စစ်တပ်စီးပွားဖက် မြန်မာလုပ်ငန်းရှင်၏ ကောင်စစ်ဝန်ရာထူးကို အိုက်စလန်ပြန်ရုပ်သိမ်း
myanmar||11 MIN READ

စစ်တပ်စီးပွားဖက် မြန်မာလုပ်ငန်းရှင်၏ ကောင်စစ်ဝန်ရာထူးကို အိုက်စလန်ပြန်ရုပ်သိမ်း

AI Summary

မြန်မာလုပ်ငန်းရှင် ဦးကိုကိုလတ်သည် အိုက်စလန်နိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရာထူးမှ နုတ်ထွက်သွားခဲ့ပြီး အိုက်စလန်အစိုးရကလည်း ၎င်း၏ရာထူးကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်ခဲ့သည်။ ၎င်းသည် အာဏာသိမ်းစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်နေမှုအခြေအနေကို အိုက်စလန်အစိုးရက စုံစမ်းစစ်ဆေးနေစဉ် နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ JFM က ဦးကိုကိုလတ်၏ လုပ်ငန်းများသည် ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့ထားသည့် မြန်မာ့သစ်လုပ်ငန်း (MTE) နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့နှင့် ဆက်စပ်နေကြောင်း အိုက်စလန်နိုင်ငံခြားရေးဝန်ကြီးထံ အိတ်ဖွင့်ပေးစာဖြင့် တောင်းဆိုခဲ့သည်။ ထိုတိုင်စာကြောင့် အိုက်စလန်အစိုးရသည် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ရာထူးကို ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။ JFM က ဤဆုံးဖြတ်ချက်ကို ကြိုဆိုပြီး ဂုဏ်ထူးဆောင်ခန့်အပ်မှုသည် စစ်အုပ်စုကို မမှန်ကန်သည့် တရားဝင်မှု ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဦးကိုကိုလတ်သည် စစ်တပ်အာဏာသိမ်းပြီးနောက် လုပ်ငန်းများချဲ့ထွင်ခဲ့ပြီး စစ်တပ်၏ စီးပွားရေးလုပ်ငန်းများနှင့် တိုက်ရိုက်ဆက်နွှယ်မှုများရှိနေကြောင်း JFM က ဖော်ထုတ်ခဲ့သည်။

လွန်ခဲ့သည့် နှစ်လကျော်က မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ခံရသူ မြန်မာလုပ်ငန်းရှင် ဦးကိုကိုလတ်သည် အာဏာသိမ်းစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်နေမှုအခြေနေကို အိုက်စလန်အစိုးရက စုံစမ်းစစ်ဆေးနေစဉ် နုတ်ထွက်သွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ရက်တွင် နေပြည်တော်၌ ရန်ကုန်မြို့အခြေစိုက် စီးပွားရေးလုပ်ငန်းရှင် ဦးကိုကိုလတ်သည် စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်တွေ့ဆုံ၍ အိုက်စလန်နိုင်ငံမှ ၎င်းအား ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်လွှာကို အပ်နှင်းခဲ့ပြီး ဦးသန်းဆွေကလည်း ၎င်းအား အသိအမှတ်ပြုစာချွန်လွှာ ပြန်လည်ပေးအပ်ခဲ့သည်။

သို့သော် မတ်လ ၁၅ ရက်တွင် ဦးကိုကိုလတ်သည် ရာထူးမှ နုတ်ထွက်သွားခဲ့ကာ အဆိုပါရာထူးကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း အိုက်စလန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကား၍ Justice For Myanmar (JFM)က ယနေ့ (မတ်လ ၂၉ ရက်)တွင် ထုတ်ပြန်ထားသည်။

ဦးကိုကိုလတ်သည် ဥရောပသမဂ္ဂ(EU) နှင့်အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့အရေးယူခံထားရသည့် မြန်မာစစ်တပ်နှင့် ဆက်နွယ်နေသည့်အခြေအနေကြောင့် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်မှုကို ပြန်လည်ရုပ်သိမ်းပေးရန် အိုက်စလန်နိုင်ငံခြားရေးဝန်ကြီး Þorgerður Katrín Gunnarsdóttir ထံ JFM က  မတ်လ ၂၇ ရက်တွင် အိတ်ဖွင့်ပေးစာဖြင့် တောင်းဆိုခဲ့သည်။

အဆိုပါစာ၌ ဦးကိုကိုလတ်၏ လုပ်ငန်းများသည် အာဏာသိမ်းစစ်တပ်ပိုင် လုပ်ငန်းများဖြစ်သော မြန်မာ့သစ်လုပ်ငန်း (MTE)၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL)တို့နှင့် ဆက်စပ်နေသည့် အခြေအနေကို ထည့်သွင်းပေးပို့ခဲ့ခြင်းဖြစ်သည်ဟု JFM က ဆိုသည်။

အဆိုပါလုပ်ငန်းများသည် EUက စစ်တပ်အပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ပါဝင်သည့်လုပ်ငန်းများဖြစ်ပြီး အိုက်စလန်နိုင်ငံလည်း အကျုံးဝင်သက်ရောက်သည်။

ထိုတိုင်စာကြောင့် အိုက်စလန်အစိုးရသည် ဦးကိုကိုလတ်၏ စီးပွားရေးလုပ်ငန်းများကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး ဦးကိုကိုလတ်၏ ရာထူးကို အိုက်စလန်အစိုးရက ပြန်လည် ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။

အိုက်စလန် အစိုးရ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းနှင့် ဦးကိုကိုလတ်အား ဂုဏ်ထူးဆောင်ခန့်အပ်မှုသည် စစ်တပ်အား ရာဇဝတ်မှုများကျူးလွန်ရန် ထောက်ပံ့ရာရောက်ခဲ့သည်ဟု JFM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“(ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ခန့်အပ်မှုဟာ) စစ်အုပ်စုကို မမှန်ကန်တဲ့ တရားဝင်မှုကို ပေးအပ်ခဲ့တာဖြစ်သလို စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ငွေကြေးထောက်ပံ့ပေးနေတဲ့ ခရိုနီတစ်ဦးကို ကျောထောက်နောက်ခံ ပေးခဲ့ခြင်းလည်း ဖြစ်ပါတယ်”ဟု JFMပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

JFM၏ ယနေ့ထုတ်ပြန်ချက်အရ ဦးကိုကိုလတ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် လုပ်ငန်းများကို ချဲ့ထွင်လာနိုင်သည့် လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ စစ်တပ်အာဏာသိမ်းမှု ငါးနှစ်ကြာကာလအတွင်း ဦးကိုကိုလတ်သည် ပြည်တွင်း၌ ကုမ္ပဏီအသစ် ခြောက်ခုထူထောင်ခဲ့သလို အမေရိကန်၊ ဗြိတိန်၊ ဂျာမဏီ၊ မလေးရှား၊ စင်္ကာပူနှင့် UAEနိုင်ငံတို့တွင်လည်း ရုံးခွဲများဖွင့်၍ လုပ်ကိုင်နေသူဖြစ်သည်။

K K Business Group၏ ချဲ့ထွင်လာသော လုပ်ငန်းများ

K K Business Group သည် ဦးကိုကိုလတ် တည်ထောင်ထားသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပန်းဆိုးတန်းအပေါ်လမ်းရှိ မြန်မာ့ဂုဏ်ရည်အိမ်ရာတွင် အခြေစိုက်သည်။

အဆိုပါကုမ္ပဏီကို ယခင်စစ်အစိုးရလက်ထက် ၂၀၀၄ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ကာ ဆောက်လုပ်ရေး၊ ကုန်သွယ်ရေး၊ လေကြောင်းနှင့် ရေကြောင်း ဝန်ဆောင်မှု၊ လုံခြုံရေးဝန်ဆောင်မှု၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ လုပ်ကိုင်သည့် အနည်းဆုံး လုပ်ငန်းစု ၁၆ ခုထက်မနည်း ပါဝင်သည်ဟု JFM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးကိုကိုလတ်၏ လုပ်ငန်းစု ၁၆ ခုအနက် ကုမ္ပဏီ ၁၀ ခုသည် ယခင်စစ်အစိုးရလက်ထက်ကတည်းက ထူထောင်ခဲ့သည်ကို စုံစမ်းသိရှိရကြောင်း JFMက ဆိုသည်။ ထိုလုပ်ငန်းများမှာ K K Myanmar ကုမ္ပဏီ၊ K K International ကုမ္ပဏီ၊ Asia Pacific Business Group၊  Gulf Agency ကုမ္ပဏီ, Kings Gate Development ကုမ္ပဏီ၊ Noble Yangon Construction ကုမ္ပဏီ၊  Family Business Group Engineering ကုမ္ပဏီ၊ Sheraton Yangon Hotel က ပိုင်ဆိုင်သော Family Business Group Hotel Limited, Chase Travels and Toursနှင့် Apex International Company Limited တို့ဖြစ်သည်။ အဆိုပါလုပ်ငန်းအများစုသည် နာမည်အပြောင်းအလဲများကိုလည်း များစွားပြုလုပ်ထားသဖြင့် ခွဲခြားအတည်ပြုရန်ခက်ခဲစေသည်ဟု JFM က ဆိုသည်။

သို့သော် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် K K Business Group လက်အောက်တွင် ကုမ္ပဏီအသစ် ခြောက်ခု တိုးချဲ့ဖွဲ့စည်း၍ စစ်တပ်က ထိန်းချုပ်ထားသည့် စီးပွားရေးကဏ္ဍအထိပါ ထိုးဖောက်ဝင်ရောက် လာခဲ့ခြင်းဖြစ်သည်ဟု JFM က ထုတ်ပြန်ထားသည်။

ထိုထုတ်ပြန်ချက်အရ ဦးကိုကိုလတ်သည် ၂၀၂၃ ခုနှစ်တွင် K K Aviation Support Services ကုမ္ပဏီနှင့် Saman Petroleum Cooperation ကုမ္ပဏီတို့ကို ထပ်မံထူထောင်ခဲ့သည်။ Saman Petroleum Cooperation ကုမ္ပဏီသည် နိုင်ငံခြားကုမ္ပဏီတစ်ခုဖြစ်ကာ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ထုတ်ယူရေးအတွက် မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်သည်။ စွမ်းအင်ကဏ္ဍသည် စစ်တပ်အတွက် နိုင်ငံခြားဝင်ငွေ အမြောက်အမြားရရှိစေသည့် လုပ်ငန်းဖြစ်သည်။

ထို့အပြင် ၂၀၂၄ ခုနှစ်တွင်လည်း အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးနှင့်ဆိုင်သည့် Bavarian Investment Company Limited ကို တည်ထောင်ခဲ့သလို K K International General Insurance Agency ကုမ္ပဏီနှင့် K K International Life Insurance Agency ကုမ္ပဏီ အမည်များဖြင့် အာမခံလုပ်ငန်းနှစ်ခုကို ထူထောင်ခဲ့သည်။

အလာတူး ၂၀၂၅ ခုနှစ်တွင်လည်း K K Special Security Service အမည်ဖြင့် လုံခြုံရေးကုမ္ပဏီတစ်ခုကိုလည်း ထပ်မံထူထောင်ခဲ့သည်။

စစ်တပ်လုပ်ငန်းများနှင့် တိုက်ရိုက် ဆက်နွှယ်နေမှု

ဦးကိုကိုလတ်သည် စစ်တပ်ပိုင်လုပ်ငန်းများအနက် ဟိုတယ်လုပ်ငန်းနှင့် သစ်လုပ်ငန်းများတွင် တိုက်ရိုက် ဆက်နွှယ်မှုများရှိနေသည်ဟု JFM က ဆိုသည်။

ရန်ကုန်မြို့ရှိ MEHLလက်အောက်ရှိ ဟိုတယ်လုပ်ငန်းစုတစ်ခုဖြစ်သော Central Hotel ကို  ၁၅ နှစ်စာချုပ်ဖြင့် ဦးကိုကိုလတ်က ငှားရမ်းလုပ်ကိုင်နေခြင်းဖြစ်သည်JFM ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါလုပ်ငန်းလုပ်ကိုင်ခွင့်ဆိုင်ရာအချက်ကို  စစ်တပ်လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့   ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ဦးကိုကိုလတ် တင်သွင်းခဲ့သော သွင်းကုန်ခွင့်ပြုမိန့်လျှောက်လွှာ တွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါစာမှာ တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော Eitai (Xiamen) New Energy Technology ထံမှ အမေရိကန်ဒေါ်လာ နှစ်သိန်းနီးပါး ( ဒေါ်လာ ၁၈၃,၇၉၃) တန်ဖိုးရှိ ဟိုတယ်သုံးပစ္စည်းများဝယ်ရန် နို်င်ငံခြားငွေအသုံးပြုမှုနှင့်ပတ်သက်၍ တင်ပြသည့် စာဖြစ်သည်။

ကိုကိုလတ်က ၎င်းအနေဖြင့်  Central Hotel နှင့် ပတ်သက်မှုမှာ ကြက်ကြော်ဆိုင်တစ်ဆိုင်သာ ဖြစ်ကြောင်း ငြင်းဆိုထားသည်ဟု JFMထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် K K Business Groupသည် စစ်တပ်၏ ပင်မငွေအရင်းအမြစ်များအနက် တစ်ခုဖြစ်သော မြန်မာ့သစ်လုပ်ငန်း (MTE) အတွက် အားထားရသည့် ဖောက်သည်တစ်ဦးဖြစ်သလို နိုင်ငံတကာက ပိတ်ဆို့ထားသည့် ဘဏ်လုပ်ငန်းမှတဆင့် MTE ကိုယ်စား ရောင်းဝယ်မှုများပြုလုပ်ခဲ့သည်ဟု JFM က ဆိုသည်။

MTE သည် စစ်တပ်ကို ဝင်ငွေအမြောက်အများရရှိစေသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ထိုလုပ်ငန်းကို EU၊ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ထားသည်။

JFM ၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် နှင့် ၂၀၂၃ ခုနှစ်အတွင်း MTE က ကျင်းပသည့် လေလံပွဲများတွင် ကျွန်းသစ်ဝယ်ယူခဲ့သည့် ကုမ္ပဏီ ၄၀ အနက် K K Business Groupသည် အကြီးဆုံးဖောက်သည် တစ်ဦးဖြစ်ကြောင်း၊ လေလံ ၁၀ ပွဲတွင် အနည်းဆုံး အကြိမ် ၁၉၀ ကျော် ရရှိခဲ့သည်။

၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း K K Business Groupသည်  သစ်တန်ချိန် ၁၇၉ ဒသမ ၅ ခန့်ကို တူရကီနိုင်ငံသို့ တင်ပို့ခဲ့ပြီး MTE ၏ လေလံပွဲများတွင် ထိုကုမ္ပဏီက ကျွန်းသစ်ဝယ်ယူခဲ့သည့်ကာလများနှင့် ကိုက်ညီနေသည်ကို စုံစမ်းတွေ့ရရှိရသည်ဟု JFM က ဆိုသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်တပ်လက်အောက်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ K K Myanmar Groupက ခွင့်ပြုချက်တောင်းခံခဲ့သည့် စာရွက်စာတမ်းများအရ ထိုကုမ္ပဏီသည် MTE ထံမှ သစ်များကို တရကီနိုင်ငံသို့ တင်ပို့ပေးနေသည့် ကွင်းဆက်တစ်ခုအဖြစ် ဖော်ပြနေသည်ဟု JFMက ဆိုသည်။

စာရွက်စာတမ်းများအရ အမေရိကန် ဒေါ်လာ တစ်သိန်းကျော် (ဒေါ်လာ ၁၃၆,၅၂၀) တန်ဖိုးရှိ ကျွန်းသစ် ၃၂ တန်ကို တူရကီရွက်လှေထုတ်လုပ်ငန်းစုဖြစ်သော Harman Turizm Yatcilik ရောင်းချခွင့်ရရန် K K Myanmar Group က ခွင့်ပြုချက်တောင်းခံခဲ့ခြင်းဖြစ်သည်။

စာရွက်စာတမ်းများတွင် K K Myanmar Groupသည် ပိုင်ရှင်နှင့် ရောင်းသူအဖြစ် ဖော်ပြထားပြီး ငွေပေးချေမှုကို မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) မှတဆင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

MFTB သည် စစ်တပ်က ထိန်းချုပ်ထားသည့် ဘဏ်ဖြစ်ပြီး အမေရိကန်၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ထားသည်။

အလားတူ ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် W2E Company Limited သို့ သစ်တင်ပို့ရန် ခွင့်ပြုချက်တောင်းခံခဲ့သည့် စာရွက်စာတမ်းများတွင်လည်း K K Myanmar Groupသည် ဒေါ်လာ သုံးသောင်း (၃၃,၆၀၇) တန်ဖိုးရှိ ကျွန်သစ်အချောထည် ၁၂ တန်ကို တင်ပို့ခဲ့ကြောင်း ငွေပေးချေမှုတွင် MFTB ကိုသာ အသုံးပြုခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါအချက်အလက်များနှင့်ပတ်သက်၍ ၎င်းအနေဖြင့် MTE နှင့် အရောင်းအဝယ်ပြုလုပ်ခဲ့ခြင်းမဟုတ်ဘဲ တတိယအဖွဲ့အစည်းများအတွက် ကုန်စည်ပို့ဆောင်ရေး၊ အကောက်ခွန်ရှင်းလင်းရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်စပ်အေဂျင်စီများကို ပံ့ပိုးပေးရသည့် လုပ်ငန်းများတွင်သာ အကန့်အသတ်ဖြင့် ပါဝင်ခဲ့ခြင်းဖြစ်သည်ဟု  ဦးကိုကိုလတ်၏ တုံ့ပြန်ချက်ကို JFM က ဖော်ပြထားသည်။

ဦးကိုကိုလတ်သည် စစ်တပ်၏ စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်နေမှုအပြင် စစ်တပ်ဆေးရုံးနှင့် ရဲများကိုလည်း လှူဒါန်းမှုများပြုလုပ်သည်။

ထို့အပြင် စစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် သံတမန်ရေးရာသင်တန်းများအတွက် ပံ့ပိုးပေးခဲ့သလို  ၂၀၂၅ ခုနှစ် နီပေါ- မြန်မာ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးကုန်စည်ပြပွဲသို့ စစ်တပ်လက်အောက်ခံ ခေါင်းဆောင်များတက်ရောက်ရေးအတွက် စပွန်ဆာပေးခဲ့သည်ဟု JFM က ဆိုသည်။

Myanmar Now

ဆက်စပ်သတင်းများ

AI Curated
စစ်တပ်စီးပွားဖက် မြန်မာလုပ်ငန်းရှင်၏ ကောင်စစ်ဝန်ရာထူးကို အိုက်စလန်ပြန်ရုပ်သိမ်း | YGN Daily