ရန်ကုန်မှာ ငရဲခွေး ရက် ၁၀၀

ရန်ကုန်မှာ ငရဲခွေး ရက် ၁၀၀

DVB
SourceDVB

AI Summary

ရန်ကုန်မြို့သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်အောက်တွင် ပြင်းထန်သော ဖိနှိပ်မှုများနှင့် စီးပွားရေးဒဏ်များကို ရင်ဆိုင်နေရသည်။ အာဏာသိမ်းစကတည်းက စစ်အာဏာရှင်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သော ရန်ကုန်အပေါ် မင်းအောင်လှိုင်က အငြိုးကြီးစွာဖြင့် ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်နေခြင်းဖြစ်သည်။ ဤစီမံချက်ကြောင့် လမ်းဘေးဈေးသည်များ ရှင်းလင်းခံရခြင်း၊ ဧည့်စာရင်းစစ်ဆေးမှုများ ပြင်းထန်လာခြင်း၊ အဓမ္မ စစ်မှုထမ်းခိုင်းခြင်းနှင့် ညဘက်အိမ်ပေါ်တက် ဖမ်းဆီးခြင်းများ ဖြစ်ပေါ်နေသည်။ စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းခြင်း၊ အလုပ်အကိုင်များ ပျက်စီးခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာခြင်းတို့ကြောင့် လုပ်ငန်းရှင်များနှင့် ပြည်သူများ အကြီးအကျယ် နစ်နာနေကြသည်။ အသက် ၁၈ နှစ်ပြည့်ပြီးသူများရှိသည့် အိမ်ထောင်စုတိုင်း စိုးရိမ်ပူပန်နေရပြီး၊ ရန်ကုန်၏ လူစည်ကားသော ညဈေးတန်းများပင် အေးစက်ခြောက်ကပ်သွားခဲ့သည်။ စစ်ကောင်စီသည် ရန်ကုန်ပြည်သူများ နိုင်ငံရေးဘက် မလှည့်နိုင်စေရန် ရည်ရွယ်၍ ကျူးကျော်ဟုဆိုကာ ရပ်ကွက်များကိုပင် ဖျက်ဆီးခဲ့သည်။ သို့သော်လည်း ရန်ကုန်ပြည်သူများသည် အံကြိတ်ခံရပ်ပြီး မည်သည့်နေရာသို့မှ မပြေးဘဲ ရန်ကုန်သည် ကံကုန်ရိုးထုံးစံမရှိဟု ယုံကြည်ကာ ဆက်လက် ရုန်းကန်နေကြသည်။

ရက် ၁၀၀ စီမံချက်ဆိုတာ ရေနစ်နေတဲ့ ပြည်သူတွေကို ဝါးလုံးရှည် တယမ်းယမ်းနဲ့ အငြိုးတကြီး ထိုးချနေတာလို့ ရန်ကုန်မှာ ကိုယ့်ဘဝကိုယ် ကျစ်ကျစ်ပါ ဆုပ်ထားရတဲ့ ရန်ကုန်မြို့သားကြီး တယောက်က ဆိုတယ်။

အာဏာသိမ်းစ ဆန္ဒပြပွဲ ကာလ၊ ရန်ကုန်ဟာ စစ်အာဏာသိမ်းမှုကို ပြတ်သားစွာ ဆန့်ကျင်၊ လူပင်လယ်ကြီးအဖြစ်နဲ့ စစ်အာဏာရှင်တွေကို ဟားတိုက်ခဲ့စဉ်ကတည်းက မင်းအောင်လှိုင် မျက်ထောင့်နီကြီးနဲ့ အမျက်ကြီးခဲ့တယ်။

မြန်မာ့နွေဦးက ခေတ်သစ်ကမ္ဘာမှာ မရှိတဲ့ တော်လှန်သော တီထွင်ဆန်းသစ်ချက် အသံတိတ် သပိတ် တိုက်ပွဲဝင်ကြမယ် ဆိုတော့လည်း ဒီလောက် လူဦးရေသိပ်သည်းလှပါတယ်ဆိုတဲ့ ရန်ကုန်မှာ တစပြင်ပမာ ခြောက်လို့။ တိတ်ဆိတ်ခြင်းက နေပြည်တော် စစ်ဗိုလ်ချုပ်တွေကို ချောက်ချောက်ချားချား ကမ္ဘာပျက်ခဲ့ဖူး။ တစပြင် ဖြစ်သွားတဲ့ ရန်ကုန်ကို ကမ္ဘာကြီးကတောင် မှင်တက်ကာ ချီးကျူးတော့ မင်းအောင်လှိုင်တို့အသည်း ဆတ်ဆတ်ခါ နာခဲ့ရတယ်။

ရန်ကုန်မှာ ခြေမြန်လက်မြန်နဲ့ စိတ်လည်းမြန်တဲ့ လူငယ်တွေက လက် ၃ ချောင်းထောင်ရုံနဲ့ မလုံလောက်ဘူးဆိုတာကို တော်တော်စောစောကတည်းက နက်နေအောင် သိရှိတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေဆီ ထွက်ခွာ၊ ဖောက်ခွဲမှုနည်းလမ်းအစုံ သင်ယူကာ ရန်ကုန် စစ်ရေးပစ်မှတ်တွေကို ဗြောင်းဆန်နေအောင် ဖောက်ခွဲ။ စစ်အုပ်စု အငိုက်မိကာ မြို့ပြပြောက်ကျားတွေ ဆွဲသမျှ ဘယ်အစ လိုက်ဆွဲရမှန်းမသိအောင်ကို ဗျာများခဲ့ရ။ ဒါဟာ ရန်ကုန်ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့်လို့ မင်းအောင်လှိုင် ကောင်းကောင်းသိတယ်။

ရန်ကုန်ကို မင်းအောင်လှိုင် အငြိုးကြီးခဲ့တယ်။ ရန်ကုန်ပြည်သူတွေ အနေပျက် အစားပျက်စေဖို့ မင်းအောင်လှိုင် ရည်ရွယ်ချက်ကြီးစွာနဲ့ ဖန်တီးခဲ့တယ်။ ရန်ကုန်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်ပျက် အကိုင်ပျက်၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေလည်း အလျှိုလျှိုထွက်နဲ့။ ရန်ကုန် စက်မှုဇုန်တွေဆိုတာ ကုန်ကြမ်းဝယ်ဖို့ လိုင်စင်မကျတာကြောင့် ရပ်ထားရတဲ့ စက်ရုံတွေနဲ့၊ ကုန်ကြမ်းရှိပေမဲ့လည်း လျှပ်စစ်မီးက နပ်မမှန်လို့ မီးလာမှ စက်လည်နိုင်တဲ့ စက်ရုံတွေနဲ့။

ရန်ကုန်အခြေစိုက် အီလက်ထရောနစ်ကုမ္ပဏီပိုင်ရှင်က “NLD အစိုးရလက်ထက်တုန်းက ဝန်ထမ်း ၇၀ လောက်ရှိတဲ့ ကျနော့်ကုမ္ပဏီမှာ ၂၀၂၃ အကုန် လောက်ကစလို့ ဝန်ထမ်း ၁၀ ယောက်နဲ့ပဲ ကုမ္ပဏီမပျက်ရင်ပြီးရော ဖြစ်သလို လည်ပတ်နေရတယ်” လို့ ခေါင်းတယမ်းယမ်းနဲ့ ပြောပြတယ်။

ရန်ကုန်မှာ စစ်တပ်နဲ့ ပေါင်းစားသင်းစား ပတ်သက်ရာ ပတ်သက်ကြောင်းတွေကလွဲလို့ ရန်ကုန်မှာ စစ်ဖိနပ်ကို ပြောင်နေအောင် လျက်ကာ မူးယစ်ဆေး၊ လောင်းကစား၊ မဟုတ်တာမှန်သမျှ လုပ်စားတတ်သူကလွဲလို့ ကောင်းရောင်းကောင်းဝယ်တွေကတော့ လုပ်ငန်းရှင်အဆင့်တောင် အဆင်မပြေတော့ဘူးလို့ သူက ဆက်ညည်းတယ်။

ရန်ကုန်မှာ ရန်ကုန်ပြည်သူတွေ အဆင်မပြေနေမှ နိုင်ငံရေးတွေ၊ စစ်အာဏာရှင် ဆန့်ကျင်ရေးတွေဘက် မလှည့်နိုင်မှာလို့ စစ်အာဏာရှင်တွေရဲ့ ရှေးသရောအခါက တွေးလုံးတွေအတိုင်း တသဝေမတိမ်း။ ရှေးနှစ်များစွာကတည်းက အခြေချတည်လာခဲ့သမျှ ကျူးကျော်တွေလို့ ဆိုကာ ရပ်ကွက်နဲ့ချီ တစစီ ဖျက်ဆီးပစ်။ သွားချင်တဲ့နေရာသွား၊ ကြိုက်တဲ့နေရာ သွားနေ။ ဒုက္ခပေးချင်လို့ ဖျက်သိမ်းရပါတယ်လို့ မပြောရုံတမယ်။

အီလက်ထရောနစ်လုပ်ငန်းရှင်က “ရန်ကုန်မှာ ကျနော်တို့ လုပ်ငန်းရှင် ဖြစ်ခဲ့တဲ့သူတွေတောင် အလုပ် ၂ မျိုး၊ ၃ မျိုး လုပ်ပြီး ဒါပျက်ရင် ဟိုဒါနဲ့ ဆက်နိုင်အောင် ကာဗာ (cover) လုပ်ထားရတယ်” လို့ ဆိုတယ်။

ရန်ကုန်မှာ အရင်တုန်းကတော့ အသေးစားဆောက်လုပ်ရေးကန်ထရိုက်ပဲ။ ငွေကြေးဖောင်းပွ ကမောက်ကမတွေကြောင့် ရုန်းကန် ဗျာများရတာတွေ ရှိခဲ့ပေမဲ့ ဒီလုပ်ငန်းကို မှီခိုရပ်တည်နေရတဲ့ မိသားစု ၂၀ လောက် ဟပ်ထိုးလဲသွားနိုင်တာမို့ သောကကို ကျစ်ကျစ်ပါဆုပ်ကာ ရှေ့ဆက်။ ဘိလပ်မြေဈေး မိုးထိထောင်သွားပြီး ဝယ်မရတော့တဲ့ ၂၀၂၄၊ ဧပြီရောက်တော့ ဘယ်လိုမှ မဟန်နိုင်တော့လို့ လက်သီးဆုပ်ဖြေ၊ မျက်ရည်စက်လက်ကျ လုပ်ငန်းအပြီးရပ်လိုက်ရတယ်လို့ အသက် ၅၀ ကျော်ပြီဖြစ်တဲ့ ကန်ထရိုက်တာတယောက်က ပြောပြတယ်။

“ကားလေးတစီး ရှိနေတာနဲ့ နိုင်ငံခြားက သူငယ်ချင်းနဲ့စပ်ပြီး နိုင်ငံခြားပစ္စည်းအမှာတွေကို သူက ဟိုကနေပို့၊ ကိုယ်က ဒီကနေ ဒလီ လိုက်ပို့ပြီး အသက်ဆက်နေရတယ်”လို့ သူက ဆက်ပြောတယ်။

အဆင်ပြေခဲ့တဲ့ ကန်ထရိုက်တယောက်တောင် ရုန်းရုန်းကန်ကန် ခြိုးခြိုးခြံခြံ။ တနေ့လုပ် တနေ့စား လမ်းဘေးဈေးသည်တွေဆို အခု ရက် ၁၀၀ စီမံချက် ဆိုပြီး လမ်းဘေး ဈေးမရောင်းရ ရှင်းထုတ်ပစ်နေလေတော့ ကျွမ်းထိုးမှောက်ခုံကို ဖြစ်လို့။ တနေ့လုပ်ပြီး တနေ့ ဝမ်းမဝနေသူတွေကို ရက်ရက်စက်စက် အငြိုးကြီးချက်က မိုးသက်လေပြင်းပမာ။

ဧပြီ ၂၀ ရက်မှာ စတင်ခဲ့တဲ့ အစိုးရတုရဲ့ ရက် ၁၀၀ စီမံချက်ဟာ နိဒါန်းအစမှာ မခုတ်တတ်တဲ့ ကြောင်လို လူကြီးလူကောင်းယောင်ဆောင်ခဲ့ပေမဲ့ မေလကို ဖွင့်လိုက်တယ်ဆိုတာနဲ့ ရန်ကုန်မှာ ပေါ်တာတွေ အဆွဲကြမ်းခဲ့ရုံတင်မက ရက် ၁၀၀ စီမံချက် ဧည့်စာရင်းတွေလည်း ဗြောင်းဆန်နေအောင် စစ်လို့။ ဧည့်စာရင်းမတိုင်ထားရင် ပိုက်ဆံပေးနိုင်ရင်ပေး၊ မပေးနိုင်ရင် အဓမ္မ စစ်မှုထမ်းထဲသို့ ပို့။ ရက် ၁၀၀ မှာ အဆိုးရွားဆုံး ဒုက္ခပေးချက်က စစ်မှုထမ်းစာရင်းကို ကိုင်ကာ ညဘက် အလစ်အငိုက် အိမ်ပေါ်တက် ဖမ်းဆီးခြင်း။

လှိုင်မြို့နယ်၊ ၂ ရပ်ကွက်နေ အိမ်ရှင်မတယောက်က “ရန်ကုန်မှာ ၁၈ နှစ်ပြည့်တဲ့ကလေး ရှိတဲ့အိမ်တိုင်း စိတ်ဆင်းရဲရတယ်။ အသက် ၅၀ ကျော်ရှိတဲ့ ကိုယ့်လင်သား အလုပ်ကနေ အိမ်ပြန်လာတာ နောက်ကျရင်လည်း ပေါ်တာဆွဲခံရပြီလားဆိုပြီး တွေးပူနေရတယ်” လို့ ဆိုတယ်။

ရန်ကုန်မှာ ပေါ်တာဆွဲတာတွေက နင်လား ငါလား ဆိုတော့ ရန်ကုန်မြို့ရဲ့ ညဈေးတန်းတွေကလည်း အေးစက်လာတယ်။ ဘယ်နေရာမှာ လူဘယ်လောက်ပါးပါး ပန်းပန်မပျက်ဘူးလို့ ဆိုတဲ့ ၁၉ လမ်းညတွေတောင် အေးစက်စက် သွေးပျက်ပျက်။ အခု ရက် ၁၀၀ စီမံချက်က ၁၉ လမ်းကိုတောင်မချန်၊ လမ်းမပေါ် ဆိုင်မခင်းရ။ လွတ်လပ်ခြင်းတွေနဲ့ ရန်ကုန်မြို့အလှ ၁၉ လမ်း ယဉ်ကျေးမှုကိုတောင် ချမ်းသာမပေးတဲ့ ရက် ၁၀၀။ နေပြည်တော် စစ်ဗိုလ်ချုပ်တွေက ရည်ရွယ်ချက်ကြီးမားစွာနဲ့ ရန်ကုန်ကို စိတ်ထောင်းကိုယ်ကြေ အသေသတ်ဖို့ ဘက်စုံထောင့်စုံ ထိုးနှက်တယ်။

ရန်ကုန်ဟာ ရန်တွေ မကုန်သေးသရွေ့ လောကဓံမြားချက်တွေလည်း မကုန်ဘူးဆိုတာ သိပြီသား။ ရန်ကုန်ဟာ ခေတ်စုံ၊ စရိုက်စုံ၊ အတွေ့အကြုံတွေလည်း စုံနေပြီမို့ ရန်ကုန်ဟာ တော်ရုံနဲ့တော့ ဘယ်ဖြုံလိမ့်မလဲ။

ရန်ကုန်ပြည်သူတွေ အံတင်းတင်းကြိတ်ထားတယ်။ ရန်ကုန်ပြည်သူတွေ ပေဖြစ်တုန်း ခံမယ် ဆိုတဲ့ စိတ်နဲ့ ရင်ကော့ခံကြတယ်။ ရန်ကုန်ပြည်သူတွေ ရန်ကုန်ကနေ ဘယ်မှမပြေးဘူး။ ရန်ကုန်ဟာ ကံကုန်ရိုးထုံးစံ မရှိဘူးလို့လည်း ရန်ကုန်ပြည်သူတွေ ယုံကြည်ကြတယ်။

ရန်ကုန်ဟာ သမိုင်းခေတ်အဆက်ဆက် ရှေ့သို့သာ ချီမြဲ။ မပြီးသေးဘူး၊ ငါတို့အလှည့် ကျန်သေးတယ်လို့ ကိုယ်စီ ရေရွတ်ကာ ရန်ကုန်မှာ မီးဟုန်းဟုန်းတောက်နေတယ်။

လင်းဆက်ငြိမ်းချမ်း

ဆက်စပ်သတင်းများ

AI Curated
ရန်ကုန်မှာ ငရဲခွေး ရက် ၁၀၀ | YGN Daily