
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၁ ဇွန် ၂၀၂၆ ) - BUR.MIZZIMA.COM
AI Summary
မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး ပခုက္ကူမြို့နယ်ရှိ ရဲစခန်းတစ်ခုကို PDF တပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သော်လည်း ဒေသခံများမှာ စစ်ဘေးရှောင်နေရဆဲဖြစ်သည်။ စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးမှုများကြောင့် ချောင်းဦးမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး ပျူစောထီးအဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုများလည်း ရှိနေသည်။ တစ်ဖက်တွင်လည်း နိုင်ငံတကာအဖွဲ့အစည်းများက မြန်မာစစ်အုပ်စုအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် တိုက်တွန်းလျက်ရှိပြီး အမေရိကန်အာဏာပိုင်များက ငွေလိမ်ဂိုဏ်းတစ်ခုကို ဖြိုခွဲနိုင်ခဲ့သည်။ ထို့အပြင် တွံတေးမြို့အနီးတွင် အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားအင်အားစုများက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများမှာ တင်းမာနေဆဲဖြစ်ပြီး ပြည်သူများမှာ စစ်ဘေးဒဏ်ကို အဓိကခံစားနေရသည်။
အမျိုးသားညီညွတ်ရေး အစိုးရ
ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် တွံတေးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်ခ်တာစကေး (၄ )အဆင့်ဖြင့် အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာန (MSLHA)က သတင်းထုတ်ပြန်ထားသည်။
မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)က ဇွန်လ ၁၀ ရက် နံနက်ပိုင်းတွင် တနာရီအတွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ PDF စစ်ရုံးချုပ်က ထုတ်ပြန် သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) – MDY-PDF အထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလ အတွင်း တိုက်ပွဲများတွင် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသည့် ရဲဘော် ၁၂၄ ဦးအား ဂုဏ်ပြုအခမ်းအနား တစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။
မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း ရှောင်တခင်စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် စစ်ကောင်စီ တပ်မှ ဆေးတပ်သားဗိုလ်ကြီးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) မကွေးတိုင်းစစ်ဌာနထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်း မြို့နယ်၊ တိုက်နယ်နှင့် ရပ်ကျေးအဆင့် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) များ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) များ ပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန် ခဲ့သည်။
မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် တိုင်းရင်းသားဒီမိုကရေစီအင်အားစုများက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) မှတစ်ဆင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက် လျက် ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း က ပြောသည်။
မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ် ၅ မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ ပူးပေါင်းကာ “အညာမြေစစ်ဆင်ရေး” ၏ ပထမအဆင့်ဖြစ်သည့် “Operation 9” ကို ဖော်ဆောင်ခဲ့ ကြောင်း ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။
တော်လှန်ရေး လှုပ်ရှားမှုများ
မြန်မာနိုင်ငံရှိ တိုင်ချန်း (Tai Chang) ငွေလိမ်ဂိုဏ်းခွင်၏ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံကို ဖြိုဖျက်ကာ အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့်တန်ဖိုးရှိ ခရစ်တိုငွေကြေးများ (cryptocurrency)ကို သိမ်းဆည်းခဲ့ကြောင်း FBI ဒုတိယညွှန်ကြားရေးမှူးချုပ် အင်ဒရူးဘေလီ (Andrew Bailey) က ဇွန်လ ၁၀ ရက် ဘန်ကောက်မြို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
မကွေးတိုင်း ပခုက္ကူခရိုင် မြစ်ခြေမြို့ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက် ပြီးနောက် မြစ်ခြေမြို့ပေါ်ကို စစ်အုပ်စုစစ်ကြောင်း ပြန်လည်ဝင်ရောက်လာသည့်အတွက် စစ်ဘေး ရှောင်နေရသည့် ဒေသခံပြည်သူများ နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးရှောင်စခန်းများတွင် ဆက်လက်ခိုလှုံနေရကြောင်း စစ်ရှောင်များကို ကူညီပေးနေသူများထံမှ သိရသည်။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ဆင်မြေ၊ ငါးလုံးတင်၊ မထိသာ စသည့် ကျေးရွာ သုံးရွာကို စစ်အုပ်စုတပ်က စစ်ကြောင်းထိုးမီးရှို့နေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ချောင်းဦးဒေသခံများထံမှ သိရသည်။
နိုင်ငံပေါင်း ၁၃၀ ရှိ အဖွဲ့ဝင်သမဂ္ဂ ၅၅၀ မှ အလုပ်သမားများဖြင့် ဖွဲ့စည်းထားသည့် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ IndustriALL က မြန်မာစစ်အုပ်စုအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန်၊ သံတမန် ဆက်ဆံရေး ဖြတ်တောက်ရန်နှင့် ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး ပေးအပ်ထားသည့် သဘောတူ ညီချက်များကို ရုပ်သိမ်းရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) နှင့် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများ အား အင်္ဂါနေ့တွင် တိုက်တွန်းနှိုးဆော်လိုက်သည်။
မြန်မာ အာဏာသိမ်းအစိုးရအား အသိအမှတ်ပြုဆက်ဆံနေခြင်းနှင့် စစ်လက်နက်ပစ္စည်း၊ စစ်ဘက်နည်း ပညာများ ထောက်ပံ့နေမှုကို ချက်ချင်းရပ်ဆိုင်းရန် တောင်ကိုရီးယားရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများက ယမန်နေ့က ဆိုလ်းမြို့အိန္ဒိယသံရုံးရှေ့၌ တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ စစ်ကိုင်း-မင်းကွန်း လမ်းပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဉ်တစ်စီးကို စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး အဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင်များ
ချင်းပြည်နယ်၊ ဟားခါးမြို့မှ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်သည် ထန်တလန်မြို့အတွင်း သို့ ဝင်ရောက်သွားနိုင်ပြီဖြစ်သော်လည်း မြို့၏အစိတ်အပိုင်းအချို့သာ ထိန်းချုပ်ထားနိုင်သေး ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – ထန်တလန် (CDF – Thantlang) ထံက သိရသည်။
စစ်ကောင်စီ
ချင်းပြည်နယ်အတွင်းရှိ ဟားခါး- ထန်တလန် လမ်းပိုင်းတခုလုံးအား စစ်တပ် ထိန်းချုပ်လိုက်ပြီး ကလေးနှင့် တမူးမြို့များမှတဆင့် ဆက်လက် စစ်ကြောင်းထိုးနေကြောင်း စစ်အုပ်စု၏ ယနေ့ထုတ် ဝါဒဖြန့် သတင်းစာများ၌ ဖော်ပြထားသည်။
ရန်ကုန်မြို့တွင် အမေရိကန် သံတမန်တဦး သေဆုံးလျက် တွေ့ရှိခဲ့ရကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပြီး၊ ယင်းအမှုစုံစမ်းစစ်ဆေးမှုနှင့် ဆက်စပ်၍ ထိုင်းအမျိုးသမီးတဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
မြန်မာနိုင်ငံအတွက် 2026 World Cup ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ရုပ်သံထုတ်လွှင့်ခွင့်ကို မြန်မာစစ် တပ်ပိုင် Mytel ကုမ္ပဏီထံသို့ ဖီဖာ (FIFA) က ချထားပေးလိုက်ကြောင်း ဖီဖာက သတင်းထုတ်ပြန်သည်။
မန္တလေးမြို့ရှိ မနော်ရမ္မံဈေးအဖြစ် လက်ရှိဖွင့်လှစ်ထားသည့် နေရာမှာ ယခင်က ပြည်သူ့ဟစ်တိုင်ကွင်း အဖြစ် သတ်မှတ်ဖော်ဆောင်ထားခဲ့သည့် နေရာဖြစ်သဖြင့် ပြည်သူများ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်နိုင် သည့် နေရာအဖြစ် ပြန်လည်သတ်မှတ်ပေးနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြသွားမည်ဖြစ်ကြောင်း အတုယောင်တိုင်းလွှတ်တော်တွင် မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက ပြောသည်။
အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAOs) ၏ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့အကြား နှစ်ရက်ကြာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး NCA လမ်းကြောင်းမှ ထွက်ခွာသွားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပြန်လည်ပါဝင်လာနိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။