
AI Summary
ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နှစ်ပေါင်းများစွာ ခိုလှုံနေထိုင်ခဲ့ကြသည့် မြန်မာစစ်ဘေးဒုက္ခသည်များအား ထိုင်းအစိုးရက စခန်းပြင်ပတွင် အလုပ်လုပ်ကိုင်ခွင့်ပေးရန်အတွက် ပန်းရောင်မှတ်ပုံတင်ကတ်များ စတင်ထုတ်ပေးနေပြီဖြစ်သည်။ ကုလသမဂ္ဂ၏ ထောက်ပံ့ကြေးများ ရပ်ဆိုင်းသွားခြင်းနှင့် ထိုင်းနိုင်ငံ၏ လုပ်သားအင်အား လိုအပ်ချက်များကြောင့် ဒုက္ခသည်များ ကိုယ်တိုင်ရပ်တည်နိုင်စေရန် ရည်ရွယ်၍ ယခုစီမံကိန်းကို အကောင်အထည်ဖော်ခြင်းဖြစ်သည်။ ဤပန်းရောင်ကတ်ကိုင်ဆောင်သူများသည် ထိုင်းနိုင်ငံ၏ ခရိုင် ၄၃ ခုတွင် အလုပ်လုပ်ကိုင်ခွင့်အပြင် ပညာရေး၊ ကျန်းမာရေးနှင့် ခရီးသွားလာခွင့်စသည့် အခြေခံအခွင့်အရေးများကို ရရှိမည်ဖြစ်သည်။ ထို့ပြင် ဒုက္ခသည်များ၏ အချက်အလက်များကို စနစ်တကျ မှတ်တမ်းတင်ခြင်းဖြင့် ထိုင်းနိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် လူဦးရေစာရင်းအတွက်ပါ အထောက်အကူပြုစေမည်ဖြစ်သည်။ လက်ရှိတွင် ရာ့ချ်ပူရီခရိုင်ရှိ ထမ့်ဟင်စခန်းမှ စတင်ဆောင်ရွက်နေပြီး နယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုလုံးသို့ ၃ လမှ ၄ လအတွင်း အပြီးဆောင်ရွက်ပေးသွားရန် လျာထားသည်။
ထင်ရှားသော ပြောကြားချက်များ
"ဒီပန်းရောင်ကတ်ဟာ ထိုင်းမှတ်ပုံတင်ကတ်မဟုတ်ဘူး၊ ယာယီနေထိုင်ခွင့်အတွက် လုပ်ပေးတာပဲ ဖြစ်တယ်၊ ပန်းရောင်ကတ်ရဲ့ သက်တမ်းက ၁ နှစ်ရှိတယ်၊ နယ်စပ် စခန်းနေသူတွေအားလုံးကို လုပ်ပေးမှာဖြစ်ပြီး ဒီစီမံကိန်းက ၃-၄ လ အတွင်း ပြီးစီးမယ်လို့ မျှော်မှန်းကြောင်း"

ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှာ နှစ်ပေါင်းရှည်ကြာနေထိုင်ခဲ့ကြတဲ့ မြန်မာစစ်ဘေး ဒုက္ခသည်တွေကို ထိုင်းအစိုးရက စခန်းပြင်ပ အလုပ်ထွက်လုပ်ခွင့်ပေးလိုက်တဲ့နောက် စခန်းတွင်း နေထိုင်သူတွေကို လည်း ပန်းရောင်မှတ်ပုံတင်ကတ် အထောက်အထားတွေ စတင်ထုတ်ပေးနေ ပါတယ်။
ပန်းရောင်ကတ်တွေကို ထိုင်းပြည်ထဲရေးဝန်ကြီးဌာန မှတ်ပုံတင်ဦးစီးဌာနက ဦးဆောင်ပြီး Kick Off ဆိုတဲ့ စီမံချက်နဲ့ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးနေတာမှာ ဇွန် ၁၇ ရက်မှာတော့ ထိုင်းနိုင်ငံ အနောက်ပိုင်း၊ ရာ့ချ်ပူရီခရိုင်၊ ဆွန်ဖိန့်မြို့နယ်ရှိ ထမ့်ဟင်ကျေးရွာ ဒုက္ခသည်စခန်းမှာ ပထမဆုံး သွားရောက် ဆောင်ရွက်ပေးခဲ့တယ်။
အဆိုပါစခန်းမှာ လူဦးရေ ၄,၄၂၁ ယောက်ရှိပြီး ၁၂၂၅ ယောက်မှာ ဒီမတိုင်ခင်က နယ်မြေပြင်ပမှာ သွားရောက် အလုပ်လုပ်ခွင့်ရထားသူတွေဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီလိုပန်းရောင်ကတ်တွေကို ထုတ်ပေးလိုက်ခြင်းအားဖြင့် ဒုက္ခသည်စခန်းနေ ပြည်သူတွေဟာ ထိုင်းနိုင်ငံရဲ့ ၄၃ ခရိုင်မှာ အလုပ်သွားလုပ်ခွင့်ရှိပြီး မိမိကိုယ်ကိုယ် အားကိုးနိုင်မယ်၊ မှီခိုသူ လူကြီးမိဘ တွေကို ထောက်ပံ့နိုင်မယ်၊ ထိုင်းနိုင်ငံရဲ့ ဝန်ထုပ်ဝန်ပိုးလည်း ပေါ့သွားမယ်။ ဒီပန်းရောင်ကတ်နဲ့ ခရီး သွားလာခွင့်၊ အလုပ်လုပ်ခွင့်၊ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှု စတဲ့ အခြေခံလူ့အခွင့်အရေးတွေ၊ ဘဏ်ငွေစုစာရင်းဖွင့်ခြင်း၊ တယ်လီဖုန်းဆင်းကတ်ဝယ်ခြင်း လုပ်ငန်းဆောင်တာတွေပါ ဆောင်ရွက် နိုင်မယ်လို့ နယ်မြေထဲထိ ကိုယ်တိုင်ကွင်းဆင်းလာသူ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေ အုပ်ချုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်းနရိချား ခို့ဆာဆီဝိလိုင်းက သတင်းထောက်တွေကို ပြောပါတယ်။
ဒါ့အပြင် ဒုက္ခသည်စခန်းနေပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက်၊ လက်ဗွေရာတွေ ကောက်ခံ ထားခြင်းအားဖြင့် သူတို့တွေ ဘယ်နေရာမှာ ဘာလုပ်နေလဲဆိုတာ သိရှိနိုင်ပြီး အမျိုးသား လုံခြုံရေး အတွက် ထိန်းချုပ်ရလွယ်ကူစေတယ်၊ နိုင်ငံ့လူဦးရေနဲ့ သန်းခေါင်းစာရင်းကိုလည်း အထောက်အကူ ပြုတယ်လို့ ဆိုပါတယ်။
ဒီပန်းရောင်ကတ်ဟာ ထိုင်းမှတ်ပုံတင်ကတ်မဟုတ်ဘူး၊ ယာယီနေထိုင်ခွင့်အတွက် လုပ်ပေးတာပဲ ဖြစ်တယ်၊ ပန်းရောင်ကတ်ရဲ့ သက်တမ်းက ၁ နှစ်ရှိတယ်၊ နယ်စပ် စခန်းနေသူတွေအားလုံးကို လုပ်ပေးမှာဖြစ်ပြီး ဒီစီမံကိန်းက ၃-၄ လ အတွင်း ပြီးစီးမယ်လို့ မျှော်မှန်းကြောင်း ညွှန်ချုပ် နရိချားက ပြောသွားပါတယ်။
ထိုင်း-မြန်မာနယ်စပ် ရာ့ချ်ပူရီ၊ တာ့ခ်၊ မယ်ဟောင်ဆောင်နဲ့ ကန်ကျနပူရီခရိုင် ၄ ခုမှာ ဒုက္ခသည် စခန်းပေါင်း ၉ ခုရှိပြီး စာရင်းဝင်လူဦးရေ ၇၇, ၃၁၃ ယောက်ရှိတယ်၊ သူတို့တွေဟာ လွန်ခဲ့တဲ့ ၁၉၈၄ ခုနှစ် မြန်မာပြည်ထဲက တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ဒုက္ခသည်တွေကို တရားဝင်လက်ခံဖို့ ကမ္ဘာ့ကုလသမဂ္ဂမှာ လက်မှတ်ရေးထိုးထား ခြင်း မရှိပေမဲ့ လူသားချင်းစာနာမှုအရ ယာယီနေထိုင်ခွင့်ပေးထားတာ ဖြစ်တယ်၊ သူတို့တွေဟာ အရင်ကတော့ UNHCR ကုလသမဂ္ဂမဟာမင်းကြီးများရုံးရဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှုရခဲ့ပေမဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လကစပြီး အဲဒီထောက်ပံ့ကြေးတွေ ဖြတ်တောက်ခံခဲ့ရတယ်။
ဒါကြောင့် သူတို့တွေ အသက်မွေးဝမ်းကျောင်းရှာဖွေစားသောက်နိုင်ိဖု့၊ ထိုင်းနိုင်ငံရဲ့ လုပ်သား အင်အားပြတ်လပ်မှုပြဿနာ ဖြေရှင်းဖို့ သူတို့ကို စခန်းပြင်ပမှာ အလုပ်ထွက်လုပ်ခွင့်ပြုဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက အစိုးရဝန်ကြီးများအစည်းအဝေးမှာ အဆိုပြုခဲ့ပါတယ်။
ဒီစီမံကိန်းအတွက် UNHCR ရုံးက ရန်ပုံငွေထောက်ပံ့ပေးတယ်လို့ ပန်းရောင်ကတ်အပ်နှင်းပွဲ အခမ်းအနားမှာ ပရိုဂျက်တာ ထိုးပြီး ရှင်းလင်းပြသခဲ့ပါတယ်။
Source: ထိုင်းနိုင်ငံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန