ဘုရားဒါယကာ မျက်နှာဖုံးဆောင်းထားသည့် စစ်ခေါင်းဆောင်၏ ခါးပိုက်ဆောင်တပ် မြစ်ခြေတွင် လူအစုလိုက်အပြုံလိုက် သတ်
politics||10 MIN READ

ဘုရားဒါယကာ မျက်နှာဖုံးဆောင်းထားသည့် စစ်ခေါင်းဆောင်၏ ခါးပိုက်ဆောင်တပ် မြစ်ခြေတွင် လူအစုလိုက်အပြုံလိုက် သတ်

Back to News

AI Summary

မေလ ၃၀ ရက်နေ့တွင် ပုဂံမြို့နှင့် ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ မြစ်ခြေမြို့၌ စစ်တပ်သည် အစုလိုက်အပြုံလိုက် လူသတ်မှုနှင့် မီးရှို့ဖျက်ဆီးမှုများကို ရက်ရက်စက်စက် ကျူးလွန်ခဲ့သည်။ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) နှင့် ညောင်ဦးအခြေစိုက် ခလရ-၄၁၅ တို့မှ စစ်သားများသည် မေလ ၁၃ ရက်နေ့မှစ၍ မြစ်ခြေမြို့သို့ စီးနင်းဝင်ရောက်ခဲ့ပြီး နယုန်လပြည့်နေ့တွင် အဓိကကျူးလွန်ခဲ့ခြင်းဖြစ်သည်။ စစ်တပ်ဆုတ်ခွာပြီးနောက် ဇွန်လ ၅ ရက်နေ့အထိ ဒေသခံကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့များက မီးရှို့သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်း ၃၁ လောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ သေဆုံးသူများတွင် မိသားစုလိုက်၊ ဇနီးမောင်နှံများနှင့် သက်ကြီးရွယ်အိုများ အများစုပါဝင်ပြီး၊ သာသနာ့နယ်မြေဖြစ်သည့် ဘုန်းကြီးကျောင်းများတွင် ခိုလှုံသူများနှင့် အိမ်မွေးတိရစ္ဆာန်များကို အစာကျွေးရန် ပြန်လာသူများလည်း အသတ်ခံခဲ့ရသည်။ မြစ်ခြေမြို့ပေါ်ရှိ ရပ်ကွက်လေးခုနှင့် အနီးအနားကျေးရွာ ၁၀ ရွာထက်မနည်း မီးရှို့ခံရကာ ဒေသခံ ထောင်နှင့်ချီ စစ်ဘေးရှောင်နေရပြီး၊ စားနပ်ရိက္ခာနှင့် ဆေးဝါးသယ်ယူပို့ဆောင်ရေးကိုလည်း စစ်တပ်က တင်းကျပ်ခဲ့သည်။ လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် ပခုက္ကူ-ဆိပ်ဖြူကားလမ်းအနီးရှိ ဘဲရွာ၊ မကျည်းကန်ရွာနှင့် ကန်တော်ရွာတို့တွင် တပ်စွဲထားကြောင်း သိရသည်။ ဤလုပ်ရပ်များသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဗုဒ္ဓဂယာတွင် ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆုတောင်းစကားများနှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း ဆောင်းပါးက ထောက်ပြထားသည်။

မြန်မာပြည်အလယ်ပိုင်း ကမ္ဘာကျော် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ တည်ရှိရာ ပုဂံ-ညောင်ဦးရှိ ဘုရားစေတီပုထိုးတို့တွင် မေလ ၃၀ ရက်က မဟာသမယအခါတော်နေ့အဖြစ် မဟာသမယသုတ်တော်ကို ရွတ်ဖတ် ပူဇော်နေကြချိန်တွင် ဧရာဝတီမြစ်တစ်ဖက်သာခြားသည့် မြစ်ခြေမြို့တွင်မူ စစ်တပ်သည် အစုလိုက်အပြုံလိုက် လူသတ်ပွဲတစ်ပွဲကို စိတ်တိုင်းကျ ရက်ရက်စက်စက် ကျူးလွန်ခဲ့သည်။

စစ်ဖြစ်ခါနီးဆဲဆဲ ကပိလဝတ်နှင့် ကောလိယနှစ်ပြည်ထောင်သားတို့အား ဗုဒ္ဓဟောကြားခဲ့သည့် ရောဟိဏီမြစ်ဝှမ်း ငြိမ်းချမ်းရေးတရားတော်၏ နောက်ဆက်တွဲ မဟာသမယသုတ်နှင့် နယုန်လတို့သည် ငြိမ်းချမ်းမှု၊ အကြမ်းမဖက်ခြင်း၊ မေတ္တာတရားတို့နှင့် တွဲဖက်နေသော်လည်း မဟာသမယသုတ္တန်ရွတ်ဖတ်သံများဖြင့် ကြည်ညိုစရာဖြစ်နေသည့် ပုဂံမြို့၏ မြစ်တစ်ဖက်ကမ်း မြစ်ခြေတွင်မူ ယင်းနှင့်ဆန့်ကျင်ဘက် သေနတ်သံ၊ အော်ဟစ်ငိုယိုသံ၊ အကြမ်းဖက်မှုအသံများသာ ပဲ့တင်ထပ်နေခဲ့သည်။

မင်းအောင်လှိုင်လက်အောက်ခံ စစ်သားများ မြစ်ခြေမြို့သို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး လူသတ်၊ မီးရှို့၊​ ပစ္စည်းလုယက်မှုများကို ကျူးလွန်ခဲ့ကြရာ သူ့အသက် မသတ်ရန်၊၊ သူ့ဥစ္စာကို မတရားမယူရန် တားမြစ်ထားသည့် ဗုဒ္ဓဘာသာ၏ အခြေခံ ငါးပါးသီလကို ဖောက်ဖျက်ကျူးလွန်ခဲ့ကြခြင်းပင် ဖြစ်သည်။

ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) တပ်ရင်းနှင့် ညောင်ဦးမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ- ၄၁၅ တို့မှ စစ်သားများသည် မေလ ၁၃ ရက် မှစတင်၍ မြစ်ခြေမြို့သို့ စီးနင်းဝင်ရောက်ခဲ့ပြီး နယုန်လပြည့်နေ့ (မေလ ၃၀ ရက်) တွင် အစုလိုက်အပြုံလိုက် လူသတ်မှုနှင့် နေအိမ်မီးရှို့မှုများကို အဓိက ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် မီးရှို့သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်း ၃၁ လောင်း တွေ့ရှိရသည်ဟု ဒေသခံ ကူညီကယ်ဆယ်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များက ဇွန်လ ၅ ရက်တွင် Myanmar Now ကို အတည်ပြုသည်။အဆိုပါ ရုပ်အလောင်းများကို  မြစ်ခြေမြို့ပေါ်ရှိ ဆွဲကြီး၊ မြို့သစ်၊ မကျည်းကုန်း၊ ထနောင်းကုန်း ကျေးရွာတို့တွင် တွေ့ရှိရခြင်းဖြစ်ပြီး မိသားစုလိုက် သတ်ဖြတ်ခံထားရသူများ၊ ဇနီးမောင်နှံ စုံတွဲများနှင့် သက်ကြီးရွယ်အိုအများစု ပါဝင်သည်ဟု ဒေသခံများက ပြောသည်။

ဖမ်းဆီးချုပ်နှောင်ခံရသူ၏ ထွက်ဆိုချက်

မြစ်ခြေမြို့ကို စစ်တပ်ဝင်ရောက် စီးနင်းစဉ် ပုန်းရှောင်ခဲ့ရသူ ကိုထွန်း (အမည်လွှဲ)သည် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း အိမ်တွင်ကျန်ခဲ့သဖြင့် သွားရောက်ယူဆောင်ချိန်တွင် စစ်အာဏာရှင်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

စစ်သားများက အင်္ကျီကို ချွတ်ခိုင်းပြီး ခန္ဓာကိုယ်တွင် တော်လှန်ရေးနှင့် ပတ်သက်သည့် ဆေးမင်ကြောင်များ ရှိ၊ မရှိ စစ်ဆေးကာ မြစ်ခြေမြို့ပေါ်ရှိ ထနောင်းကုန်းရွာ ဘုန်းကြီးကျောင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝတ်စုံများကို ဟန်ဆောင်ဝတ်ဆင်ထားသည့် စစ်သားများက ၎င်းကို ခြောက်ရက်ကြာ ဖမ်းဆီးထားခဲ့သည်။ ထိုသို့ ဖမ်းဆီးထားစဉ် ဒေသခံများအား စစ်အာဏာရှင်တပ်က သတ်ဖြတ်မှု၊ နေအိမ်မီးရှို့မှုများကို ကြားသိတွေ့မြင်ခဲ့ရသည်ဟု ကိုထွန်းက ဆိုသည်။

“သူတို့အချင်းချင်းတွေ ပြောနေတာကြားတယ်။ မြို့ထဲမှာ ငါကဘယ်နှယောက် သတ်ခဲ့ပြီ။ မင်းဘယ်နှယောက် သတ်ပြီးပြီလဲ။ အဲဒီလိုတွေ ပြိုင်နေတာမျိုးတွေ သူတို့မူးပြီဆိုရင် ပြောနေတာတွေ” ဟု ပြောသည်။

ရုပ်အလောင်း ၃၁ လောင်း မြစ်ခြေမြို့ကို ခြေကုပ်ယူထားသည့် အဆိုပါ စစ်ကြောင်းသည် ဇွန်လ ၁ ရက်တွင် ပြန်လည်ဆုတ်ခွာသွားခဲ့ပြီးနောက် ဇွန်လ ၂ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေး စတင်ဆောင်ရွက်နိုင်ခဲ့သည်။

ထို့နောက် ဇွန်လ ၅ ရက်အထိ အလောင်း ၃၁ လောင်းတွေ့ရှိရပြီး အမည်ဖော်နိုင်သည့် ရုပ်အလောင်း ၁၁ လောင်းရှိသည်ဟု ရုပ်အလောင်းရှာဖွေရာတွင် ဦးဆောင်ပါဝင်သူ မြစ်ခြေမြို့ခံတစ်ဦးက ပြောသည်။

“တချို့ဟာတွေက ရက်ကြာသွားတဲ့အခါမှာ ရုပ်က မဖော်နိုင်တော့ဘူး။ ဆွဲကြီးရွာကဟာတွေကသာ ရုပ်မပျက်ခင် မြင်ဖူးလိုက်တော့ သိတာကို။ ကျန်တဲ့ ရုပ်အလောင်းတွေကတော့ ရက်ကြာသွားတော့ ဘယ်သူဘယ်ဝါ မကွဲတော့ဘူး”

“တချို့ဆိုရင် အရိုးစုလေးတွေပဲ ကျန်တာ။ ခေါင်းရယ်၊ လက်ရယ်၊ နံရိုးစုလေးတွေရယ်ပဲ ကျန်တာ။ တိရစ္ဆာန်တွေ ကျီးစား၊ ဝက်စား၊ ခွေးစားနဲ့ စားနေကြပြီ” “ဆွဲကြီးရွာက တောင်သူတွေလည်းပါတယ်။ သူတို့ အသတ်ခံရတာ အကြောင်းပြချက်တော့မရှိဘူး။ သူတို့နေအိမ်တွေမှာ တိရစ္ဆာန်လေးတွေရှိတော့ စိတ်မချလို့ အစာသွားကျွေးတဲ့အချိန်မှာ မိသွားတယ်လို့ ယူဆရတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

မြစ်ခြေမြို့အတွင်း လတ်တလောရုပ်အလောင်း ရှာဖွေတွေ့ရှိမှု စာရင်း

သာသနာ့နယ်မြေမှာတောင် ကျူးလွန်သည့် သတ်ဖြတ်မှု

ဧရာဝတီမြစ်ကမ်းဘေးမှ မြစ်ခြေမြို့လေးသည် ပုဂံမြို့မှ ဘုရားဖူးများ သွားရောက်ဖူးမြော်လေ့ရှိသည့် တန့်ကြည့်တောင်စွယ်တော်ဘုရား တည်ရှိရာ ဒေသဖြစ်သည်။ စစ်တပ်က မြို့ကို စီးနင်းပြီးနောက် မြို့ခံ သက်ကြီးရွယ်အိုများသည် ဘုရားရိပ်၊ တရားရိပ်တွင် လွတ်မြောက်နိုင်မည်ထင်၍ သာသနိကနယ်မြေဖြစ်သည့် ဘုန်းကြီးကျောင်းများသို့ သွားရောက်ခိုလှုံ ခဲ့ကြသည်။

သို့သော်လည်း စစ်တပ်စစ်ကြောင်းက မြစ်ခြေမြို့ပေါ် ရပ်ကွက်များနှင့် အနီးအနားကျေးရွာတို့ကို မီးတိုက်ဖျက်ဆီးပြီးနောက် သာသနိကနယ်မြေများနှင့် ဘုန်းကြီးကျောင်းများအတွင်း ခိုလှုံနေသည့် သက်ကြီးရွယ်အိုများ၊ ဘေးလွတ်ရာသို့ ထွက်ပြေးရန်ကြိုးစားသူများကိုပါ သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ဆွဲကြီးရပ်ကွက်ရှိ သာသနိက အဆောက်အအုံများကြား သေဆုံးလျက်တွေ့ရသူ ၁၁ ဦးတွင် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားကိုးဦး ပါဝင်သည်။ မြစ်ခြေမြို့ခံများဖြစ်သည့် ဒေါ်ငွေဥ၊ ဦးအောင်မြင့်၊ ဦးသန်းဌေး၊ ကိုဝင်းဇော်နှင့် မမြင့်မြင့်သိန်း၊ ဦးကျော်မြလှ၊ ဦးသန်းမြင့်တို့၏ အမည်များအား အတည်ပြုနိုင်သည်ဟု ထိုဒေသခံများကို အကူအညီပေးနေသည့် အညာတောအိမ် အဖွဲ့ဝင်တစ်ဦးကပြောသည်။“သာသနာ့နယ်မြေဆိုတော့ သူတို့ကို အဲဒီလောက် ရက်ရက်စက်စက်ကြီး မလုပ်လောက်ဘူးဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြေးကြတဲ့သူတွေကို ဖမ်းပြီးတော့ ပစ်သတ်တာ။ အိမ်ထဲမှာ ရှိတဲ့သူတွေ မီးရှို့လို့ ထွက်ပြေးလာကြရင် အဲဒီလူတွေကိုပါ ပစ်သတ်တာ။ ရပ်ကွက်ကို မီးရှို့ချိန်မှာ အိမ်ထဲမှာ ပုန်းအောင်းနေသူတွေ ထွက်လာချိန်မှာ ပစ်သတ်တာပါ” ဟု ပြောသည်။

မေလ ၁၃ ရက်တွင် စစ်ကြောင်းဝင်ပြီးနောက် မြစ်ခြေမြို့ပေါ်ရှိ ရပ်ကွက်လေးခုနှင့် အနီးအနားကျေးရွာ ၁၀ ရွာထက်မနည်း မီးရှို့ခံရပြီး မြစ်ခြေဒေသခံ ဧရာဝတီမြစ်ကမ်းဘေး ရွာ ၃၀ ခန့်မှ ဒေသခံ သောင်းနှင့်ချီ စစ်ရှောင်နေရသည်ဟုလည်း အထက်ပါ အညာတောအိမ် အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပျက်စီးဆုံးရှုံးမှုများအကြားတွင် နေအိမ်များ၌ ကျန်ရစ်ခဲ့သည့် သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးမကောင်းသူ အများအပြားမှာလည်း အစအနဖျောက်ခံထားရပြီး သေသည်ရှင်သည်ကိုပင် မသိရသေးဘဲ ပျောက်ဆုံးနေဆဲဖြစ်သည်။

စစ်တပ်စစ်ကြောင်းထိုးစဉ် အစ်ကိုဖြစ်သူ ဖမ်းဆီးခံခဲ့ရသော်လည်း သတင်းမကြားရသဖြင့် သေဆုံးသွားသည်ဟု ယူဆရပြီး ရုပ်အလောင်းကိုမူ ရှာမတွေ့ဟု မြို့မရပ်ကွက်တွင် နေထိုင်သူ အသက် ၄၀ အရွယ် အမျိုးသမီးက ပြောသည်။

“သေဆုံးသူတွေမှာ အဝတ်အစားပါတဲ့ သူတွေရှိတယ်။ တချို့ဆို သတ်ပြီးတော့ မီးရှို့သွားတာဖြစ်လို့ အရိုးပဲ ကျန်ခဲ့တာရှိတယ်။တချို့ဆို ရုပ်ဖမ်းလို့ မရတော့တဲ့ သူတွေရှိတယ်။ ကျွန်မတို့တွေ့တဲ့ အလောင်းတွေထဲမှာ ကျွန်မတို့ မှတ်လို့ရတဲ့ ကျွန်မတို့သိတဲ့အပိုင်းအစပါတဲ့ အလောင်းကို မတွေ့သေးတာ ဖြစ်တဲ့အတွက် လက်ခံရမလိုလို၊ လက်မခံရမလိုလို ဖြစ်နေတာပေါ့” ဟု

စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်ခံရသူ အများစုသည် မသန်စွမ်းများ၊ သက်ကြီးရွယ်အိုများနှင့် အိမ်ရှိ ကျွဲ၊ နွားများကို အစာကျွေးရန်ပြန်သွားကြသူများဖြစ်သည်ဟု အထက်ပါအမျိုးသမီးက ပြောသည်။ ဖမ်းဆီးထားသူများကို ပြေးခိုင်းပြီးမှ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း လွတ်မြောက်လာသူများ၏ ပြောဆိုချက်ကို ကိုးကား၍ သူက ဆက်ပြောသည်။

“သာသနာ့နယ်မြေ နေရာမှာ သူတို့တွေက ဖမ်းခေါ်သွားပြီးတော့ ပြေးခိုင်းတယ်။ နောက်ကနေ ပစ်သတ်ခံရတယ်။ တချို့ဆိုရင်အုတ်တံတိုင်းကို ကျော်တက်နေရင်းနဲ့ ပစ်သတ်ခံထားရတာမျိုး တွေ့ရတယ်။ အဲဒီလို အလောင်းမျိုးတွေက တစ်ယောက်နဲ့တစ်ယောက် မလှမ်းမကမ်းမှာ လေးလောင်း ဝန်းကျင် တွေ့ရတယ်”

မြစ်ခြေဒေသခံများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် အဆိုပါ စစ်ကြောင်းသည် လတ်တလောတွင် ပခုက္ကူ- ဆိပ်ဖြူကားလမ်းအနီးရှိ ဘဲရွာ၊ မကျည်းကန်ရွာသို့ ဆုတ်ခွာတပ်စွဲထားသည်ဟု သိရသည်။ ထို့အပြင် ပေါက်- ပခုက္ကူလမ်းအနီးရှိ ကန်တော်ရွာတွင်လည်း အင်အားဖြည့်တင်းနေသည်ဟုလည်း ဒေသခံများက ပြောသည်။

ထိုစစ်ကြောင်းသည် မေလ ၁၃ ရက်တွင် စတင်၍ ဧရာဝတီမြစ် အနောက်ဘက်ကမ်း မြစ်ခြေနှင့် ဆိပ်ဖြူမြို့သို့ ဝင်ရောက်နိုင်သည့် အဓိကလမ်းမများကို စစ်တပ်ဂိတ်များချ၍ ပိတ်ဆို့လိုက်သည်။ ယင်းနောက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် စက်သုံးဆီသယ်ဆောင်ရေးတင်းကျပ်ခဲ့ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

ယခုဇွန်လပထမပတ်အတွင်း ကိုယ့်ကိုယ်ကိုယ်ခန့်သမ္မတ မင်းအောင်လှိုင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ သွားရောက်စဉ် “တိုင်းပြည် အေးချမ်းပါစေ၊ ဖွံ့ဖြိုးတိုးတက်ပါစေ၊ ပြည်သူများ ကိုယ်စိတ်နှလုံး ချမ်းမြေ့သာယာပြီး လုပ်ကိုင်စားသောက်နိုင်ကြပါစေ” ဟု ဆုတောင်းခဲ့ကြောင်း ပြောဆိုထားသည်။

သို့သော် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် မြစ်ခြေမြို့အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အခြေခံသီလတရားများကိုပင် ဖောက်ဖျက်၍ ပြည်သူ့နေအိမ်များကို မီးရှို့ခြင်းနှင့် စားနပ်ရိက္ခာများ ဖြတ်တောက်ခြင်းစသည့် လုပ်ရပ်များသည် စစ်ခေါင်းဆောင်၏ ဗုဒ္ဓဂယာ ဆုတောင်းစကားများနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။

ဆက်စပ်သတင်းများ

AI Curated
ဘုရားဒါယကာ မျက်နှာဖုံးဆောင်းထားသည့် စစ်ခေါင်းဆောင်၏ ခါးပိုက်ဆောင်တပ် မြစ်ခြေတွင် လူအစုလိုက်အပြုံလိုက် သတ် | YGN Daily