ဆုန်သင်းပါရ်၏ စင်ကာပူဖျော်ဖြေပွဲကို သပိတ်မှောက်ရန်နှိုးဆော်ထားသဖြင့် လက်မှတ်ဝယ်ယူသူ နည်းပါး
politics||5 MIN READ

ဆုန်သင်းပါရ်၏ စင်ကာပူဖျော်ဖြေပွဲကို သပိတ်မှောက်ရန်နှိုးဆော်ထားသဖြင့် လက်မှတ်ဝယ်ယူသူ နည်းပါး

DVB
SourceDVB
Back to News

AI Summary

စစ်အာဏာရှင်၏ နေပြည်တော် သင်္ကြန်မဏ္ဍပ်တွင် ဖျော်ဖြေခဲ့သည့် အဆိုတော် ဆုန်သင်းပါရ်၏ စင်ကာပူ တကိုယ်တော်ဖျော်ဖြေပွဲကို သပိတ်မှောက်ရန် လှုံ့ဆော်မှုများ ပြင်းထန်နေပါသည်။ ပြည်ပရောက် မြန်မာအသိုက်အဝန်းနှင့် တော်လှန်ရေးအင်အားစုများက စစ်တပ်နှင့် ပတ်သက်သည့် အနုပညာရှင်များအပေါ် Boycott လှုပ်ရှားမှုများကို အရှိန်မြှင့် လုပ်ဆောင်နေခြင်းဖြစ်သည်။ စစ်အုပ်စု၏ ဝါဒဖြန့်ချိရေးကို အားပေးရာရောက်ပြီး ပြည်သူများအကြား စိတ်ဝမ်းကွဲပြားစေနိုင်သောကြောင့် ယခုလို ဆန့်ကျင်ခြင်းဖြစ်ကြောင်း FNCC Burma Fact Check Community က တိုက်တွန်းပြောကြားသည်။ လက်ရှိတွင် ဇွန် ၇ ရက်နေ့ ကျင်းပမည့် ဆုန်သင်းပါရ်၏ပွဲအတွက် လက်မှတ်ဝယ်ယူသူ အလွန်နည်းပါးနေပြီး ပွဲစီစဉ်သူများနှင့် ပူးပေါင်းပါဝင်သူများကိုပါ သပိတ်မှောက်ရန် တိုက်တွန်းလျက်ရှိသည်။ စင်ကာပူရောက် မြန်မာအများစုက စစ်ကောင်စီနှင့် ဆက်နွှယ်သည့် မည်သည့်ပွဲကိုမျှ အားမပေးကြောင်း ပြောဆိုကြပြီး၊ ယခင်ကလည်း Iron Cross နှင့် G Fatt တို့၏ ဖျော်ဖြေပွဲများ၊ နေဝင်းပါဝင်သည့် ရုပ်ရှင်များလည်း သပိတ်မှောက်ခံရကာ ကြည့်ရှုသူနည်းပါးခဲ့ဖူးသည်။

ပြီးခဲ့တဲ့သင်္ကြန်တုန်းက စစ်အာဏာရှင်ရဲ့ နေပြည်တော် ဗဟိုမဏ္ဍပ်မှာ သွားရောက်ဖျော်ဖြေခဲ့တဲ့ အနုပညာရှင်တယောက်ဖြစ်တဲ့ အဆိုတော် ဆုန်သင်းပါရ်ရဲ့ တကိုယ်တော်ဖျော်ဖြေပွဲကို စင်ကာပူ နိုင်ငံမှာ ကျင်းပဖို့ ရှိနေတဲ့အပေါ် သပိတ်မှောက် boycott လုပ်ကြဖို့ လှုံ့ဆော်နေပါတယ်။

စစ်တပ်အသိုက်အဝန်းနဲ့ ပတ်သက်နေတဲ့ အနုပညာရှင်တွေအပေါ် ပြည်ပရောက် မြန်မာ အသိုက်အဝန်းနဲ့ တော်လှန်ရေးအင်အားစုတွေက ဆန့်ကျင်သပိတ်မှောက်တဲ့ လှုပ်ရှားမှု Boycott တွေကို အရှိန်တိုးမြှင့် လုပ်ဆောင်လာနေတာမှာ လာမဲ့ ဇွန် ၇ ရက် စင်ကာပူနိုင်ငံမှာ ပြုလုပ်မဲ့ အဆိုတော် ဆုန်သင်းပါရ်ရဲ့ တကိုယ်တော် ဖျော်ဖြေပွဲကိုလည်း သပိတ်မှောက်ဖို့ လှုံ့ဆော်တာ ဖြစ်ပါတယ်။

ခုလို စစ်အုပ်စုနဲ့ ဆက်နွှယ်တဲ့ ဖျော်ဖြေပွဲတွေဟာ စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေးကို အားပေးအားမြှောက် ပြုတဲ့အတွက် ပြည်ပရောက် မြန်မာတွေကြားမှာ စိတ်သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ အတွက် Boycott လုပ်ဆောင်ကြဖို့ကိုလည်း FNCC Burma Fact Check Community ရဲ့ တာဝန်ရှိသူက တိုက်တွန်းပြောပါတယ်။

“စစ်အုပ်စုဘက်က ရပ်တည်တဲ့ အနုပညာရှင်ဆိုတဲ့သူတွေ မှန်သမျှသည် စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေး ယန္တရားရဲ့ ထောက်တိုင်တွေဖြစ်တယ်။ အခုလို ရွှေပြောင်းမြန်မာတွေ အများစုရှိတဲ့နေရာကို သူတို့ ဖျော်ဖြေပွဲတွေ လာလုပ်တယ်ဆိုတဲ့ အဓိကရည်ရွယ်ချက်က ဘာလဲဆိုတော့ ပြည်သူတွေကြားထဲမှာ အကွဲအပြဲဖြစ်အောင်ပါ။ စစ်အုပ်စု ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်အတိုင်း ဖော်ဆောင်နေတဲ့သူတွေ ဖြစ်တဲ့အတွက် ကျနော်တို့က ဆန့်ကျင်ကြတာပါ။ အဓိကကတော့ စစ်အုပ်စုအောက်မှာနေမယ် ဆိုလို့ရှိရင် ပြည်သူရဲ့ ဆန့်ကျင်မှုကို ဒီလိုခံရမယ်ဆိုတဲ့ အကျိုးဆက်တွေ ရှိတယ်ဆိုတဲ့အကြောင်း သူတို့ကို သိအောင်ပြတာပါ။ နောက်ထပ်လာမယ်ဆိုတဲ့သူတွေ အတွက်လည်း သတိပေးချက် ဖြစ်နေအောင် ကျနော်တို့က ဆန့်ကျင်ကြတာပါ။ ပြည်သူ့အာဏာဆိုတာ ပြည်သူ့လက်ထဲမှာပဲ အမြဲတမ်းရှိပါတယ်။ ဆိုတော့ လူအများပါဝင်ရင် ပါဝင်သလို ထိရောက်တဲ့ လုပ်ဆောင်ချက်ကြီး ဖြစ်လာမှာပါ။”

လက်ရှိမှာလည်း ဇွန် ၇ ရက်နေ့ စင်ကာပူမှာကျင်းပဖို့ စီစဉ်ထားတဲ့ ဆုန်သင်းပါရ်ရဲ့ပွဲမှာ သွားရောက် အားပေးမဲ့သူ အလွန်နည်းပါးနေပြီး လက်မှတ်ဝယ်ယူသူ မရှိသလောက် နည်းပါးနေတာကို တွေ့ရ တယ်လို့ ပွဲစီစဉ်သူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒါ့အပြင် ပွဲစီစဉ်ပေးသူတွေ၊ တေးဂီတ (Band) အဖွဲ့တွေ၊ ကြော်ငြာပေးနေတဲ့ စီးပွားရေး လုပ်ငန်းရှင် အပါအဝင် ပူးပေါင်းလုပ်ဆောင်နေတဲ့သူတွေကိုပါ Boycott လုပ်ကြဖို့ တိုက်တွန်းနေကြပါတယ်။

ဒီလို သပိတ်မှောက်ဖို့ လှုံ့ဆော်မှုတွေ ရှိနေတာနဲ့ပတ်သက်ပြီး အဆိုတော် ဆုန်သင်းပါရ်ကို DVB က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အခုသတင်းလွှင့်တဲ့အချိန်အထိ ပြန်ပြီး တုံ့ပြန်ဖြေကြားတာ မရှိပါဘူး။

စင်ကာပူမှာနေထိုင်တဲ့ မြန်မာအမျိုးသမီးတယောက်ကတော့ စစ်အုပ်စုနဲ့ ဆက်နွှယ်တဲ့ ဘယ်ပွဲကို မဆို သွားရောက်အားပေးမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

“အားမပေးကြပါဘူးနော်၊ ဒီ စကစ လက်အောက်ကနေ လာလုပ်တဲ့ပွဲတွေ မှန်သမျှ စင်ကာပူရဲ့ ဓမ္မဘက်တော်သားတွေက အားမပေးကြပါဘူး။ ဘယ်သူတွေပဲ လာလုပ်လုပ် အားမပေး ကြပါဘူးရှင့်၊ အကုန်လုံးက Boycott လုပ်ပေးကြပါတယ်။ သူငယ်ချင်းတွေ အသိမိတ်ဆွေ ဘယ်သူ မှလည်း မသွားကြပါဘူးလေ။ သွားကြည့်ဖို့မှ မလိုအပ်တာ။ ဒီပွဲတွေဆိုတာက စကစ လက်အောက် ကနေ လာတာလေ။”

ပြည်ပရောက် မြန်မာတွေအနေနဲ့ စစ်တပ်နဲ့ဆက်နွှယ်တဲ့ အနုပညာရှင်တွေ လာရောက်ဖျော်ဖြေမဲ့ ပွဲတွေကို သွားအားမပေးကြဖို့နဲ့ ပူးပေါင်းပါဝင်နေသူတွေကိုပါ သပိတ်မှောက်တာနဲ့ လူမှုရေးပြစ်ဒဏ် ခတ်တာတွေ ထိထိရောက်ရောက် လုပ်ဆောင်ကြဖို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက တိုက်တွန်း ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ထိုင်း၊ မလေးရှား၊ စင်ကာပူ စတဲ့နိုင်ငံတွေမှာ ကျင်းပခဲ့တဲ့ Iron Cross၊ G Fatt လို အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲတွေ အပါအဝင် သရုပ်ဆောင် နေဝင်း ပါဝင်တဲ့ ဗြောသံ ရုပ်ရှင်ဟာ လည်း သပိတ်မှောက်ကြလို့ ကြည့်ရှုသူ မရှိသလောက် ဖြစ်ခဲ့ရတဲ့အပြင် တချို့ အနုပညာရှင်တွေ ဆိုရင်လည်း ပွဲတွေဖျက်သိမ်းရတဲ့အထိပါ ရှိခဲ့ဖူးပါတယ်။

ကေခိုင်

ဆက်စပ်သတင်းများ

AI Curated
ဆုန်သင်းပါရ်၏ စင်ကာပူဖျော်ဖြေပွဲကို သပိတ်မှောက်ရန်နှိုးဆော်ထားသဖြင့် လက်မှတ်ဝယ်ယူသူ နည်းပါး | YGN Daily