စစ်အုပ်စုကို ကျော်လွန်ပြီး အကူအညီပေးနိုင်သည့် တော်လှန်ရေးအင်အားစုများ၏ ယန္တရားများအကြောင်း ကနေဒါကို ရှင်းလင်းခဲ့ဟု ဝန်ကြီး ဒေါ်ဇင်မာအောင် ပြော - BUR.MIZZIMA.COM
politics||8 MIN READ

စစ်အုပ်စုကို ကျော်လွန်ပြီး အကူအညီပေးနိုင်သည့် တော်လှန်ရေးအင်အားစုများ၏ ယန္တရားများအကြောင်း ကနေဒါကို ရှင်းလင်းခဲ့ဟု ဝန်ကြီး ဒေါ်ဇင်မာအောင် ပြော - BUR.MIZZIMA.COM

AI Summary

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် ကနေဒါနိုင်ငံသို့ သွားရောက်ခဲ့ပြီး အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီများ ထိထိရောက်ရောက် ပေးအပ်နိုင်ရေးအတွက် တိုင်းရင်းသားဒေသများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အကြား ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများကို အသုံးပြုရန် ဆွေးနွေးရန်ဖြစ်သည်။ ကနေဒါအစိုးရက မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်းနှင့် အကူအညီများ အတားအဆီးမရှိ ဝင်ရောက်နိုင်ရန် တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ SCEF သည် ၎င်းတို့၏ စုဖွဲ့မှုရည်ရွယ်ချက်၊ မြန်မာ့တော်လှန်ရေးအခြေအနေနှင့် အနာဂတ်အမြင်များကို ရှင်းပြခဲ့ပြီး တော်လှန်ရေးအင်အားစုများအကြား စုစည်းညီညွတ်မှုအတွက် ကြိုးပမ်းမှုကို ပြသနိုင်ခဲ့သည်။ နိုင်ငံတကာအသိုက်အဝန်းကလည်း ဤစုစည်းမှုကို ကြိုဆိုခဲ့ပြီး SCEF အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ဖော်ပြခဲ့သည်။ ဤခရီးစဉ်သည် SCEF စတင်ဖွဲ့စည်းပြီးနောက်ပိုင်း နိုင်ငံတကာအစိုးရနှင့် လွှတ်တော်ထိပ်ပိုင်း တာဝန်ရှိသူများနှင့် လူကိုယ်တိုင်တွေ့ဆုံသည့် ပထမဆုံးခရီးစဉ်ဖြစ်သည်။

ဓာတ်ပုံ – SCEF ကိုယ်စားလှယ်အဖွဲ့ ကနေဒါနိုင်ငံ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး။ တက္ကသိုလ်ပညာရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ကနေဒါရောက်မြန်မာနွယ်ဖွားများနှင့်လည်း တွေ့ဆုံနေသည့်မြင်ကွင်းကို ၂၀၂၆ ခုနစ် ဇွန်လ ၃ ရက်တွင် SCEF ထုတ်ပြန်။ (ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ – SCEF)

မောင်ခက်နွေ (ဇွန် – ၄)

မဇ္ဈိမ။ ။ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ကနေဒါနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ထိထိရောက်ရောက် ပေးအပ်နိုင်ရန်အတွက် တိုင်းရင်းသားဒေသများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အကြား ရှိနှင့်ပြီးသား ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများကို အသုံးပြုရန် ဆွေးနွေးခဲ့ကြောင်း ဒေါ်ဇင်မာအောင်ထံက မဇ္ဈိမက သိရသည်။

“အဓိကကတော့ ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကို ဆောင်ရွက်နေကြတဲ့နိုင်ငံတွေ နိုင်ငံတကာအေဂျင်စီတွေအနေနဲ့ လက်တွေ့ကျကျ ဒီအကူအညီပေးနိုင်မှု ကျွန်မတို့ ဒီတော်လှန်ရေးအင်အားစုတွေ ကြားမှာ ပူးပေါင်းဆောင်ရွက်နေတဲ့ ယန္တရားတွေ ရှိနေတယ် ဆိုတဲ့ဟာကို ကျွန်မတို့ ရှင်းပြနိုင်တယ်။ လက်တွေ့ကျကျ အကူအညီပေးမယ် ဆိုလို့ရှိရင်လည်းပဲ ကျွန်မတို့ဘက်ကတော့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ် ဆိုတဲ့အကြောင်းနဲ့ ပေါ့နော်” ဟု ၎င်းကဆိုသည်။

ကနေဒါအစိုးရဘက်က မြန်မာပြည်သူများနှင့်အတူ အခိုင်အမာရပ်တည်ကြောင်းနှင့် အကူအညီများ အတားအဆီးမရှိ ဝင်ရောက်နိုင်ရန် တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုထားသော်လည်း၊ မြေပြင်တွင် စစ်အုပ်စုက တိုက်ခိုက်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်နေသည့်အပေါ် စစ်အုပ်စုကို ကျော်လွန်၍ ပြည်သူများထံ အကူအညီများ တိုက်ရိုက်ရောက်ရှိနိုင်မည့် နည်းလမ်းများနှင့် ပတ်သက်ပြီး SCEF အတွင်းရေးမှူးအဖွဲ့ဝင်၊ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မဇ္ဈိမသို့ ရှင်းလင်းပြောကြားသည်။

“အားလုံးသိတဲ့အတိုင်းပဲ ကမ္ဘာ့နိုင်ငံအသီးသီးကတော့ ကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ တခြား ပြဿနာတွေနဲ့ ဦးစားပေးရမယ့် ကိစ္စတွေ ရှိနေသော်ငြားလည်းပဲ ဒီ humanitarian နဲ့ ပတ်သက်တဲ့ ရရှိသလောက် ပေါ့နော်၊ ရှိထားသလောက် ဒီအကူအညီပေးနိုင်တဲ့ ကိစ္စတွေမှာ ထိရောက်ဆုံးဖြစ်ဖို့ဆိုရင် ကျွန်မတို့တွေ ဆောင်ရွက်နေတဲ့ ဒီ localization strategy တို့၊ နောက်ပြီးတော့ humanitarian ဒီ platform တွေ ပေါ့နော်၊ ဒီပြောရရင်တော့ ဒီတိုင်းရင်းသားဒေသတွေမှာလည်း ရှိပြီးသား၊ နောက် NUG မှာလည်း ရှိတယ်၊ ကျွန်မတို့ ပေါင်းစပ်ဆောင်ရွက်နေတဲ့ ယန္တရားတွေကနေ ဘယ်လိုမျိုး ထိထိရောက်ရောက် လုပ်နိုင်မလဲ ဆိုတဲ့ဟာရယ်၊ အဲ့တော့ အဲ့လိုလုပ်ဖို့လို့ ကျွန်မတို့ဘက်က ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိနေတယ် ဆိုတာတွေကိုတော့ ကျွန်မတို့ ဆွေးနွေးဖြစ်ခဲ့တာ ရှိပါတယ်”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ယခုခရီးစဉ်သည် SCEF စတင်ဖွဲ့စည်းပြီးနောက်ပိုင်း နိုင်ငံတကာအစိုးရနှင့် လွှတ်တော်ထိပ်ပိုင်း တာဝန်ရှိသူများနှင့် လူကိုယ်တိုင် သွားရောက်တွေ့ဆုံသည့် ပထမဆုံးသော ခရီးစဉ်ဖြစ်သည်။

ခရီးစဉ်နှင့် ပတ်သက်၍ SCEF အတွင်းရေးမှူးအဖွဲ့ဝင်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က”အခု ဒီခရီးစဉ်ကတော့ ကျွန်မတို့ ဒီ SCEF ဖွဲ့ပြီးတဲ့နောက်မှာတော့ အဓိက လူကိုယ်တိုင် ဒီနိုင်ငံတကာ နိုင်ငံခြားအစိုးရ တာဝန်ရှိတဲ့သူတွေ၊ လွှတ်တော်က တာဝန်ရှိတဲ့သူတွေနဲ့ တွေ့ဆုံတဲ့ ပထမဆုံးခရီးစဉ် ဖြစ်ပါတယ်။ ကျွန်မတို့ ဒီသတင်းစာရှင်းလင်းပွဲတွေလည်း လုပ်တယ်၊ SCEF ဖွဲ့စည်းပြီးကြောင်းလည်း နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်းပဲ ကျွန်မတို့ စာတွေပေးပို့ အကြောင်းကြားထားပြီး ဖြစ်တယ်ပေါ့နော်။ အခု ဒီခရီးစဉ်မှာတော့ သူတို့ သိချင်တာတွေ၊ ကျွန်မတို့ စုဖွဲ့မှုရဲ့ ရည်ရွယ်ချက်တွေ၊ ကျွန်မတို့ အခု လက်ရှိမြန်မာနိုင်ငံမှာ ရှိနေတဲ့ တော်လှန်ရေးအခြေအနေနဲ့ ဒီစုဖွဲ့မှု ကျွန်မတို့ရဲ့ အနာဂတ် အမျှော်အမြင်၊ ဒါတွေကိုတော့ အပြန်အလှန် ဆွေးနွေးရှင်းပြခွင့် ရခဲ့တယ်ပေါ့နော်”ဟု ဆိုသည်။

ဆက်လက်၍ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ယခုကဲ့သို့ စုစည်းမှုကို ကြိုဆိုကြကြောင်းနှင့် တော်လှန်ရေးအင်အားစုများအကြား သဘောထားကွဲပြားမှုများ ရှိသော်လည်း စုစည်းညီညွတ်ရန် ကြိုးပမ်းမှုကို ပြသနိုင်ခဲ့ကြောင်း ဝန်ကြီး ဒေါ်ဇင်မာအောင်က ထည့်သွင်းပြောကြားသည်။

“ပြောရရင်တော့ ဒီလိုစုစည်းမှုကိုတော့ သူတို့ ကြိုဆိုကြပါတယ်။ ကျွန်မတို့တွေကလည်း ကျွန်မတို့တွေ ကြားမှာရှိနေတဲ့ မတူကွဲပြားမှုတွေ ရှိနေတာမှန်တယ်၊ ဒါ သဘာဝလည်း ဖြစ်တယ်။ သို့သော် ဒီလိုမတူကွဲပြားမှုတွေ ကြားကကိုပဲ ကျွန်မတို့တွေဟာ စုစည်းညီညွတ်အောင်လို့ ကြိုးစားအားထုတ်နေတယ်။ ဒါဒီအတွက် ဒီ ပေါ့နော်၊ ဒီ SCEF ဖွဲ့စည်းမှုက ဒီရဲ့ သင်္ကေတဖြစ်သလို ကျွန်မတို့တွေရဲ့ commitment လည်း ဖြစ်တယ်ဆိုတာကိုတော့ ကျွန်မတို့ ပြသနိုင်တယ်ပေါ့။ အဲတော့ ဒီအတွက်တော့ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေ ရခဲ့တယ်လို့ပဲ ကျွန်မ ပြန်ပြီးတော့ ဖြေကြားချင်ပါတယ်ရှင်”ဟု ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

တွေ့ဆုံပွဲများအတွင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး၏ ပါလီမန်ရေးရာအတွင်းဝန် ရောဘတ် အိုလီဖန့်က ကနေဒါနိုင်ငံအနေဖြင့် ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်သည့် အနာဂတ်တရပ် တည်ဆောက်နိုင်ရေးအတွက် မြန်မာပြည်သူများနှင့်အတူ ခိုင်ခိုင်မာမာ ရပ်တည်လျက်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

၎င်းအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အတားအဆီးကင်းစွာဖြင့် အပြည့်အဝ ဝင်ရောက်နိုင်ရန် တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် အရေးတကြီး လိုအပ်ကြောင်းလည်း အလေးပေးပြောဆိုခဲ့သည်ဟု ဆိုသည်။

SCEF ကိုယ်စားလှယ်အဖွဲ့သည် ဒီမိုကရက်တစ် မြန်မာနိုင်ငံ၏ ပါလီမန်မိတ်ဆွေများအဖွဲ့မှ ဦးဆောင်အဖွဲ့ဝင်များဖြစ်ကြသည့် လွှတ်တော်အမတ် ဂါနက် ဂျီးနီယက်နှင့် အဒမ် ချိန်ဘာတို့ကိုလည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေး၊ အရပ်သားများအပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အိုတာဝါမြို့ရှိ အရပ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင်လည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စများနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ အကြောင်းအရာများကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု SCEF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့သည် တိုရန်တိုတက္ကသိုလ်၌ ပါမောက္ခများ၊ သုတေသနပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သလို၊ ကနေဒါနိုင်ငံရှိ မြန်မာနွယ်ဖွားများနှင့်လည်း လူထုတွေ့ဆုံပွဲများ ပြုလုပ်ကာ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် အနာဂတ်ဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း SCEF ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခု ကနေဒါခရီးစဉ်သို့ သွားရောက်ခဲ့သည့် SCEF ကိုယ်စားလှယ်အဖွဲ့တွင် SCEF အတွင်းရေးမှူးအဖွဲ့ဝင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ SCEF နိုင်ငံခြားရေးရာအဖွဲ့ဝင်များဖြစ်ကြသည့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှ နဲနယ်ပလို၊ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ စောနီးမရော့ဒ်နှင့် NUG သမ္မတရုံးအကြံပေး ဦးကျော်ဇော်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

စာတည်း – သန့်ဇော်(သန်လျင်)

ဆက်စပ်သတင်းများ

AI Curated
စစ်အုပ်စုကို ကျော်လွန်ပြီး အကူအညီပေးနိုင်သည့် တော်လှန်ရေးအင်အားစုများ၏ ယန္တရားများအကြောင်း ကနေဒါကို ရှင်းလင်းခဲ့ဟု ဝန်ကြီး ဒေါ်ဇင်မာအောင် ပြော - BUR.MIZZIMA.COM | YGN Daily