
AI Summary
မန္တလေးမြို့တွင် အိုးဝေသမားအယောင်ဆောင်ကာ လူငယ်များကို အဓမ္မ စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပိုမိုဆိုးရွားလာကြောင်း မြို့ခံများက ပြောသည်။ ယင်းဖြစ်စဉ်များတွင် ပျူစောထီးများက လက်ထိတ်နှင့် သေနတ်များ ကိုင်ဆောင်ကာ လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးနေကြသည်။ ဖမ်းဆီးခံရသူအချို့မှာ စစ်တပ်ထဲသို့ ရောက်ရှိသွားပြီး မိသားစုနှင့် တွေ့ခွင့်မရတော့ဘဲ၊ အချို့မှာမူ ငွေကြေး သိန်း ၁၅၀ မှ ၂၀၀ အထိ ပေးဆောင်ပြီးမှ ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။ လူငယ်များကို ပုံသဏ္ဌာန်မျိုးစုံဖြင့် ဖမ်းဆီးကာ ငွေညှစ်ခြင်းနှင့် စစ်မှုထမ်းရန် ရောင်းစားခြင်းများကြောင့် မြို့ခံလူထုအကြား စိုးရိမ်မှုများ မြင့်တက်နေသည်။ လက်ရှိတွင် ဖမ်းဆီးခံရသူများကို မတ္တရာမြို့ဘက်ရှိ ထီးတော်မိုးတပ်တွင် ထိန်းသိမ်းထားပြီး ရက်ပိုင်းအတွင်း စစ်သင်တန်းပို့ချမည်ဟု သိရသည်။ ထို့ကြောင့် လူငယ်များအနေဖြင့် အပြင်ထွက်ပါက တစ်ဦးတည်း မသွားလာဘဲ သတိထားသွားလာကြရန် မြို့ခံသတင်းကွန်ရက်များက သတိပေး မျှဝေလျက်ရှိသည်။

မန္တလေးမြို့မှာ အိုးဝေသမားအယောင်ဆောင်ကာ လူငယ်တွေကို အဓမ္မ စစ်မှုထမ်းခိုင်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ မြို့ခံလူထုဆီကနေ သိရပါတယ်။
အဆိုပါဖြစ်စဥ်တွေမှာ ကျူးလွန်သူတွေဟာ ပျူစောထီးတွေဖြစ်ပြီး လက်ထိတ်နဲ့ သေနတ်တွေပါ ကိုင်ဆောင်ထားကြတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ လအနည်းငယ်က လူငယ်တချို့ အဖမ်းခံရတာ ရှိခဲ့ပြီး အခုရက်ပိုင်းမှာ ပိုမိုဆိုးရွားလာတယ်လို့ မီနီအိုးဝေသမား အယောင်ဆောင်ကာ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ လူငယ်တယောက်ရဲ့ မိသားစုဝင်တယောက်က DVB ကို ပြောပါတယ်။
“ဘယ်သွားမှာလဲ မေးပြီး လမ်းကြုံလိုက်ခဲ့ဆိုပြီး ခေါ်သွားတာ။ ပြီးတော့မှ သေနတ်နဲ့ လက်ထိတ်တွေ ပြပြီး လက်ထိတ်ခတ် ခေါ်သွားတာ။ အခုတော့ မရတော့ဘူး။ တပ်ထဲရောက်သွားပြီ။ သွားတွေ့တော့လည်း တွေ့ခွင့်မရဘူး။ မန္တလေးမှာ အဲဒါတွေ တော်တော်ဆိုးနေတာ။”
ဖမ်းဆီးခံရတဲ့ လူငယ်ဟာ ချမ်းမြသာစည်မြို့နယ်မှာ နေထိုင်ကာ သံချီသံကွေးလုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး နေအိမ်ကို နေ့လယ်စာ ထမင်းပြန်စားတဲ့ချိန် အခုလို ဖမ်းဆီးသွားတာလို့ သိရပါတယ်။
အဆိုပါ မန္တလေးဒေသခံက “သူနဲ့ အဖမ်းခံရတဲ့သူတွေ များတယ်လို့ ကြားတယ်။ တချို့ ကျပ်သိန်း ၂၀၀ တို့ ၁၅၀ တို့ ပေးတဲ့သူတွေကျ ၂ ပတ်လောက်နေတော့ ထွက်ရတယ်ကြားတယ်” လို့ ဆက်ပြောပါတယ်။
လက်ရှိမှာ အဆိုပါလူငယ်ကို မတ္တရာမြို့ဘက်သွားရာလမ်းပေါ်က ထီးတော်မိုးတပ် (ဒေသအခေါ်) ထဲမှာ ထိန်းသိမ်းထားပြီး ရက်ပိုင်းအတွင်း စစ်သင်တန်းပို့မယ်လို့ စုံစမ်းသိရတယ်လို့ အဲဒီမိသားစုဝင်က ပြောပါတယ်။
ဒါ့အပြင် မန္တလေးမြို့မှာ လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးမှုတွေကို ပုံသဏ္ဌာန်မျိုးစုံနဲ့ လုပ်နေကြပြီး ငွေညှစ် ခြိမ်းခြောက်တာတွေ၊ စစ်မှုထမ်းအတွက် ရောင်းစားတာတွေ မြို့ခံလူထုအကြား စိုးရိမ်မှုတွေ ရှိနေကြတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့လပိုင်းတွေက ဖမ်းဆီးခံထားရပြီး မိသားစုနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူတွေ ရှိသလို တချို့မှာ ငွေပေးပြီး ပြန်ရွေးယူရတဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်လို့ မြို့ခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
လက်ရှိမှာတော့ လူငယ်တွေအနေနဲ့ အပြင်ကိုသွားတဲ့အခါ အဖော်မပါဘဲ တယောက်တည်း မသွားလာကြဖို့နဲ့ သတိထားသွားလာကြဖို့ မြို့ခံသတင်းကွန်ရက်တွေကနေတဆင့် သတိပေး မျှဝေမှုတွေလည်း ရှိနေပါတယ်။