ တကယ့် တကယ်ကျတဲ့အခါ ကျနော်တို့ မင်းအောင်လှိုင်ရဲ့ တပ်တွေဟာ အထူးသဖြင့် ဒီနယ်စပ်ဒေသမှာ ဒီလောက်ထိ လွှမ်းမိုးမှု မရှိသလောက်ပါပဲဗျ။ အထူးသဖြင့် ကျနော်တို့ ကုလားတန်စီမံကိန်းတလျှောက်ဆိုလို့ရှိရင် စစ်တွေမြို့ပေါ် ကွက်ကွက်လေးကလွဲလို့ တလျှောက်ဟာ AA တပ်တော်ရဲ့ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဒီဟာတွေကို သူကနေပြီးတော့ တာဝန်ယူလို့၊ တာဝန်ခံလို့ အခုချိန်မှာ ဖြစ်လာနိုင်မယ်လို့ မထင်ပါဘူး”လို့ ပြောပါတယ်။
ဒီခရီးစဉ်မှာ နောက်ထပ်ထူးခြားချက်တခုကတော့ မြေရှားသတ္တုကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တာပါ။
အိန္ဒိယဝန်ကြီးချုပ်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ မြေရှားသတ္တုကိစ္စကို ဖော်ပြထားပေမဲ့ နှစ်နိုင်ငံပူးတွဲကြေညာချက်မှာတော့ ဒီအချက်ကို မတွေ့ရပါဘူး။
မြေရှားသတ္တုတူးဖော်တဲ့ ဒေသအများစုဟာ တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်ကြတဲ့ KIA, UWSA, MNDAA နဲ့ TNLA ထိန်းချုပ်ရာဒေသတွေ ဖြစ်နေတာကြောင့် ဒါဟာလည်း လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ မြေရှားသတ္တုသုတေသီ ကိုစိုင်းလီက ပြောပါတယ်။
"ဘာလို့လဲဆိုတော့ ဒီသူ့အနေနဲ့ကတော့ ဒီမင်းအောင်လှိုင်အနေနဲ့ကတော့ ဒါ နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှု ရှိနေတဲ့ကိစ္စ Issue ပေါ်မှာ အခြေတည်ပြီး သူ့ရဲ့တရားဝင်မှု၊ သူ့ရဲ့ နိုင်ငံတကာကို ဝင်ဆံ့နိုင်မှုအတွက် သူ ကြိုးစားတာ တကြောင်းပေါ့လေ။ ဒါပေမဲ့ ဒီလက်တွေ့ကျကျ ဒါ ထုတ်ယူပြီးတော့ တင်ပို့နိုင်မဲ့ အနေအထား ရှိသလားဆိုတော့ ကျနော်ထင်တယ် တရုတ်နိုင်ငံအနေနဲ့ ကလည်း သူတို့ လက်ဝါးကြီးအုပ်ထားပြီးသား ကိစ္စမျိုး ဖြစ်နေတာက တစ်ကြောင်း၊ နောက်တခုက ဒီသယ်ယူပို့ဆောင်ရေး လမ်းကြောင်းတခုမှာလည်း မြန်မာစစ်တပ်တခုတည်း ထိန်းချုပ်ထားတာမဟုတ်တဲ့အခါကျတော့ ဒါကတော့အခက်ခဲရှိနိုင်တယ်။ အဲတော့ ပြောမယ် ဆိုလို့ရှိရင်တော့ ဒါက ခေါင်းစဉ်ပေါ် အခြေတည်ပြီး သူ့ရဲ့ နိုင်ငံရေး အကျိုးအမြတ်အတွက် သူ ကြိုးစားတာ တခုသက်သက်ပဲ။ လက်တွေ့ မြေပြင်မှာဖြစ်လာနိုင်ခြေကတော့ အင်မတန် အခွင့်အလမ်း နည်းတယ်လို့ ကျနော်က အဲလိုပဲ မြင်ပါတယ်။"
တဖက်မှာလည်း စစ်တပ်က ကချင်ပြည်နယ်ထဲကို စစ်ကားနဲ့ အင်အားတွေ ဆက်တိုက် ဖြည့်တင်းနေတာကြောင့် ချီဖွေ၊ ပန်ဝါလို မြေရှားသတ္တုထွက်တဲ့ဒေသတွေကို ပြန်ရယူဖို့ ကြိုပမ်းလာနိုင်ခြေရှိတဲ့အကြောင်း ကိုဆိုင်းလီက ခန့်မှန်းပြောပါတယ်။
ဒီအချက်တွေကြောင့် စီးပွားရေးနဲ့ စီမံကိန်းတွေထက် စစ်အာဏာရှင်အတွက် အဓိကရရှိသွားတာကတော့ နိုင်ငံရေးအရ ဝါဒဖြန့်ချိခွင့်လို့ အိန္ဒိယအရေးလေ့လာသူတွေက ထောက်ပြကြပါတယ်။
ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယက ဖိတ်ကြားဆက်ဆံတာကိုသုံးပြီး ပြည်တွင်းမှာ စစ်သားတွေရဲ့ စိတ်ဓာတ်မြှင့်တင်ဖို့နဲ့ အာဆီယံ၊ ကုလသမဂ္ဂတို့ရဲ့ ဖိအားတွေကိုတုံ့ပြန်ဖို့ ကြိုးစားလာနိုင်တယ်လို့ အိန္ဒိယအရေးလေ့လာသူ ဆလိုင်းဒိုခါရ် က သုံးသပ်ပါတယ်။
IFM အိန္ဒိယအရေးလေ့လာသူ ဆလိုင်းဒိုခါရ်က "အဓိက မြန်မာနိုင်ငံ စစ်တပ်ဘက်က အတွက်ကတော့ ဒီ သူတို့ ဝါဒဖြန့်လုပ်ဖို့အတွက်ပေါ့နော်။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံက အသိအမှတ်ပြုတယ်ဆိုတဲ့ တခုတော့ ရသွားတာပေါ့နော်။ ပြီးတော့ အဲ့ဒီဟာတွေကို အကြောင်းပြုပြီးတော့မှ ပြည်တွင်း ထိုးစစ်တွေ၊ ကုလားတန်စီမံကိန်းကိစ္စတွေ အကြောင်းပြပြီးတော့မှ ULA ထိန်းချုပ်နယ်မြေကို ပိုပြီးတော့မှ အင်အား လွတ်လွတ်လပ်လပ် အသုံးရဲလာတာတွေ အဲ့လိုပုံစံမျိုးပေါ့နော်။ အဓိကအားဖြင့်တော့ အဲ့ဒီအဲ့ဒီ ၂ ချက်ပါပဲ။ ချင်း၊ ရခိုင်ဘက်ကို ထိုးစစ်ဆင်တဲ့နေရာမှာ ကြောက်နေကြတဲ့ စစ်သားတွေကို အမိန့်ပေးလို့ ပိုကောင်းသွားပြီပေါ့နော်။ အာဆီယံတို့ဟာမျိုးတွေ၊ UN တို့ဟာမျိုးကို အိန္ဒိယရဲ့ အသိအမှတ်ပြုမှုနဲ့ ဒီ ဖိတ်ခေါ်မှုတွေက အသုံးချလို့ ကောင်းသွားမယ်။ ဒီလောက်ပါပဲ"လို့ ပြောပါတယ်။
ဒါကြောင့် စစ်အာဏာရှင် သမ္မတရဲ့ အိန္ဒိယခရီးစဉ်ဟာ စာရွက်ပေါ်မှာ သဘောတူညီချက်တွေ ရှိခဲ့ပေမဲ့ မြေပြင်မှာတော့ စစ်ရေးအရရော၊ နယ်မြေထိန်းချုပ်မှု မရှိတာတွေကြောင့် အိန္ဒိယအတွက်လည်း စိန်ခေါ်မှုတွေရှိနေဦးမှာ ဖြစ်ပါတယ်။
စိုးသူအောင်