
AI Summary
ရခိုင်၊ ကျောက်ဖြူ၊ တောင်မော်ကြီး ရေတပ်နား တိုက်ပွဲပြင်း။ AA စစ်သားအလောင်း၊ စစ်သုံ့ပန်း၊ လက်နက် ရ။ စစ်တပ် အကျအဆုံးများ၊ ဆယ်ဦးကျော် အလံဖြူထောင်။ စစ်တပ် ရှုံး၊ ရွာများ လေကြောင်း ဗုံးကြဲ။
(အလံဖြူထောင်လက်နက်ချလာသူများလည်းရှိနေဟုဆို)
နိရဉ္စရာ မေ ၂၄ / ၂၀၂၆
ရခိုင်ပြည်၊ကျောက်ဖြူမြို့နယ်မဒေးကျွန်း အနီးတွင်တည်ရှိသော တောင်မော်ဦး(ခ) တောင်မော်ကြီး ရေတပ်စခန်းအနီး ဖြစ်ပွားနေသောတိုက်ပွဲအတွင်း အာရက္ခတပ်တော်မှ စစ်သားအလောင်းများ၊စစ်သုံ့ပန်းနှင့်လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိသည်ဟု ဒေသတွင်းစစ်ရေးရင်းမြစ်တစ်ခုက ပြောကြားသည်။
“ အကြမ်းဖက်စစ်တပ်က ထိုးစစ်ကနေ ခံစစ်ဖြစ်သွားတယ်။ ခံစစ်ဖြစ်သွားတော့နေရာဖြန့်ခွဲပြီးခုခံတယ်။AA ကတိုက်တာ ကာကင်းစခန်းရော၊ခံစစ်စစ်ကြောင်းရော၊နောက်တန်းကစစ်ကူလာတဲ့စစ်ကြောင်းတွေကိုအကုန်ဝိုင်းဝန်းပိတ်ဆို့ပြီးတိုက်တာ။ ကာကင်းတွေ၊စစ်ကြောင်းတွေအကုန်ကျတယ်။ စစ်သုံ့ပန်းရော၊အလောင်းတွေရော၊ လက်နက်ခဲယမ်းတွေရော သိမ်းဆည်းရမိတယ်” ဟု အဆိုပါစစ်ရေးသတင်းရင်းမြစ်ကနိရဉ္စရာကိုပြောသည်။
အာဏာသိမ်းစစ်တပ်မှ ကြည်း၊ရေ၊လေ အင်အားအစုံသုံးပြီး အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအား ထိုးစစ်ဆင်ခဲ့သော်လည်း အောင်မြင်မှုမရဘဲ နောက်ဆုတ်သွားခဲ့ရပြီး လက်ရှိ တိုက်ပွဲမှာ တောင်မော်ကြီး ရေတပ်နားသို့ထိ ရောက်ရှိသွားပြီဟု ဆိုသည်။
"ဒီရက်ပိုင်းမှာ တိုက်ပွဲကလည်းပြင်းတယ်။ AA ဖက်ကလည်းတက်လာတဲ့စစ်ကြောင်းမှန်သမျှအကုန်တိုက်နေတာပါ။အခုစစ်တပ်ရဲ့ ခံစစ်အနေအထားကရေတပ်နားကပ်နေပြီ။နှစ်ဖက်တိုက်ပွဲက တောင်မော်ကြီးရေတပ်နားထိကပ်လာတော့ သူတို့စစ်တပ်ကလည်း လေကြောင်း၊ရေကြောင်းနဲ့ ခမရ ၅၄၃၊၅၄၂ ၊ခလရ ၃၄ သာမက ဓည၀တီနေဗီဌာနချုပ်၊ရဲတပ်ရင်း ၃၂ ကပါ အကုန်ထုတ်သုံးတာ။စုပေါင်းစစ်ကူအင်အားတွေနဲ့အသည်းအသန်တောင်မော်ဦးကိုကာကွယ်နေရပြီ” ဟု ပြောသည်။
နောက်ထပ် စစ်ရေးအခြေအနေကို သိရှိနေသူ ဒေသခံတစ်ဦးကလည်း အာဏာသိမ်းစစ်တပ်အနေဖြင့် အကျအဆုံးများပြားနေပြီး အလံဖြူထောင် လက်နက်ချလာသူလည်း တစ်ဆယ်ကျော်ခန့်ရှိနေပြီ ဖြစ်ကြောင်း ပြောကြားသည်။
" ဘယ်လို ပြောရမလဲ။ ကျားကိုမှသွားစမ်းတာကို။ အခုက ထိုးစစ်ကနေခံစစ်ဖြစ်ရုံမက ရေတပ်တပ်ရင်းစခန်းပါကျတော့မယ့်အခြေအနေဖြစ်သွားပြီ။စစ်တပ်ဘက်က အခုလိုအကျဆုံးများလာတဲ့အတွက်အလံဖြူထောင်အလင်းဝင်လာသူတွေသူတွေတောင်ဆယ်နဲ့ ချီရှိနေပြီ။ တပ်တော်ကလည်း သတင်းထုတ်ပြန်နိုင်ပါတယ်” ဟု ပြောသည်။
ယခုလ မေ ၂၀ ကနေ ၂၃ ထိစစ်သားတစ်ဆယ်ကျော်ခန့် အလံဖြူထောင် လက်နက်ချမှုများရှိခဲ့သည်ဟု မြေပြင်စစ်ရေးများသတင်းအရသိရသည်။
အာဏာသိမ်း စစ်တပ်သည် တောင်မော်ကြီး ရေတပ်တိုက်ပွဲတွင် အနိုင်မရဘဲ အရှုံးပေါ်နေသဖြင့် အနီးအနားရှိ လူနေကျေးရွာများကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေသဖြင့် ဒေသခံပြည်သူများ အထူးသတိထားကြရန်လိုအပ်ကြောင်း ၎င်းသတင်းရင်းမြစ်များက ပြောဆိုသည်။