
ချောင်းဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်အုပ်စု စစ်ကြောင်းထိုး မီးရှို့
AI Summary
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ဆင်မြေ၊ ငါးလုံးတင်၊ မထိသာ စသည့် ကျေးရွာသုံးရွာကို စစ်အုပ်စုတပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးနေသည်။ ပြီးခဲ့သည့် မေလ ၉ ရက်နေ့မှစ၍ စစ်အုပ်စုတပ်များ ဝင်ရောက်လာပြီးနောက် မီးရှို့မှုများ စတင်ခဲ့ခြင်းဖြစ်ကာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။ လက်ရှိတွင် ကျေးရွာခြောက်ရွာထက်မနည်းမှ ဒေသခံအများအပြား စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်လျက်ရှိသည်။ စစ်အုပ်စုသည် ရွာများမှ ပစ္စည်းများကို ကားများဖြင့် တိုက်သယ်နေသည်ကိုလည်း တွေ့ရသည်။ ချောင်းဦးနယ် အနောက်မြောက်ခြမ်းတွင် စစ်အုပ်စုကင်းထောက် Drone များ ဝဲနေသဖြင့် လေကြောင်းတိုက်ခိုက်မှု ဖြစ်နိုင်ခြေရှိ၍ ဒေသခံများအနေဖြင့် ဂရုစိုက်ကြရန် ပကဖက သတိပေးတိုက်တွန်းထားသည်။
ဓါတ်ပုံ – ချောင်းဦးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူအချို့အား ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ဆင်မြေ၊ ငါးလုံးတင်၊ မထိသာ စသည့် ကျေးရွာသုံးရွာကို စစ်အုပ်စုက စစ်ကြောင်းထိုးမီးရှို့နေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ချောင်းဦးဒေသခံများထံမှ သိရသည်။ (We are People)
001 (ဇွန် ၁၁)
မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ဆင်မြေ၊ ငါးလုံးတင်၊ မထိသာ စသည့် ကျေးရွာ သုံးရွာကို စစ်အုပ်စုတပ်က စစ်ကြောင်းထိုးမီးရှို့နေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ချောင်းဦးဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် မေလ ၉ ရက်နေ့တွင် စစ်အုပ်စုတပ်သည် ချောင်းဦးမြို့နယ်ရှိ အဆိုပါကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
“မနေ့ကနဲ့ ဒီနေ့ စရှို့တာပဲဗျ။ အိမ်တွေကလည်း များတယ်။ အခုလောလောဆယ် သုံးရွာပေါ့။ သုံးရွာနဲ့ အိမ်ခြေ ဘယ်လောက်ရှိတယ် ဘာတယ် မသိဘူး။ အခုမှ ရှို့ကြတုန်းပဲ။ မီးခိုးက တောက်လျှောက်လုံးနေတာ” ဟု ယနေ့ (ဇွန်လ ၁၁ ရက်)နံနက်ပိုင်းတွင် ပြောသည်။
လက်ရှိတွင် စစ်အုပ်စု စစ်ကြောင်းထိုးမှုကြောင့် ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာ ခြောက်ရွာထက်မနည်းမှ ဒေသခံအများအပြား စစ်ဘေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် အမိုးအကာများလည်း လိုအပ်နေကြောင်း သိရသည်။
“(စစ်ကြောင်းက) မထွက်သေးဘူးဗျ။ မနေ့ကနဲ့ ဒီနေ့ကတော့ ကားတွေ ခြောက်ဘီးကား၊ ၁၂ ဘီးကားတွေနဲ့ (ရွာတွေက) ပစ္စည်းတွေ တိုက်သယ်နေတာတွေ့တယ်။ မြို့ပေါ်တိုက်သယ်တာပေါ့ဗျာ။ နမခတို့ရော ဒီချောင်းဦးတို့ရော တိုက်ပို့နေတာပေါ့”ဟု ဒေသခံက ပြောသည်။
ချောင်းဦးမြို့နယ်အတွင်းရှိ အခြေအနေများနှင့် ပတ်သက်ပြီး အသေးစိတ်မေးမြန်းနိုင်ရန် ချောင်းဦးမြို့နယ်၊ ပကဖထံသို့ မဇ္ဈိမက ဆက်သွယ်နေသော်လည်း ဆက်သွယ်၍ မရသေးပေ။
စစ်အုပ်စုသည် ချောင်းဦးမြို့နယ်အတွင်းသို့ ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့မှစပြီး စစ်ကြောင်း ထိုးနေခြင်းဖြစ်ကြောင်း ချောင်းဦးမြို့နယ်၊ ပကဖက ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့တွင် ထုတ်ပြန်အသိပေးထားသည်။
ထို့နောက် ဇွန်လ ၁ ရက်နေ့၊ ၃ ရက်နေ့၊ ၆ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် ချောင်းဦးမြို့နယ်အတွင်း စစ်အုပ်စုနှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှ အထိနာခဲ့ကြောင်း ချောင်းဦးဒေသခံက ပြောသည်။
လက်ရှိတွင် ချောင်းဦးနယ် အနောက်မြောက်ခြမ်းတွင် စစ်အုပ်စု ကင်းထောက် Drone ဝဲထားပြီး အဆိုပါ Drone ဝဲခဲ့သည့် နေရာများတွင် လေကြောင်းတိုက်ခိုက်မှု လုပ်နိုင်ခြေရှိသည့်အတွက် ဒေသခံများအနေဖြင့် အထူးဂရုစိုက်ကြရန်၊ ဗုံးခိုကျင်းများ စနစ်တကျတူးခြင်း၊ ရှိပြီးဖြစ်သည့် ဗုံးခိုကျင်းများအား လုံခြုံမှုစစ်ဆေးခြင်းများ ကြိုတင်ပြုလုပ်ကြရန် ချောင်းဦး၊ ပကဖက ယမန်နေ့(ဇွန် ၁၀) က ထုတ်ပြန်တိုက်တွန်းထားသည်။
စာတည်း – သန့်ဇော်(သန်လျင်)