
AI Summary
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်တွင် မြန်မာစစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား ပြင်းထန်သောတိုက်ပွဲများဖြစ်ပွားနေစဉ် မြန်မာစစ်တပ်ပစ်ခတ်လိုက်သည့် ဒရုန်းတစ်စင်းသည် ထိုင်းနိုင်ငံဘက်သို့ကျရောက်ပေါက်ကွဲခဲ့သည်။ ဇွန်လ ၂ ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ၊ ဖုတ်ဖရတ်မြို့နယ်ရှိ စိုက်ခင်းတစ်ခုသို့ ကျရောက်ခဲ့သော အဆိုပါဒရုန်းဗုံးသီးကို မြန်မာရွှေ့ပြောင်းလုပ်သား ၅ ဦးက သွားရောက်ကြည့်ရှုစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ မြန်မာအလုပ်သမားမိသားစုဝင် ၃ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲများပြင်းထန်လာမှုကြောင့် မြန်မာနိုင်ငံသား ၃,၀၀၀ ကျော် နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာပြီး လူ ၂၀၀ ခန့်မှာ ထိုင်းနယ်မြေထဲသို့ ဝင်ရောက်လာခဲ့သည်။ လက်ရှိတွင် ထိုင်းအာဏာပိုင်များက ၎င်းတို့ကို ယာယီခိုလှုံရာနေရာများ ပေးထားကာ ကူညီစောင့်ရှောက်ပေးနေပြီး နယ်စပ်တစ်လျှောက် လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကူညီမှုများအတွက် ထိုင်းတပ်ဖွဲ့ဝင်များ ချထားသည်။ ဒရုန်းဗုံးပေါက်ကွဲခဲ့သောနေရာကို အန္တရာယ်ရှိဇုန်အဖြစ် သတ်မှတ်ပိတ်ဆို့ထားကာ၊ နယ်စပ်ဒေသခံပြည်သူများအနေဖြင့် သံသယဖြစ်ဖွယ်ဝတ္ထုပစ္စည်းများကို မကိုင်တွယ်ကြရန် အာဏာပိုင်များက အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားသည်။
နိရဉ္စရာ၊ဇွန်၃/၂၀၂၆
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊မြ၀တီမြို့နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲထဲမှ အာဏာ သိမ်းမြန်မာစစ်တပ်က ပစ်ခတ်လိုက်သော ဒရုန်းတစ်စင်းသည် ထိုင်းနိုင်ငံဘက်အခြမ်းသို့ကျရောက်ပေါက်ကွဲ၍ မြန်မာအလုပ်သမားမိသားစုဝင်၃ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ဇွန်လ၂ရက်ညနေ၄နာရီအချိန်ခန့်တွင်ထိုင်းနိုင်ငံ၊ဖုတ်ဖရတ်မြို့နယ်၊မောကဲထိုင်းကျေးရွာသို့မြန်မာစစ်တပ်၏ ဒရုန်းနှင့်ဗုံးများကျရောက်ခဲ့ကြောင်း၊စိုက်ခင်းထဲသို့ကျရောက်နေသောဒရုန်းနှင့် ဗုံးသီးကိုအလုပ်လုပ်နေကြသောမြန်မာရွှေ့ပြောင်းလုပ်သား၅ဦးကသွားရောက်ကြည့်ရှုကြစဉ်ပြင်းထန်စွာပေါက်ကွဲခဲ့ကြောင်းထိုင်းသတင်းများတွင်ဖော်ပြထားသည်။
ဒရုန်းဗုံးသီးပေါက်ကွဲမှုကြောင့်အသက်၂၅နှစ်အရွယ်မခိုင်မှာပေါက်ကွဲမှုဖြစ်ပွားရာနေရာ၌ပင်ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။
သူမ၏ ခင်ပွန်းဖြစ်သူအသက်၃၇နှစ်အရွယ်ကိုတူးရနှင့်အသက်၁၁နှစ်အရွယ်သားဖြစ်သူတို့မှာပြင်းထန်သောဒဏ်ရာများရရှိသွားသောကြောင့်ဒေသခံများကဆေးရုံသို့အမြန်ဆုံးပို့ဆောင်ပေးခဲ့သော်လည်းသေဆုံးသွားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

အခြားမြန်မာအလုပ်သမား၂ဦးမှာလည်းဒဏ်ရာအပြင်းအထန်ရရှိထားကြောင်းသိရသည်။
ဇွန်လ၂ရက်နေ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့်တော်လှန်ရေးတပ်များကသီချာလဲစခန်းကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် တိုက်ပွဲပြင်းထန်နေကြောင်းသိရသည်။
အဆိုပါ တိုက်ပွဲဖြစ်နေသောနေရာသည် ထိုင်းနိုင်ငံ၊ဖုတ်ဖရတ်မြို့နယ်၊ဝါလေကျေးရွာအုပ်စု၊ဘန်ဝါလေရွာနှင့်မျက်နှာချင်းဆိုင်မြန်မာဘက်ခြမ်း၌ တည်ရှိသည်ဟု ဆိုသည်။
လက်နက်ငယ်များရောလက်နက်ကြီးများပါအသုံးပြု၍တစ်နေ့လုံးအပြန်အလှန်ပစ်ခတ်ခဲ့ကြသောကြောင့်သေနတ်သံနှင့်ပေါက်ကွဲသံများကိုထိုင်းဘက်ခြမ်းမှလည်းအတိုင်းသားကြားခဲ့ရကာအာဏာသိမ်းစစ်တပ်၏ဒရုန်းများထိုင်းဘက်သို့ကျရောက်ခဲ့ကြောင်းသိရသည်။
တိုက်ပွဲများပိုမိုပြင်းထန်လာသောကြောင့်တိုက်ပွဲဖြစ်ပွားရာအနီးအနားဝန်းကျင်မှမြန်မာနိုင်ငံသား၃,၀၀၀ကျော်သည်နယ်စပ်အနီးသို့ထွက်ပြေးတိမ်းရှောင်လာကြပြီး၊လူ၂၀၀ခန့်မှာထိုင်းနယ်မြေထဲသို့ဝင်ရောက်လာကြောင်းဒေသခံများထံမှသိရသည်။
လက်ရှိတွင်ထိုင်းအာဏာပိုင်များက၎င်းတို့ကိုယာယီခိုလှုံရာနေရာများပေးထားပြီးကူညီစောင့်ရှောက်ပေးထားကြောင်း၊ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ထိုင်းဘက်အခြမ်းတွင်လုံခြုံရေးနှင့်လူသားချင်းစာနာမှုဆိုင်ရာကူညီမှုများပေးနိုင်ရန်ထိုင်းတပ်ဖွဲ့ဝင်များချထားကြောင်းသိရှိရသည်။
လက်ရှိတွင်ဒရုန်းဗုံးပေါက်ကွဲခဲ့သောနေရာကိုအန္တရာယ်ရှိဇုန်အဖြစ်သတ်မှတ်ကာ၊မှုခင်း ဆရာဝန်များနှင့်သက်သေခံအထောက်အထားရှာဖွေရေးအဖွဲ့များအသေးစိတ်စစ်ဆေးနိုင်ရန်ပိတ်ဆို့ထားကြောင်းသိရသည်။
ထို့အပြင်နယ်စပ်ဒေသအတွင်းရှိပြည်သူများအနေဖြင့်သံသယဖြစ်ဖွယ်ဝတ္ထုပစ္စည်းများကိုတွေ့ရှိပါကအသက်အန္တရာယ်ကာကွယ်နိုင်ရန်အတွက်လုံးဝကိုင်တွယ်ရွှေ့ပြောင်းခြင်းသို့မဟုတ်ယူဆောင်ကစားခြင်းမျိုးမပြုလုပ်ကြရန်အာဏာပိုင်များကအရေးပေါ်သတိပေးချက်ထုတ်ပြန်ထားသည်။