
AI Summary
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုတွင် ဇွန်လ ၁၁ ရက်နေ့က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်သားနှစ်ဦးက ဦးထိန်ပိုင်ဇော်ရိန်၏ နေအိမ်ကို သေနတ်ဖြင့် ခြိမ်းခြောက်ဓားပြတိုက်ကာ ငွေကျပ်သိန်း ၃၀ ယူဆောင်သွားခဲ့သည်။ ၎င်းတို့သည် Toyota 4 wheel ကားဖြင့် လာရောက်ခဲ့ပြီး မင်းဇင်သန့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ဒေသခံများက ဖော်ထုတ်ပြောဆိုသည်။ ဖားကန့်ဒေသတွင် ပြည်သူ့စစ်များ၏ ဓားပြတိုက်မှုများသည် နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး ဇွန်လ ၉ ရက်နေ့ကလည်း နှစ်ခြင်းအသင်းတော် အတွင်းရေးမှူးနေအိမ် အတိုက်ခံခဲ့ရသည်။ ဒေသခံများက စစ်တပ်က လက်သပ်မွေးထားသော ပြည်သူ့စစ်များကို မထိန်းချုပ်နိုင်ဖြစ်နေပြီး ၎င်းတို့၏ လုပ်ရပ်များမှာ ဆိုးဝါးလာသည်ဟု ပြောဆိုကြသည်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်အာဏာရှင်တပ်ကြား စစ်ရေးတင်းမာနေချိန်တွင် ပြည်သူ့စစ်များ၏ ဓားပြတိုက်မှုများ ပိုမိုဆိုးရွားလာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုမှာ စစ်တပ်လက်အောက်ခံ ပြည်သူ့ စစ်တပ်သား ၂ ယောက်က ဒီနေ့ ဇွန် ၁၁ ရက် မနက်ပိုင်းမှာ ဓားပြဝင်တိုက်ပြီး ငွေကျပ်သိန်း ၃၀ ယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လုံးခင်းကျေးရွာအုပ်စု၊ ရပ်ကွက် ၅၊ ရိုးရာရုံးလမ်းက ဦးထိန်ပိုင်ဇော်ရိန် နေအိမ်ကို မနက် ၅ နာရီခွဲ ကျော်မှာ Toyota 4 wheel ကားနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ယောက် ဝင်ရောက် ဓားပြ တိုက်သွားတာ လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဓားပြဝင်တိုက်သွားတာ ဟုတ်တယ်။ လူငယ် ၂ ယောက် သေနတ်တွေ ပါတယ်။ မင်းဇင်သန့် ပြည်သူ့စစ်တပ်ဖွဲ့ကလို့ ပြောတယ်။ သေနတ်နဲ့ခြိမ်းခြောက် ဓားပြတိုက် သွားတာ။ သေနတ်နဲ့ ဘက်ချ်တံဆပ်ကို မြင်လိုက်လို့ သူတို့မှန်းသိရတာပါ” လို့ DVB ကို ပြောပါတယ်။
ဓားပြတိုက်သူ ၂ ယောက်ဟာ အိမ်ခြံဝင်းထဲ ဝင်လာကြပြီး သေနတ်ပြ အနုကြမ်းစီးသွားသလို ငွေကျပ် သိန်း ၃၀ ကျော် ယူသွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်ကလည်း “ဓားပြတိုက်တာကတော့ နေ့တိုင်းနီးပါးကို ဖြစ်နေတာပဲ။ လမ်းသွား လမ်းလာ မဟုတ်လည်း ကိုယ့်အိမ်ထဲမှာနေလည်း လာတိုက်တာပဲ။ ဝါရာဇွပ် ပြည်သူ့စစ်တွေ တော်တော် ဆိုးတယ်။ သူတို့ကို စစ်တပ်က လက်သပ်မွေးထားတော့ မထိန်းနိုင်ဘူး ဖြစ်နေတာ” လို့ ပြောပါတယ်။
ဇွန် ၉ ရက်ကလည်း မူရင်း နှစ်ခြင်းအသင်းတော် အတွင်းရေးမှူး နေအိမ်ကို ဓားပြဝင်တိုက်လို့ ငွေတွေ ပါသွားပေမဲ့ ဘယ်လောက်ပါသွားတယ် ဆိုတာကိုတော့ သက်ဆိုင်သူတွေဘက်က ပြောပြ တာ မရှိပါဘူး။
ဖားကန့်မှာ ကျောက်ဝိုင်းပြန်လူတွေကို လမ်းကနေ ဓားပြဝင်တိုက်တာ၊ မနက်ခင်း ဈေးဝယ်သူတွေ ဆီက ဓားပြတိုက်တာတွေဟာ နေ့စဥ်နီးပါး ဖြစ်နေတာလို့ ဆိုပါတယ်။
ဖားကန့်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်အာဏာရှင်တပ်ကြား စစ်ရေး တင်းမာ နေချိန် ပြည်သူ့စစ်တွေ ဓားပြဝင်တိုက်တာတွေလည်း ဆိုးဝါးလာတယ်လို့ ပြောဆိုကြပါတယ်။