
ရန်ကုန်တွင် စစ်အာဏာရှင်လက်အောက်ခံ လဝကဝန်ထမ်းများက လာဘ်စားနေ

လမင်းစီမံချက်နဲ့ အများပြည်သူကို နိုင်ငံသားစိစစ်ရေးကတ်နဲ့ အိမ်ထောင်စုစာရင်း ထုတ်ပေးနေတဲ့ ရန်ကုန်တိုင်းက စစ်အာဏာလက်အောက်ခံ မြို့နယ်လဝကရုံးတွေမှာ ဝန်ထမ်းတွေက ငွေကြေးတောင်းခံ အဂတိလိုက်စားမှုတွေ ဆက်ဖြစ်နေပြီး အခက်အခဲတွေကြုံနေရတယ်လို့ ကိုယ်တိုင် ကြုံတွေရသူတချို့က DVB ကို ပြောပါတယ်။
သာကေတမြို့နယ်မှာ နေထိုင်သူတယောက်က “နယ်ပြောင်း၊ အိမ်ထောင်စုစာရင်းလုပ်တာ ၃ ပတ်လောက် ရှိပြီ။ ရက်တွေ တရက်ပြီး တရက်ချိန်း နေတာ။ သူတို့ပြောတာ အခမဲ့။ ကုန်လိုက်တဲ့ငွေ သောက်သောက်လဲပဲ။ တခါလာ ကျပ် ၂၀,၀၀၀ ၊ ၃၀,၀၀၀ မပေးရင် မရဘူး။ ငွေမပေးရင် အောက်ခြေက ဘာမှကို မလုပ်ပါဘူးဗျာ။ စီမံချက်ဆိုပြီး အောက်ခြေကို လာကြည့်ပါဦး” လို့ ပြောပါတယ်။
စစ်အာဏာရှင်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဟာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကစပြီး အသက် ၁၈ ပြည့်ပြီးပေမဲ့ မှတ်ပုံတင်မရသေးသူတွေ၊ အသက် ၁၀ နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူတွေနဲ့ သဘာဝဘေးအန္တရာယ်နဲ့ အခြေအနေအမျိုးမျိုးကြောင့် အိမ်ထောင်စုစာရင်း မှတ်ပုံတင်ပျောက်ဆုံး၊ ပျက်စီးသွားသူတွေကို မှတ်ပုံတင်ရရှိရေးအတွက် လမင်းစီမံချက်နဲ့ ဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ဘေးသင့်ဒေသတချို့ကနေ ပြောင်းရွှေ့လာသူ၊ အထောက်အထားမပြည့်စုံသူတွေကိုပါ လဝကဝန်ကြီးဌာန ဝန်ထမ်းတွေက မြို့နယ်အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ခဲ့တာပါ။
ဒါပေမဲ့ မြေပြင်ရုံးတွေက လဝက ဝန်ထမ်းတွေဟာ ဒီစီမံချက်ကို အသုံးချပြီး ငွေတောင်းတာတွေ ပိုမိုလုပ်လာသလို အထောက်အထားမစုံတဲ့ နယ်ကနေ ပြောင်းရွှေ့လာသူတွေကို ရက်ချိန်းအဆင့်ဆင့်ချိန်းတာ၊ ငွေတောင်းခံတာတွေ လုပ်နေတာကြောင့် မှတ်ပုံတင် သွားရောက် လုပ်ဆောင်သူတွေ အခက်အခဲကြုံနေရတာပါ။
အသက် ၁၈ နှစ်ပြည့်မှတ်ပုံတင် လဲရာမှာလည်း တယောက်ကို ငွေကျပ် ၈၀,၀၀၀ အထိ ပေးရတဲ့အပြင် မှတ်ပုံတင် ပျောက်ဆုံးအတွက်လည်း ငွေကျပ် ၂ သိန်းလောက် အနည်းဆုံး ပေးရတယ်လို့ ကိုယ်တိုင်ကြုံတွေ့လာရသူတချို့က ပြောပါတယ်။
အင်းစိန်မြို့နယ် လဝကရုံးမှာ ကိုယ်တိုင်ကြုံလာသူတယောက်က “အသက်ပြည့် မှတ်ပုံတင်လဲတာ ကျပ် ၈၀,၀၀၀ ပေးရမယ် ပြောတယ်။ မပေးရင် ချက်ချင်းရဖို့ မရှိဘူး။ ဦးစီးမှူး ခရီးသွားနေတယ်ဆိုပြီး တရက်ပြီး တရက် ချိန်းတယ်။ တရက်တည်း ရအောင်လုပ်ပေးပါလား၊ လာရတာဝေးလို့ပါ ဆိုတော့ ၈၀,၀၀၀ နဲ့ ချက်ချင်းရတယ်” လို့ ပြောပါတယ်။
တိုက်ပွဲတွေကြောင့် နေရပ်ရွှေ့ပြောင်းနေထိုင်ရသူတွေဟာ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေကို ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ များလာပါတယ်။ အဲဒီအထဲမှာ မှတ်ပုံတင်မရရှိသေးသူတွေလည်း ပါဝင်နေပြီး တချို့က ခရီးသွားထောက်ခံစာတွေနဲ့ ပြောင်းရွှေ့လာကြရတာပါ။
ရန်ကုန်ရောက် စစ်ဘေးရှောင်တယောက်ကတော့ “သူတို့က အထောက်အထားတွေ အစုံရအောင် တရစ်ချင်း ရစ်နေတာပါ။ ပြီးရင် မအားသေးဘူး၊ တရက်စောင့်၊ ၂ ရက်စောင့်နဲ့ ရက်ချိန်းတွေ ဆက်တိုက်ပေးတယ်။ ကိုယ်တိုင်ပြန်လို့ မရတော့တဲ့ ဒေသတွေဆိုရင် ပိုဆိုးတယ်။ အဓိကတော့ ပိုက်ဆံလိုချင်တာပါ။ ပိုက်ဆံ သူတို့ လိုသလောက် မပေးမချင်း နည်းမျိုးစုံနဲ့ အဆင်မပြေအောင် ရစ်တာပေါ့ဗျာ” လို့ ပြောပါတယ်။
စစ်အာဏာရှင်အစိုးရကတော့ လက်ရှိ လမင်းစီမံချက်အရ သဘာဝဘေးနဲ့ စစ်ဘေးကြောင့် အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင် ပျောက်ဆုံး၊ ပျက်စီးသူတွေ၊ အထောက်အထားမပြည့်စုံသူတွေကို သက်ဆိုင်ရာ လဝက ဦးစီးမှူးရုံး အချင်းချင်း ချိတ်ဆက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်အဆင့် ၅ ဦးကော်မတီနဲ့ စိစစ်အတည်ပြုကာ အိမ်ထောင်စု လူဦးရေစာရင်းနဲ့ နိုင်ငံသားကတ်ထုတ်ပေးနေတဲ့အပြင် အီလက်ထရောနစ် စနစ်နဲ့ အချက်အလက်ကောက်ယူတဲ့ UID ကိုပါ ကောက်ယူသွားမယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် ဒီလုပ်ငန်းစဉ်ကို ရက် ၁၀၀ ကာလအတွင်း မပြီးစီးပါကလည်း ရည်မှန်းချက် ပြည့်မီတဲ့အထိ ကာလတိုးမြှင့်ပြီး လုပ်ဆောင်သွားမယ်လို့ စစ်အာဏာရှင်အစိုးရက ထုတ်ပြန်ထားတာပါ။