မုတ်သုံလေ အားကောင်းသဖြင့် ရန်ကုန်နှင့် ဧရာဝတီ အပါ တိုင်းနှင့်ပြည်နယ် ၈ ခု၌ မိုးကြီးနိုင်
environment||5 MIN READ

မုတ်သုံလေ အားကောင်းသဖြင့် ရန်ကုန်နှင့် ဧရာဝတီ အပါ တိုင်းနှင့်ပြည်နယ် ၈ ခု၌ မိုးကြီးနိုင်

DVB
SourceDVB

AI Summary

အနောက်တောင်မုတ်သုံလေ အားကောင်းလာခြင်းကြောင့် မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် ၈ ခုတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရှင်များက သတိပေးထားသည်။ အဆိုပါ မိုးရွာသွန်းမှုများကြောင့် မြေနိမ့်ပိုင်းဒေသများတွင် ရေဝင်ရောက်နိုင်ပြီး တောင်တန်းဒေသများ၌ မြေပြိုမှုနှင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်နိုင်သည့်အပြင် ကမ်းရိုးတန်းဒေသများတွင်လည်း လှိုင်းကြီးနိုင်မည်ဖြစ်သည်။ ပဲခူးမြစ်ရေသည် ဇွန်လလယ်ပိုင်းတွင် မြင့်တက်လာနိုင်သော်လည်း လက်ရှိအချိန်တွင် စိုးရိမ်ရသည့် အခြေအနေသို့ မရောက်ရှိသေးပေ။ ဒေသခံများနှင့် တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြသည်။ လက်ရှိတွင် သက်ဆိုင်ရာဒေသများ၌ မိုးလေဝသအခြေအနေကို စောင့်ကြည့်လျက်ရှိပြီး ပြည်သူများအနေဖြင့် ကြိုတင်သတိပြုရန် လိုအပ်နေသည်။

Photo: U Win Naing Facebook

အနောက်တောင် မုတ်သုံလေ အားကောင်းလာနေတဲ့အတွက် မြန်မာနိုင်ငံအနှံ့ တိုင်းနဲ့ ပြည်နယ် ၈ ခုမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးလိုက်ပါတယ်။

ဇွန် ၈ ရက်နေ့ တိုင်းတာချက်အရ လာမဲ့တပတ်အတွင်း ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တွေမှာ အနောက်တောင်မုတ်သုံလေ အလွန်အားကောင်းနေတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံတဝန်း ရန်ကုန်၊ တနင်္သာရီနဲ့ ဧရာဝတီတိုင်း အပါအဝင် မွန်၊ ရခိုင်၊ ကရင်၊ ချင်း၊ ကချင် စတဲ့ တိုင်းနဲ့ ပြည်နယ် ၈ ခုမှာ မိုးကြီးနိုင်ပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာတော့ မိုးအသင့်အတင့်ကနေ မိုးများနိုင်တယ်လို့ ဆိုပါတယ်။

မိုးလေဝသပညာရှင် ဦးဝင်းနိုင်က “အနောက်တောင်မုတ်သုံလေ အားကောင်းလာတဲ့အတွက် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ်၊ ဒီ ပြည်နယ်နဲ့ တိုင်း ၈ ခုမှာတော့ မိုးအလွန်များနိုင်တယ်၊ မိုးကြီးနိုင်တယ်ပေါ့နော်။ ပြီးတော့မှ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ရှမ်းပြည်နယ်၊ နေပြည်တော်၊ ဒီနေရာတွေမှာကတော့ မိုးအသင့်အတင့်ကနေ တချို့နေရာတွေမှာ မိုးများနိုင်တယ်။ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း မိုးများနိုင်တဲ့ အနေအထား ရှိတယ်။ ဒီ အနိမ့်ပိုင်း ရပ်ကွက်တွေကတော့ ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်အထိ ရောက်မှာ မဟုတ်ဘူး။ စိုးရိမ်ရေမှတ်က ရောက်ဖို့ကလည်း ၉ ပေ ၁၀ ပေလောက် လိုနေသေးတယ်ဆိုတော့ စိုးရိမ်ရေမှတ်ရောက်ပြီး မြစ်ရေကြီးမှာတော့ မဟုတ်သေးဘူး။ သို့သော် အနိမ့်ပိုင်းရပ်ကွက်တွေက ရေဝင်တတ်တယ်”လို့ ခန့်မှန်းပါတယ်။

လက်ရှိမှာတော့ ပဲခူးမြို့ မြစ်ရေဟာ စိုးရိမ်ရေမှတ် ရောက်ရှိဖို့ ၉ ပေလောက် လိုအပ်နေသေးတဲ့အတွက် မြစ်ရေကြီးဖို့ကို စိုးရိမ်စရာ မရှိသေးပေမဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းထားပါတယ်။

ကမ္ဘာ့ရေကြီးမှုစောင့်ကြည့်ရေးစနစ်ရဲ့ ရေရှည်ခန့်မှန်းချက် မော်ဒယ်တွေအရ ပဲခူးမြစ်ရေဟာ လာမဲ့ ဇွန် ၁၄ ရက်ကနေ ၁၆ ရက်အတွင်း ပထမအကြိမ် အမြင့်ဆုံးကို ရောက်ရှိပြီး ရေကြီးနိုင်ခြေ ရှိနေသလို ဇွန် ၁၉ ရက်ကနေ ၂၀ ရက် အတွင်းမှာလည်း Extreme လို့ခေါ်တဲ့ အလွန်စိုးရိမ်ရတဲ့ အန္တရာယ်အဆင့်အထိ မြစ်ရေ ထပ်မံမြင့်တက်လာနိုင်တယ်လို့ ထောက်ပြထားပါတယ်။

လူမှုကူညီရေး ဆောင်ရွက်ပေးနေတဲ့ ပဲခူးဒေသခံတယောက်ကလည်း ဒေသတွင်း ကြိုတင်ပြင်ဆင်ထားတဲ့ မြေပြင်အခြေအနေကို ပြောပြပါတယ်။

“ကျနော်တို့ အနိမ့်ပိုင်းတွေအနေနဲ့ ဒီနှစ်က ဌာနဆိုင်ရာတွေ လမ်းပန်းဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး တော်တော်ကြီး ပြုပြင်ထားတာ ဆိုတော့လေ သိပ်ပြီးတော့ မပူရလောက်ဘူးလို့တော့ ထင်တာပဲ။ မနှစ်ကတောင်မှ ရေကတက်တော့ တက်လာတယ်၊ အထဲ မရောက်ဘူးလေ။ ၂၀၂၃ ကလောက်တော့ မဆိုးဘူးထင်ပါတယ်။ ကြိုတင်ပြင်ဆင်မှုတွေက အကုန်လုံးက လုပ်ထားပြီးကြပြီ ဆိုတော့လေ။ ပဲခူးမြို့အတွင်းနဲ့ အနိမ့်ပိုင်းတွေအတွက်ကတော့ သိပ်ပြီးတော့ စိုးရိမ်စရာမရှိတော့ဘူးဗျ။ ကျနော်တို့က ကြိုတင်ပြင်ဆင်မှုတွေ အကုန်လုံး ready လုပ်ထားတယ်ဗျ။ လှေဆိုလည်း အရန်သင့်ပေါ့နော်။ သဘာဝဘေး ကျလာရင် လှေကို အသုံးပြုဖို့ အကုန်လုံး စီစဉ်ထားတာပဲပေါ့နော်။ ဖြစ်လာပြီဟေ့ဆိုရင် ကျနော်တို့က လူအင်အားနဲ့ပဲ အလုပ်လုပ်ရမှာဆိုတော့ လူအင်အားကိုတော့ ခုကတည်းကနေ ကြိုတင်ပြင်ဆင်ထားတယ်။ သဘာဝဘေး မဖြစ်လာခင်တည်းက ရေတက်လာမယ် ထင်ရင် အနိမ့်ပိုင်းနေရာတွေကိုတော့ ရွှေ့ရမယ်၊ ကြိုတင်ပြင်ဆင်ရမယ်ပေါ့။”

အလားတူ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကရင်ပြည်နယ် တောင်တန်းဒေသတွေမှာ မိုးရက်ဆက် ရွာသွန်းမှုကြောင့် မြေသားပွလာပြီး မြေပြိုတာနဲ့ လမ်းပိတ်ဆို့တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။

ဒါ့အပြင် မြန်မာ့ကမ်းရိုးတမ်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ တခါတရံ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်သလို လှိုင်းအမြင့်မှာ ၈ ပေကနေ ၁၀ ပေလောက်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

AI Curated
မုတ်သုံလေ အားကောင်းသဖြင့် ရန်ကုန်နှင့် ဧရာဝတီ အပါ တိုင်းနှင့်ပြည်နယ် ၈ ခု၌ မိုးကြီးနိုင် | YGN Daily