ရေကြည်မြို့နယ်ကြောင်လျှာကျေးရွာအနီးရှိ          စစ်တပ်စခန်းကုန်း ၂ ခုကို AA ကသိမ်းပိုက်ပြီး စစ်သား၂၀ ကျော်ဖမ်းဆီးထား
politics||5 MIN READ

ရေကြည်မြို့နယ်ကြောင်လျှာကျေးရွာအနီးရှိ  စစ်တပ်စခန်းကုန်း ၂ ခုကို AA ကသိမ်းပိုက်ပြီး စစ်သား၂၀ ကျော်ဖမ်းဆီးထား

Narinjara
SourceNarinjara
Back to News

AI Summary

အာရက္ခတပ်တော် (AA) နှင့် မဟာမိတ်တပ်များက ဇွန်လ ၁ ရက်နေ့တွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် ရခိုင်ရိုးမအစပ်ရှိ ကြောင်လျှာရွာအနီးမှ စစ်ကောင်စီ၏ စခန်းကုန်း ၂ ခုကို သိမ်းပိုက်ခဲ့သည်။ အဆိုပါတိုက်ပွဲတွင် စစ်သား ၂၀ ကျော်ကို ဖမ်းမိခဲ့ပြီး သေဆုံးသူများလည်း များပြားကြောင်း သိရသည်။ စစ်ကောင်စီတပ်များသည် အမြောက်တပ်ကို အာရုံစိုက်နေချိန်တွင် ယင်းစခန်းကုန်းများ၌ အင်အားလျော့နည်းခြင်းနှင့် ရိက္ခာပြတ်တောက်ခြင်းတို့ကြောင့် AA က အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ လက်ရှိတွင် AA တပ်ဖွဲ့များသည် ရခိုင်ရိုးမအောက်ခြေရွာများကို စိုးမိုးထားပြီး သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့ကိုလည်း ထိန်းချုပ်ထားသည်။ စစ်ကောင်စီတပ်များက အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသော်လည်း စစ်မှုထမ်းသစ်များ ထွက်ပြေးမှုများကြောင့် အခက်အခဲများ ကြုံတွေ့နေရပြီး လေကြောင်းပစ်ကူဖြင့်သာ ခုခံတိုက်ခိုက်နေရသည်။ ဧရာဝတီတိုင်းအတွင်းရှိ သာပေါင်း၊ ရေကြည်နှင့် လေးမျက်နှာမြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

နိရဉ္စရာ၊ ဇွန် ၄/၂၀၂၆

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် ရခိုင်ရိုးမအစပ်ရှိကြောင်လျှာရွာအနီးရှိ အာဏာသိမ်းစစ်တပ်၏ စခန်းကုန်း ၂ ခုကို အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းမဟာမိတ်တပ်များက ဇွန်လ ၁ ရက်နေ့နံနက်ပိုင်းတွင်သိမ်းပိုက်လိုက်သည်ဟုရေကြည်မြို့နယ်စစ်ရေးသတင်း အရင်းအမြစ်များကနိရဉ္စရာ သတင်းဌာနကို အတည်ပြု ပြောဆိုသည်။

အဆိုပါ စခန်းကုန်း ၂ ခုမှ  စစ်မှုထမ်းတပ်သားသစ်များအပါအဝင်စစ်သား ၂၀ ကျော်ကိုလည်းဖမ်းမိထားကြောင်း ၎င်းစစ်ရေး ရင်းမြစ်များကပြောဆိုသည်။

ရေကြည်မြို့နယ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက” ဇွန်လ ၁ ရက်နေ့တွင်မနက်ပိုင်းကသိမ်းပိုက်လိုက်တယ်လို့သိရတယ်။မေလနောက်ဆုံးအပတ်ထဲကရေကြည်ရခိုင်ရိုးမအစပ်ကျေးရွာတချို့ကိုစစ်တပ်ကအင်အားဖြည့်တာရပ်နေတာ၊အနီအနားကပစ်ခတ်သံတွေကြားတော့ ဒေသခံတွေရိုးပေါ်ကိုမတက်တာနည်းနည်းကြာနေပြီ။AA ကဖမ်းမိထားတာ ၂၀ ကျော်တယ်တဲ့။ ဧရာဝတီတိုင်းထဲက မြို့နယ်တွေက စစ်မှုထမ်းသစ်တွေလည်းပါတယ်။သေဆုံးတာလည်းများတယ်လို့ကြားတယ်။လက်နက်တွေလည်းမိတယ်။အခုကရို;မ အောက်ခြေရွာတွေကိုစစ်တပ်ကမစိုးမိုးနိုင်တော့ဘူး။AA ကပေါ်တင်သွားလာနေတာပါ” ဟုပြောသည်။

အဆိုပါကြောင်လျှာရွာ စခန်းကုန်း၂ခု သည် ရေကြည်နှင့်သာပေါင်းမြို့နယ်ကြားတည်ရှိကာ အာဏာသိမ်းစစ်တပ်မှ ညောင်မှော်တောင်တန်း၊ရွှေရင်မျှော်ကုန်း ၊ သရက်ကုန်းကျေးရွာအုပ်စု တို့ဘက်မှစစ်ကြောင်းထိုးကာ၎င်းစခန်း ၂ ခုအင်အားဖြည့်ထားသော်လည်း ဇွန်လ ၁ ရက်နေ့က AA  က သိမ်းပိုက်သွားခဲ့သည်ဟု ဆိုသည်။

အဆိုပါကြောင်လျှာရွာစခန်းကုန်း၂ခု နှင့်၁ မိုင်ခန့်အကွာတွင်တည်ရှိသောညောင်မှော်တောင်တန်းအနီးရှိအာဏာသိမ်းစစ်တပ်၏ရိုးမ တောင်ခြေစခန်းကုန်းသုံးခုနီးပါးကိုလည်း အေအေနှင့်ပူးပေါင်းတပ်များကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းသိရသည်။

အာရက္ခတပ်တော်နှင့်ပူးပေါင်းမဟာမိတ်တပ်ဖွဲ့သည်ရခိုင်ရိုးမအနီးရေကြည်နှင့်သာပေါင်းမြို့နယ်ကြားရှိ ရွှေရင်မျှော်ကုန်း၊သုံးတန်ဂူ၊ ကြောင်လျှာရွာ၊ ခုနစ်တန်ဂူ လမ်းကြောင်းအတိုင်း တိုက်ပွဲဖော်ဆောင်နေပြီးတော်လှန်​ရေးတပ်ဖွဲ့များသည် ရခိုင်ရိုးမမြောက်ဘက်နှင့် အနောက်ဘက်ရှိရေကြည်အပိုင်သီတာကုန်းပြင် ဘက်သို့လည်း ရောက်ရှိနေကြောင်းဒေသတွင်းစစ်ရေးသတင်းရင်းမြစ်များကပြောဆိုသည်။

“ အမြောက်တပ်ကိုအာရုံစိုက်နေရတာလောလောဆယ်မှာစစ်တပ်က။ အဲဒီအချိန်မှာမထင်မှတ်ထားပဲရေကြည်မြို့အစွန်ကရခိုင်ရိုးမအစပ်က စခန်းကုန်းတွေမှာ အင်အားလျော့တာ၊ရိက္ခာပြတ်တာတွေရှိတော့ အေအေက ဝင်သိမ်းတာခဏပဲတိုက်ရတယ်လို့သိရတယ်။ကြောင်လျှာက သာပေါင်းဖက်နဲ့ လည်းနီးတယ်။အခုအဲဒီအနားက နောက်ထပ်စခန်းကုန်းနှစ်ခုကိုလည်း အေအေကထိုးစစ်ဆင်နေပြီ”ဟု ပြောသည်။

၎င်းပြင် သာပေါင်းမြို့နယ်ထဲက ကျေးရွာအုပ်စု တချို့ကိုလည်း အာရက္ခတပ်တော်က စိုးမိုးထားပြီး ထောက်ပို့လမ်းကြောင်းတချို့ကိုလည်း AA ကပိတ်ဆို့ထားသည်ဟု ပြောသည်။

“ သာပေါင်းမြို့နယ်ထဲကသရက်ကုန်းကျေးရွာအုပ်စုက နေရာတွေကို အေအေစိုးမိုးထားပြီးနောက်ထပ်ရခိုင်အစပ်ကတောင်ကုန်းတွေသိမ်းဖို့လည်း လုပ်နေပြီ။ ဇွန်လထဲမှာရခိုင်ရိုးအစပ်ကျေးရွာတွေကိုတက်လာမယ်။စစ်တပ်စစ်ကြောင်းတွေကို AA က လမ်းကနေရာယူပိတ်ဆို့ထားတော့ ထောက်ပို့နဲ့စစ်ကူတပ်တွေ တက်လို့မရဖြစ်နေတယ်” ဟု၎င်းစစ်ရေးရင်းမြစ်က ပြောသည်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်းရှိ သာပေါင်း၊ ရေကြည် နှင့်လေးမျက်နှာမြို့နယ်များတွင် အာရက္ခတပ်တော် (AA)၊ပူးပေါင်းမဟာမိတ်တပ်များနှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲများပြင်းထန်လျက်ရှိကာအာဏာသိမ်းစစ်တပ်မှအင်အားများကိုဆက်တိုက် ဖြည့်တင်းမှုများရှိနေကြောင်းသိရသည်။

အာဏာသိမ်းစစ်တပ်သည် ဧရာဝတီတိုင်းအတွင်း စစ်မျက်နှာဖွင့်လာသည့်အာရက္ခတပ်တော်နှင့် မဟာမိတ်တပ်များကို ခုခံရန်အတွက် သာပေါင်းမြို့နယ်ရှိမရမ်းချို၊ ညောင်မှော်သောင်တန်း၊ ရွှေရင်မျှော်ကုန်းနှင့် ဘုရားကြီးစသည့်နေရာများတွင်အင်အားဖြည့်တင်းကာ စစ်ပြင်ဆင်မှုများ ပြုလုပ်နေသော်လည်းစစ်မှုထမ်းတပ်သားသစ်တချို့ မှာစစ်မတိုက်လိုဘဲ ထွက်ပြေးမှုများ​ရှိနေသဖြင့်အခက်အခဲကြုံနေရသည်ဟု ရေကြည်မြို့နယ် စစ်ရေးရင်းမြစ်များက နိရဉ္စရာကို ဆက်လက် ပြောဆိုသည်။

ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရခိုင်ရိုးမအစပ်ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလာနေပြီး အာဏာသိမ်းစစ်တပ်၏မြေပြင်တပ်များကရိုးမတောင်ခြေအားစစ်ရေးမလွမ်းမိုးနိုင်သောကြောင့် လေကြောင်းပစ်ကူပစ်ကူများဖြင့်အပြင်းအထန် ခုခံတိုက်ခိုက်မှုများကို ပြုလုပ်နေရသည်ဟု သိရသည်။

ဆက်စပ်သတင်းများ

AI Curated
ရေကြည်မြို့နယ်ကြောင်လျှာကျေးရွာအနီးရှိ  စစ်တပ်စခန်းကုန်း ၂ ခုကို AA ကသိမ်းပိုက်ပြီး စစ်သား၂၀ ကျော်ဖမ်းဆီးထား | YGN Daily