ကရင်နီတွင် စစ်အုပ်စု ဗုံးကြဲမှုကြောင့် ခရစ်ယာန်သာသနာဆရာ ၁ ဦးသေဆုံး၊ ၂ ဦးထိခိုက်ဒဏ်ရာရဟု IEC ပြော - BUR.MIZZIMA.COM
politics||4 MIN READ

ကရင်နီတွင် စစ်အုပ်စု ဗုံးကြဲမှုကြောင့် ခရစ်ယာန်သာသနာဆရာ ၁ ဦးသေဆုံး၊ ၂ ဦးထိခိုက်ဒဏ်ရာရဟု IEC ပြော - BUR.MIZZIMA.COM

AI Summary

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတွင် စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နှစ်ခြင်းခရစ်ယာန်သာသနာဆရာတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ပြောကြားသည်။ ဇွန်လ ၄ ရက်နေ့ ညနေပိုင်းက ဂျက်ဖိုက်တာများဖြင့် ကျေးရွာသုံးရွာအပေါ် ပေါင် ၅၀၀ ဗုံးများ လေးကြိမ်ခန့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတို့အနက် စစ်ရှောင်စခန်းတစ်ခုလည်း ပါဝင်သည်။ သေဆုံးသူမှာ အသက် ၃၈ နှစ်အရွယ် သာသနာဆရာဖြစ်ပြီး ဒဏ်ရာရသူများအနက် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ပြင်းထန်ကာ အသက် ၇၀ ဝန်းကျင် အဖိုးအိုတစ်ဦးမှာ ရှပ်ထိဒဏ်ရာများ ရရှိခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် နေအိမ်များ၊ ရေသိုလှောင်ကန်များနှင့် စပါးကျီအချို့လည်း ထိခိုက်ပျက်စီးခဲ့သည်။ ကရင်နီပြည်နယ်အတွင်း စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ရက်တိုင်းနီးပါး ဖြစ်ပွားနေပြီး စစ်အုပ်စု၏ ထိုးစစ်များ၊ ရွာမီးရှို့မှုများနှင့် ဖမ်းဆီးသတ်ဖြတ်မှုများ ပိုမိုလုပ်ဆောင်လာသည်ဟု သိရသည်။ ပြီးခဲ့သည့် မေလအတွင်းကလည်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် လူနှစ်ဦးသေဆုံးကာ ဆယ်ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ဓာတ်ပုံ – ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတွင် စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၃၈ နှစ်အရွယ် နှစ်ခြင်းခရစ်ယာန်သာသနာဆရာ တဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထံမှ သိရသည်။ (MOI)

001 (ဇွန် ၄)

မဇ္ဈိမ။ ။ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတွင် စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နှစ်ခြင်းခရစ်ယာန်သာသနာဆရာ(အသက် ၃၈ နှစ်) တဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး – ( ၂ ) ကိုဗညားက မဇ္ဈိမကိုပြောသည်။

စစ်အုပ်စု၏ ဂျက်ဖိုက်တာများသည် ယမန်နေ့ (ဇွန်လ ၄ရက်) ညနေ ၅ နာရီခွဲမှ ၆ နာရီခွဲဝန်းကျင်အထိ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာသုံးရွာအပေါ် လေးကြိမ်ခန့် ဝဲပတ်ပျံသန်းပြီး ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ဗုံးကြဲတဲ့နေရာက ဘုရားကျောင်းတွေ နီးတဲ့ ရွာတရွာပါတယ်။ နောက်ပြီးတော့မှ ကျောင်းနဲ့နီးတဲ့ ရွာတရွာရယ်၊ နောက်တနေရာကတော့ စစ်ရှောင်စခန်းပေါ့နော်။ စစ်ရှောင်စခန်းမှာကတော့ သေဆုံးမှုတွေ ဖြစ်သွားပါတယ်။ (သေဆုံးသူ) သူက သာသနာဆရာပါ” ဟု ဆိုသည်။

ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးထဲမှ အသက် ၂၅ နှစ်အရွယ် အမျိုးသားတဦးမှာ ထိခိုက်ဒဏ်ရာ ပြင်းထန်ကြောင်း သိရပြီး အသက် ၇၀ ဝန်းကျင်အရွယ် အဖိုးအိုတဦးမှာလည်း ရှပ်ထိဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ထိုတိုက်ခိုက်မှုကြောင့် ကျေးရွာများထဲရှိ နေအိမ်များ၊ ရေသိုလှောင်ကန်အချို့နှင့် စပါးကျီအချို့ ထိခိုက်ပျက်စီးခဲ့ပြီး ပျက်စီးမှုအသေးစိတ်စာရင်းကိုမူ မသိရသေးကြောင်း ကိုဗညားက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ကလည်း စစ်အုပ်စုသည် ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့နှင့် အနီးအနားတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် သက်ကြီးရွယ်အို အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယင်းမတိုင်ခင်တရက်ကလည်း ဖရူဆိုမြို့နယ်ထဲတွင် ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။

လက်ရှိ ကရင်နီပြည်နယ်အတွင်း စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ရက်တိုင်းနီးပါး ကြိုကြားထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားနေပြီး ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင်လည်း စစ်အုပ်စုသည် စစ်ရေးလှုပ်ရှားမှု ပိုမိုပြုလုပ်လာကြောင်း၊ မိုးဗြဲ – ဖယ်ခုံဘက်ခြမ်းတွင်လည်း စစ်ရေးတင်းမာနေကြောင်း သိရသည်။

“တောက်လျှောက်ပေါ့နော် လွိုင်ကော်ကနေ ဘောလခဲအထိ လမ်းမကြီးတလျှောက်မှာ၊ နောက်လမ်းမကြီးနဲ့ နီးတဲ့ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ ထိုးစစ်တွေ ပိုလုပ်လာတယ်။ ရွာတွေ ပိုမီးရှို့တယ်။ နောက်ပြီးတော့ ဖမ်းဆီးသတ်ဖြတ်မှုတွေ ပိုလုပ်လာတာ တွေ့ရတယ်။ အရင်လကနေစပြီးတော့မှပေါ့နော်” ဟု ကိုဗညားက ပြောသည်။

ပြီးခဲ့သည့် မတ်လမှ မေလအတွင်း ဖရူဆိုမြို့နယ်ထဲတွင်လည်း စစ်အုပ်စုစစ်ကြောင်းသည် ကျေးရွာသုံးရွာမှ နေအိမ် ၈၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဇွန်လ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်အုပ်စုသည် ပြီးခဲ့သည့် မေလအတွင်းတွင်လည်း ကရင်နီပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတကြိမ်၊ လက်နက်ကြီးပစ်ခတ်မှုငါးကြိမ်၊ ဒရုန်းဖြင့် တိုက်ခိုက်မှု သုံးကြိမ်၊ နေအိမ်မီးရှို့၊ ခိုးယူဖျက်ဆီးမှု ငါးကြိမ်ပြုလုပ်ခဲ့ပြီး စစ်အုပ်စု စစ်ကြောင်းထိုးလာစဉ် သတ်ဖြတ်ခံရသူတဦးအပါအဝင် အမျိုးသားနှစ်ဦးသေဆုံးကာ ဒေသခံ ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ကလည်း ထုတ်ပြန်ထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

ဆက်စပ်သတင်းများ

AI Curated
ကရင်နီတွင် စစ်အုပ်စု ဗုံးကြဲမှုကြောင့် ခရစ်ယာန်သာသနာဆရာ ၁ ဦးသေဆုံး၊ ၂ ဦးထိခိုက်ဒဏ်ရာရဟု IEC ပြော - BUR.MIZZIMA.COM | YGN Daily