
AI Summary
စစ်အာဏာရှင်တပ်က ဇွန်လ ၁၁ ရက်နေ့တွင် ချင်းပြည်မြောက်ပိုင်း ဟားခါး-ထန်တလန် လမ်းတလျှောက်လုံးကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု ကြေညာခဲ့သည်။ ၎င်းတို့သည် ဇွန်လ ၅ ရက်မှစ၍ C3 နှင့် အော်တိုတောင်ကုန်းတို့ကို လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးပစ်ကူများဖြင့် အင်အား ၃၀၀ ဝန်းကျင်အသုံးပြုကာ ထိုးစစ်ဆင်ခဲ့ပြီး ချင်းပူးပေါင်းတပ်များက စခန်းကုန်းများကို လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။ စစ်တပ်သည် ချင်းပြည်တောင်ပိုင်း မင်းတပ်၊ မတူပီ၊ ပလက်ဝ မြို့နယ်များဘက်သို့လည်း မြေပြင်အင်အား ၂,၀၀၀ ကျော်အထိ အသုံးပြုကာ ဖြတ် ၄ ဖြတ်စနစ်ဖြင့် ဖိအားပေး တိုက်ခိုက်နေသည်။ ဤအခြေအနေကြောင့် ချင်းပြည်သူများနှင့် ဒေသကာကွယ်ရေးအဖွဲ့များသည် စားဝတ်နေရေး၊ ဆေးဝါးနှင့် အာဟာရ အပါအဝင် အခြေခံလိုအပ်ချက်များစွာ ကြုံတွေ့နေရသည်။ တစ်ချိန်တည်းမှာပင် မကွေးဒေသခံ ကာကွယ်ရေးအဖွဲ့များက ချင်းပြည်ဘက်သို့ စစ်တပ်အင်အားပို့ဆောင်မှုကို တားဆီးရန် မြိုင်နှင့် ပေါက်နယ်ရှိ ပျူရွာများနှင့် ရဲစခန်းများကို သိမ်းယူခဲ့သည်။ လက်ရှိတွင် ချင်းပြည်နယ်တစ်ခုလုံး၌ စစ်တပ်က မြေပြင်အင်အား ၆,၀၀၀ ဝန်းကျင်အထိ အသုံးပြုနေပြီး၊ ကလေး-တမူး ကားလမ်းကိုလည်း လုံခြုံရေးအခြေအနေအရ ယာယီပိတ်ထားသည်။

ကာကွယ်ရေးအဖွဲ့တွေ ထိန်းထားတဲ့ စခန်းပွိုင့်တွေကို သိမ်းယူပြီးနောက် ချင်းပြည်မြောက်ပိုင်း ဟားခါး-ထန်တလန် လမ်းတလျှောက်လုံးကို ပြန်ထိန်းချုပ်နိုင်ပြီလို့ စစ်အာဏာရှင်ဘက်က ဇွန် ၁၁ ရက်မှာ ကြေညာပါတယ်။
ဇွန် ၅ ရက်ကစပြီး စစ်တပ်က C3 တောင်ကုန်းနဲ့ အော်တိုတောင်ကုန်းတို့ကို လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးပစ်ကူတွေသုံးပြီး အင်အား ၃၀၀ ဝန်းကျင်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် ဟားခါး-ထန်တလန် လမ်းပေါ်က စခန်းကုန်းတွေကို ချင်းပူးပေါင်းတပ်တွေက ပြန်လက်လွှတ်ခဲ့ရတာပါ။
ချင်းပြည်တောင်ပိုင်း မင်းတပ်၊ မတူပီ၊ ပလက်ဝ မြို့နယ်တွေဘက်ကိုလည်း စစ်တပ်က အလားတူ ဖိအားပေး တိုက်ခိုက်နေပါတယ်။
မကွေး၊ ယောဒေသကတဆင့် ချင်းပြည်တောင်ပိုင်းကို စစ်တပ်က မြေပြင်အင်အား ၂,၀၀၀ ကျော်အထိ အသုံးပြုနေသလို ဒရုန်း၊ လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ ဆက်တိုက် ဖိအားပေးနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောပါတယ်။
“စစ်ရေးနဲ့ပတ်သက်လို့တော့ မှတ်ချက်မပြုသေးလိုပါဘူးဗျ၊ စစ်ရေးက မရေရာသေးလို့လေနော်၊ နည်းနည်း စောင့်ကြည့်ရမဲ့ အခြေအနေမျိုးလည်း ရှိသေးလို့ပါ။ ခုခံစစ်နဲ့ပတ်သက်လို့တော့ ကျနော်တို့ လောလောဆယ်အထိတော့ အကောင်းဆုံး ထိန်းထားနိုင်တယ်၊ တားထားနိုင်တဲ့ အခြေအနေ ရှိပါတယ်။ ရာသီဥတု အခြေအနေအရရော မြေပြင်အခြေအနေအရရောပေါ့နော်။ စားဝတ်နေရေး ခက်ခဲတာတွေ၊ လိုအပ်ချက်တွေတော့ အများကြီးရှိတယ်။ နောက်က ထောက်ပို့လုပ်နေတဲ့ ပြည်သူတွေရော၊ စစ်ဘေးရှောင်တာတွေရော၊ ရဲဘော်တွေကတော့ ရှေ့မှာ အားကြိုးမာန်တက်နဲ့ တားထားနိုင်တယ်၊ ကာထားနိုင်တဲ့ အခြေအနေ ရှိပါတယ်။ ကျနော်တို့ လုံးဝခုခံနိုင်မယ်၊ ခုခံတဲ့နေရာကနေ တွန်းလှန်နိုင်မယ်လို့ ယုံကြည်ချက်တော့ အားလုံး ကိုယ်စီ စိတ်ထဲမှာ ရှိကြတယ်။ အဲဒီအတွက်လည်း အကောင်းဆုံး ကြိုးစားနေကြတယ်ပေါ့။ လက်ရှိမှာတော့ ရဲဘော်တွေရဲ့ ဆေးဝါးတွေ၊ အာဟာရအတွက် လိုအပ်တာတွေ ရှိတယ်။ တခြား အသုံးအဆောင်ပစ္စည်းတွေ တော်တော်လေး လိုအပ်နေတာတော့ ရှိပါတယ်။”
ချင်းပြည်တောင်ပိုင်းကို စစ်တပ်က ထောင်ချီအင်အားသုံး ပိတ်ဆို့တာဟာ လတ်တလော မသိမ်းနိုင်သေးရင်တောင် ဖြတ် ၄ ဖြတ်စနစ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေကို စစ်ပန်းပြီး အကျပ်ရိုက်အောင် ဗျူဟာပြင်ဆင်တာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ ဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေနဲ့ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဝိုင်းဝန်းကူညီပေးကြဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန် ၉ ရက်မှာ မေတ္တာရပ်ခံချက် ထုတ်ပြန်ထားပါတယ်။
ချင်းပြည်တောင်ပိုင်းကို မကွေးတိုင်း၊ ယောနယ်ကတဆင့် စစ်တပ်က အင်အားတွေ ဆက်တိုက်ပို့နေတာကို တားနိုင်ဖို့ မကွေးဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေက မြိုင်နယ်၊ သရက်ကန်ပျူရွာ၊ ပေါက်နယ် ကုက္ကိုစုပျူရွာနဲ့ ရဲစခန်းတွေကို ဇွန်လဆန်းကစပြီး ဆက်တိုက် သိမ်းယူခဲ့ပါတယ်။
လတ်တလောမှာ ချင်းပြည်ဘက်ကို အကူအညီပေးဖို့ ကြိုးစားနေတဲ့ မကွေးဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေအတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်က အချိန်နဲ့တပြေးညီ ပေးပို့နိုင်ဖို့ လိုအပ်နေတယ်လို့ မကွေးဒေသခံ နိုင်ငံရေးသမား တယောက်က မှတ်ချက်ပေးပါတယ်။
“တိုင်းကာကွယ်ရေးဝန်ကြီးက မြိုင်က ဗိုလ်လက်ယာ ဖြစ်သွားတာဆိုတော့ သူတို့ဆီက တိုင်းအစိုးရဆီက ထိုက်သင့်သလောက်တော့ ရလိမ့်မယ်လို့တော့ မျှော်လင့်တာပေါ့။ ဒါပေမဲ့ အခုအထိတော့ သတင်းတွေအရ ဘာညာဆိုရင်တော့ မရသေးဘူးပေါ့။ ဒီလိုဖြစ်လာတာတော့ ချင်းမှာ ဖိအားများနေတဲ့အချိန်မှာ ချင်းအစပ်က နယ်မြေတွေကို ကျနော်တို့ PDF ကနေပြီးတော့မှ ဟိုဘက်မှာ ဖိဖိစီးစီးလုပ်နေတာကို လျော့သွားအောင်လည်း ပါမယ်၊ နောက်ပြီး သူတို့ရဲ့ မြေပြင် ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ဖို့ရာဆိုတဲ့ ရည်ရွယ်ချက်တွေလည်း ပါတယ်ပေါ့။ မြေပြင်က တကယ်လုပ်နေတဲ့ လူငယ်တွေကတော့ သူတို့ အဆုံးစွန်ထိသွားဖို့ပါပဲ။ ကျနော်တို့ သိရသလောက်ဆိုရင်တော့ သူတို့က အဲဒီလိုတွေ စခန်းသိမ်း တိုက်ချင်နေတာ ကြာပြီ၊ တာဝန်ရှိတဲ့သူတွေက ဖြစ်လာမဲ့ အခြေအနေတွေကို တွေးပြီးမှ သူတို့က တိုက်ခွင့်မပေးခဲ့လို့မို့ အဲဒီလောက် ကြာနေတာလေ။ အခုတော့ သူတို့ တိုက်ခွင့်ပေးလို့မို့လို့ ဒီလိုတိုက်နိုင်တဲ့သဘော အဲဒီလိုတော့ ကျနော်တို့ သုံးသပ်လို့ရပါတယ်။”
စစ်အာဏာရှင်တပ်က ချင်းပြည်နယ်တခုလုံးကို မြေပြင်အင်အား ၆,၀၀၀ ဝန်းကျင်အထိ အသုံးပြု တိုက်ခိုက်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) တာဝန်ရှိသူက ပြောဆိုထားပါတယ်။
ဧပြီလကုန် မေလဆန်းပိုင်းကစပြီး ချင်းပြည်နယ်ကို စစ်တပ်က အရှိန်ယူ ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး မြောက်ပိုင်းမှာ ဖလမ်းနဲ့ တွန်းဇံမြို့တွေကို ကာကွယ်ရေးအဖွဲ့တွေက လက်လွှတ်ထားရပါတယ်။
စစ်ကိုင်း-မကွေး-ချင်း နယ်စပ် ယောနယ်၊ ကလေးမြို့နယ်နဲ့ ယင်းမာပင်ခရိုင်တွေမှာ အင်အားအခြေပြန်ချပြီးမှ စစ်တပ်က ချင်းပြည်ဘက်ကို စစ်ဦးပြန်တည်ခဲ့တာ ဖြစ်ပါတယ်။
ဒေသတွင်း ကုန်သွယ်ရေးမှာ အရေးပါတဲ့ အိန္ဒိယ-မြန်မာနယ်စပ် ကလေး-တမူး ကားလမ်းကို ဇွန် ၈ ရက်ကစပြီး လုံခြုံရေးအခြေအနေအရ ယာယီပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သုတချမ်းသာ