မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးစစ်ကြောင်း၌ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်

မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးစစ်ကြောင်း၌ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်

DVB
SourceDVB

AI Summary

မကွေးကြားကာလအစိုးရ၊ ဒေသကာကွယ်ရေးတပ်များ၊ စစ်ကြောင်းပူးပေါင်းရန်ခေါ်။ ဒေသတပ်များ၊ သရက်ကန်ပျူရွာ၊ သိမ်း; စစ်တပ်၊ ပြန်တိုက်၊ ရွာမီးရှို့။ စစ်တပ်၊ ချင်းပြည်နယ်၊ တက်; ကာကွယ်ရေးတပ်များ၊ ပြောက်ကျားတိုက်။

Photo : မကွေးခရိုင်အမှတ်-၁တပ်ရင်း

မကွေးဖက်ဒရယ်ယူနစ်၊ ကာကွယ်ရေးစစ်ကြောင်းတွေမှာ ပူးပေါင်းပါဝင်ကြဖို့ ဒေသတွင်း ကာကွယ်ရေးတပ်တွေကို ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဖိတ်ခေါ်လိုက်ပါတယ်။

မကွေးဖက်ဒရယ်ယူနစ်အတွင်း လတ်တလော ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေကို စီမံကွပ်ကဲ ပြီး စစ်အာဏာရှင်တပ်ရဲ့ ခြေလှမ်းတွေကို တုံ့ပြန်နိုင်ရေးအတွက် ဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပါဝင်ကြဖို့ မေ ၂၇ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြီး ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရက ဖိတ်ခေါ်ထားတာပါ။

ဒေသတွင်း ကာကွယ်ရေးအဖွဲ့တချို့ကလည်း ပူးပေါင်းပါဝင်ကြောင်း ကြေညာချက်တွေ ဆက်တိုက် ထုတ်ပြန်နေတာ တွေ့ရပါတယ်။

ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ ကွပ်ကဲမှုမှာ ပူးပေါင်းပါဝင်မဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ တွေကို စုစည်းပြီး မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးစစ်ကြောင်းတွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဖော်ဆောင်နေပြီလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်က မြန်မာပြည်အလယ်ပိုင်းကနေ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်ဘက်ကို စစ်ဦးတည် နေချိန်မှာ ချင်းပြည်နယ်နဲ့ နယ်မြေချင်း ထိစပ်နေတဲ့ မြိုင်နယ်က သရက်ကန် ပျူစောထီးရွာကို ဒေသကာကွယ်ရေးအဖွဲ့တွေက မေ ၂၂ ရက်မှာ သိမ်းယူခဲ့ပြီး မကွေးတိုင်းထဲမှာ စစ်ရေးအရှိန် မြင့်တက်ခဲ့ပါတယ်။

မြိုင်နယ်ထဲက တွင်းမ ပျူစောထီးရွာမှာ စစ်တပ်က အင်အားအများဆုံး အခြေစိုက်ထားတာဖြစ်ပြီး သရက်ကန်ပျူရွာကတော့ ဒေသတွင်း ရှေ့တန်းစစ်မျက်နှာအတွက် စစ်တပ်က အဓိကအသုံးပြုတဲ့ရွာ ဖြစ်ပါတယ်။

သရက်ကန်ပျူရွာကို သိမ်းယူတာဟာ မကွေးတိုင်းက တော်လှန်ရေးအင်အားစုတွေကို စစ်ရေးနည်းနာတွေ ထောက်ပံ့ပေးနေတဲ့ အာရက္ခတပ်တော် (AA) က ချင်းနဲ့ ကချင်ပြည်နယ်ကို ဖိအားပေးနေတဲ့ စစ်တပ်ရဲ့ စစ်ရေးအရှိန်ကို ပြန်လျှော့ဖို့ အားထုတ်တာလို့ ဒေသတွင်း နိုင်ငံရေးသမားတယောက်က မှတ်ချက်ပေးပါတယ်။

ဒေသကာကွယ်ရေးအဖွဲ့တွေက သရက်ကန်ပျူရွာကို သိမ်းယူပြီး နောက်ပိုင်းမှာ စစ်တပ်က ဒေသတွင်းမှာ ဆက်လက်ဖိအားပေး တိုက်ခိုက်နေပြီး ကျေးရွာတချို့ကို ဝင်ရောက်မီးရှို့ နေပါတယ်။

မကွေးဒေသခံ နိုင်ငံရေးသမားတယောက်က “စစ်သင်တန်းပေးတာတွေလည်း ရှိတယ်လို့ သိရတယ်။ AA ကနေပြီးတော့ ရခိုင်-မကွေး နယ်စပ်ကို ကျော်ပြီးတော့မှ စစ်ရေးအရ အရေးပါတဲ့ နေရာတွေမှာ စစ်ရေးအကြံပေးအဖွဲ့လိုမျိုးတွေလည်း ရောက်နေတယ်လို့ သိရတယ်။ ဥပမာ ငဖဲဘက်က ဂုတ်ကြီးလမ်းဘက်မှာလိုမျိုးပေါ့။ အဲဒီတိုက်ပွဲတချို့မှာလည်း AA က ဦးဆောင်တဲ့ အခန်းကဏ္ဍကနေ ပါတယ်လို့လည်း သိရတယ်။ သရက်ကန်ပျူရွာလိုမျိုးကို တော်လှန်ရေးဘက်တွေက အနားကို မကပ်နိုင်ခဲ့တဲ့ အနေအထားမှာ အပြတ်အသတ် ချေမှုန်းနိုင်တယ် ဆိုတာကတော့ ဒီဘက်မှာတော့ ပြောင်းပြန်ရလဒ်ရှိတယ်လို့ ပြောလို့ရတယ်။ ကိုယ့်ဘက်က အသာစီးရနေတယ်လို့ ပြောလို့ရတယ်။ နယ်မြေအရ ပြောမယ်ဆိုလို့ရှိရင်၊ ကျေးရွာအရေအတွက်အရရောပေါ့။ မြိုင်၊ ပေါက်၊ ပခုက္ကူ အပါအဝင် ရေစကြိုတို့ ဆိုတာတွေက မြို့ပေါ်နဲ့ ပျူရွာတွေလောက်မှာပဲ အင်အားရှိပြီးတော့မှ ကျန်တဲ့ ကျေးရွာအများစုကကျတော့ PDF စိုးမိုးနယ်မြေလို ဖြစ်နေတဲ့အခါကျတော့၊ ကိုယ့်ဘက်က အဖွဲ့တွေကကျတော့လည်း သူတို့ စစ်ကြောင်းထိုးလာတဲ့ အချိန်မှာတော့ ယာယီတိမ်းရှောင်ရတဲ့ အနေအထားလေးတွေတော့ ရှိတာပေါ့။ နှစ်ဖက်သည် အပြီးအပြတ် ထိန်းချုပ်နိုင်တဲ့ အနေအထားတွေတော့ မရှိသေးဘူးပေါ့” လို့ ပြောပါတယ်။

မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာဟာ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယအစပ်က ကျေးရွာဖြစ်ပြီး ပေါက်မြို့နယ်အတွင်းက အညာဒူဘိုင်းလို့ နာမည်ကျော်ခဲ့တဲ့ ရေနံလက်ယက်တွင်း (ရေနံမြေ) တွေရဲ့ အနီးမှာ တည်ရှိပါတယ်။

သရက်ကန်ပျူရွာဟာ ကြံခိုင်ရေးပါတီ အားကောင်းခဲ့တဲ့နေရာ ဖြစ်တဲ့အတွက် စစ်အာဏာ သိမ်းပြီးချိန်မှာ စစ်တပ်က လက်နက်တပ်ဆင်ပေးပြီး ပျူရွာအဖြစ် အသွင်ပြောင်းခဲ့တာပါ။

စစ်အာဏာသိမ်းပြီးနောက်မှာ ပေါက်မြို့နဲ့ အနောက်ဘက်က ကပစ ၂၄ အကြားက ကျေးရွာ အများစုကို စစ်တပ်က ပျူစောထီးရွာတွေအဖြစ် အသွင်ပြောင်းခဲ့ပြီး မြိုင်နယ်အစပ်က တွင်းမနဲ့ သရက်ကန်ရွာတွေကိုလည်း စစ်တပ်က အလားတူ ဖန်တီးခဲ့တာပါ။

အညာမြေတပ်ပေါင်းစုမှ ကိုဘိုဘိုသန့်ဇင်က “သရက်ကန် ပျူစောထီးကျေးရွာမှာ လက်နက်ကိုင် ပျူစောထီးတွေနဲ့ စစ်သားတွေကိုတော့ အရှင်ဖမ်းမိရတာ မရှိခဲ့ဘူးပေါ့။ ၄ ယောက်တော့ အသေဖမ်းမိတာ ရှိတယ်။ သူတို့က အဲဒီနေ့ညမှာပဲ ဂယ်ပေါက်ကနေ တွင်းမ ပျူစောထီးရွာကို ရွှေ့ပြောင်းသွားနိုင်ကြတယ်။ ဒေသတွင်းမှာ ကျန်ခဲ့တဲ့ ပြည်သူ ၄၉ ယောက်ကိုပဲ ကျနော်တို့ ဘေးလွတ်ရာမှာ ကာကွယ်စောင့်ရှောက်ထားပါတယ်။ ကျဆုံးခဲ့တဲ့ ရဲဘော်တွေကိုတော့ အားလုံးလွှမ်းခြုံတာပါ။ ရဲဘော်တွေရဲ့ ဝိညာဉ်တွေကို ကျနော်တို့က ကတိသစ္စာပေးခဲ့တယ်၊ ဒီတော်လှန်ရေးကို ဆုံးအောင်လျှောက်မယ် ဆိုပြီးတော့။ ပြည်သူတရပ်လုံးကလည်း တော်လှန်ရေးကို စိုက်လိုက်မတ်တပ်လုပ်နေတဲ့ အဖွဲ့အစည်းတွေကို ဝန်းရံပေးကြပါ၊ ထောက်ခံပေးကြပါ။ စစ်အာဏာရှင် ပြုတ်ကျတဲ့အထိ ကျနော်တို့ အတူတကွ ဖော်ဆောင်ကြရအောင်ပါလို့ သတင်းစကား ပါးပါရစေ” လို့ ပြောပါတယ်။

ချင်းပြည်နယ်ဘက်ကို တက်ဖို့အတွက် မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် စစ်အာဏာရှင် တပ်ရင်း တပ်ဖွဲ့တွေက ဆိပ်ဖြူဘက်ကနေ ပေါက်နယ်ထဲကို ဝင်ရောက်ပြီး ပျူရွာတွေက အင်အားတွေကို စုစည်းခဲ့တာပါ။

ပေါက်နယ်ထဲက ကပစ ၂၄ မှာ အင်အားစုစည်းပြီးနောက် ပေါက်-ထီးလင်း ကားလမ်းဟောင်းနဲ့ ပေါက်-ကျောက်ထု လမ်းတွေကနေ စစ်ကြောင်း ၂ ခုခွဲပြီး ချင်းပြည်နယ်၊ မင်းတပ်ဘက်ကို တက်နေတာ ဖြစ်ပါတယ်။

ဆိပ်ဖြူ ကပစ ၂၁-၂၂ က အင်အားတွေကတော့ ဆော-လောင်းရှည် လမ်းအတိုင်း ဆောကို တက်သွားပြီး ချင်းပြည်နယ်ဘက်ကို ဆက်လက်ဦးတည်တာ ဖြစ်ပါတယ်။

စစ်တပ်က စစ်ကိုင်းတိုင်း၊ ကလေးဘက်ကနေ ချင်းပြည်မြောက်ပိုင်း ဟားခါးဗျူဟာကို ဦးတည် ထားပြီး မကွေးတိုင်းဘက်ကနေ ချင်းပြည်တောင်ပိုင်း မတူပီဗျူဟာဘက်ကို မြေပြင်စစ်ကြောင်း ပြင်ခဲ့တာပါ။

စစ်ကိုင်း-မကွေး-ချင်းပြည် လမ်းပန်းဆက်သွယ်ရေးမှာ အရေးပါတဲ့ မကွေးတိုင်း၊ ယောနယ်ကို ထိန်းချုပ်ဖို့ ကြိုးစားနေသလို နယ်မြေချင်းထိစပ်နေတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ကိုလည်း အင်အားထောင်ချီ အသုံးပြုပြီး စစ်တပ်က ထိန်းချုပ်ဖို့ ကြိုးစားနေတာပါ။

ဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေက မလိုလားအပ်ဘဲ ထိခိုက်ကျဆုံးတာမျိုး မဖြစ်အောင် ဗျူဟာတကျ အားထုတ်နေရပြီး စစ်တပ်လမ်းကြောင်းတွေကို ပြောက်ကျားစနစ်နဲ့ တိုက်ခိုက် နေပါတယ်။

ဆက်စပ်သတင်းများ

AI Curated
မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးစစ်ကြောင်း၌ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ် | YGN Daily