မြိုင်တွင် PDF စခန်းတခုစီးနင်းခံရပြီး ရဲဘော် ၃ ဦး ကျဆုံး

မြိုင်တွင် PDF စခန်းတခုစီးနင်းခံရပြီး ရဲဘော် ၃ ဦး ကျဆုံး

DVB
SourceDVB

AI Summary

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ PDF စခန်းတစ်ခုကို ဇွန်လ ၂ ရက်နေ့တွင် စစ်တပ်စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့ရာ PDF ရဲဘော် ၃ ဦး ကျဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းခံခဲ့ရကာ စခန်းလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ယင်းစစ်ကြောင်းသည် ယခင်လက တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများတွင် အထိနာခဲ့ပြီးနောက် အင်အားဖြည့်တင်းကာ ဇွန်လ ၁ ရက်နေ့မှစ၍ မြိုင်မြို့နယ်အတွင်း ထပ်မံဝင်ရောက်လာခြင်းဖြစ်သည်။ စစ်တပ်စစ်ကြောင်းသည် ကုန်းကျေးရွာနှင့် ဝက်ပုတ်ကျေးရွာတို့မှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး အသေခံဒရုန်းများဖြင့်လည်း တိုက်ခိုက်ခဲ့သည်။ ယင်းသို့ စစ်ကြောင်းထိုးမှုများကြောင့် ချောင်းဦး၊ အိုင်းမ၊ ကျောက်တိုင်၊ ဝါးရင်းချိုင်၊ ပေပင်တိုက်အပါအဝင် ကျေးရွာ ၁၀ ရွာထက်မနည်းမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ဇွန်လ ၄ ရက်နေ့အထိ မြိုင်မြို့နယ်အတွင်း စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ပြီး စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ ဒေသခံပြည်သူများအနေဖြင့် သတိဖြင့် နေထိုင်သွားလာကြရန် တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းထားသည်။

Photo:အညာမြေအရပ်ဘက်အဖွဲ့အစည်း-မြိုင်

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက PDF စခန်းတခုကို စစ်တပ်စစ်ကြောင်းက ဇွန် ၂ ရက် မနက် ၄ နာရီ ဝန်းကျင်မှာ ဝင်ရောက်စီးနင်းခဲ့တာကြောင့် PDF ရဲဘော် ၃ ယောက်ကျဆုံးခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းခံလိုက်ရတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

မြိုင်မြို့နယ်အခြေစိုက် လက်နက်ကြီးတပ်ဖွဲ့ရဲ့ တာဝန်ခံက “မြိုင်ခရိုင်တပ်ရင်း ၂ က တပ်ခွဲစခန်း စီးနင်းခံလိုက်ရတာပါ။ သူတို့ဘက်က အင်အားအလုံးအရင်းနဲ့ ဝိုင်းတိုက်လို့ အင်အားမမျှတာကြောင့် ကျန်တဲ့ရဲဘော်တွေကတော့ ထွက်ပြေးလာနိုင်ခဲ့ပါတယ်။ ကျဆုံးရဲဘော်တချို့လည်း ရှိသလို စစ်ဆင်ရေးသုံးကား ၁ စီးအပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံလိုက်ရပြီးတော့ စခန်းလည်း မီးရှို့ခံလိုက်ရပါတယ်” လို့ DVB ကို ပြောပါတယ်။

အဆိုပါ PDF စခန်းစီးနင်းမှုအတွင်း PDF ရုပ်အလောင်း ၃ လောင်း၊ သေနတ် ၂ လက်၊ ခဲယမ်းတွေ အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ မော်တော်ယာဥ် ၁ စီးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်တပ် ထောက်ခံတဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကနေ ရေးသားဖော်ပြနေကြပါတယ်။

မြိုင်မြို့နယ်ထဲကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြပြီး အထိနာတဲ့ အဆိုပါစစ်ကြောင်းဟာ ကျေးရွာတွေက နေအိမ်တွေကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးနေပါတယ်။

မြိုင်မြို့နယ်အခြေစိုက် Royal Tiger Force ရဲ့ တပ်ဖွဲ့ဝင်တယောက်က “အင်အား ၂၀၀ လောက်ပါ တဲ့ အဲ့ဒီစစ်တပ်စစ်ကြောင်းနဲ့ ပြီးခဲ့တဲ့လ နောက်ဆုံး အပတ်ထဲမှာ နေ့တိုင်းလောက် တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးတော့ သူတို့ဘက်က ၂၀ လောက်သေပြီး အထိနာသွားတယ်” လို့ ပြောပါတယ်။

အထိနာသွားတဲ့ စစ်တပ်စ​စ်ကြောင်းဟာ အင်အားဖြည့်တင်းပြီး ဇွန် ၁ ရက်ကစလို့ မြိုင်မြို့နယ်ထဲကို စစ်ကြောင်းထိုး ထပ်မံဝင်ရောက်လာပြီး တော်လှန်ရေးတပ်စခန်းနဲ့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီး နေကြသလို အသေခံဒရုန်းတွေနဲ့ပါ တိုက်ခိုက်နေတယ်လို့ ဆက်ပြောပါတယ်။

ဇွန် ၁ ရက်မှာ အဆိုပါ စစ်တပ်စစ်ကြောင်းက ကုန်းကျေးရွာကိုဝင်ရောက်ပြီး မီးရှို့ ဖျက်ဆီး ခဲ့တာကြောင့် နေအိမ် ၂၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြသလို ဇွန် ၄ ရက် မနက်ကလည်း ဝက်ပုတ် ကျေးရွာအတွင်း ဝင်ရောက်ပြီး နေအိမ်တွေကို မီးရိူ့ဖျက်ဆီးနေပြီး အနီးအနားကျေးရွာ တွေကိုပါ ဆက်လက်စစ်ကြောင်းထိုးနေပါတယ်။

ဒါကြောင့် ချောင်းဦးတို၊ အိုင်းမ၊ ကျောက်တိုင်၊ ဝါးရင်းချိုင်၊ ပေပင်တိုက်ကျေးရွာတွေအပါအဝင် ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံပြည်သူတွေဟာ ကြောက်လန့်ထွက်ပြေးနေကြရတယ်လို့ လည်း စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

ဇွန် ၄ ရက် အထိ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေကြသလို စစ်ရေးအခြေအနေတင်းမာနေကာ တိုက်ပွဲတွေ ဆက်ဖြစ်နိုင်လို့ ဒေသခံပြည်သူတွေအနေနဲ့ သတိနဲ့နေထိုင်သွားလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေ ဘက်က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

AI Curated
မြိုင်တွင် PDF စခန်းတခုစီးနင်းခံရပြီး ရဲဘော် ၃ ဦး ကျဆုံး | YGN Daily