ကျောက်ဖြူတွင် စစ်ရေယာဉ်ကပစ်သည့် လက်နက်ကြီးကြောင့် စစ်ရှောင်အမျိုးသား ၁ ဦး သေဆုံး

ကျောက်ဖြူတွင် စစ်ရေယာဉ်ကပစ်သည့် လက်နက်ကြီးကြောင့် စစ်ရှောင်အမျိုးသား ၁ ဦး သေဆုံး

DVB
SourceDVB

AI Summary

ကျောက်ဖြူ၊ သံဇစ်မြစ်ပေါ် စစ်ရေယာဉ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် စစ်ရှောင်တစ်ဦး သေဆုံး။ မေလအတွင်း စစ်တပ်က လေကြောင်း၊ ရေကြောင်းမှ နေ့စဉ်တိုက်ခိုက်၊ ဒေသခံများ ထွက်ပြေးရ။ ယခင်ကလည်း လမ်းပြင်သူများ သေဆုံး၊ စနဲမြို့တွင် နေအိမ်များ မီးလောင်ပျက်စီးခဲ့။

စစ်တပ် လက်နက်ကြီးကျည် ထိမှန်ခဲ့သည့် ပေါက်ပြင်ရွာက နေအိမ်။ (Photo: CJ + GEM)

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ သံဇစ်မြစ်ပေါ်မှာ ရပ်နားထားတဲ့ စစ်ရေယာဉ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် စစ်ရှောင်အမျိုးသားတယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသွားသူကတော့ ကျောက်ဖြူမြို့နယ်၊ ပေါက်ပြင်ရွာမှာ စစ်ရှောင်နေတဲ့ စနဲမြို့၊ ကံပြင်ရပ်ကွက်က အသက် ၂၄ နှစ်အရွယ် ကိုမိုးထက်ပိုင် ဖြစ်ပါတယ်။

မေ ၂၉ ရက် မနက်‌အစောပိုင်းက စစ်တပ်ရေယာဉ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ကျောက်ဖြူမြို့နယ်၊ ပေါက်ပြင်ကျေးရွာကို ကျရောက်ခဲ့ပြီး အခုလို စစ်ရှောင်အမျိုးသားတယောက် နေရာမှာတင် သေဆုံးခဲ့တာဖြစ်တယ်လို့ ကျောက်ဖြူစစ်ရှောင်တယောက်က ပြောပါတယ်။

“တောင်မော်ဦး ရေတပ်စခန်းအောက်ဘက်က သံဇစ်မြစ်မှာ ရပ်ထားတဲ့ နေဗီကနေ လက်နက်ကြီးကျည်တွေ လှမ်းပစ်တာ၊ တခါပစ်ရင် ၅ ခေါက်ထက် မနည်းဘူး။ ပေါက်ပြင်ရွာထဲမှာလည်းကျလို့ ကောင်လေးတယောက် ဆုံးသွားတယ်။ အနီးဝန်းကျင်တွေမှာလည်း ကျတယ်။ အိမ်တွေလည်း ပြိုသွားတယ်။”

ကျောက်ဖြူမြို့နယ်ကို စစ်တပ်က အခု မေလအတွင်းမှာ လေကြောင်းကနေ အကြိမ်ကြိမ် တိုက်ခိုက်တဲ့အပြင် ရေကြောင်းကနေလည်း နေ့စဉ်တိုက်ခိုက်တာကြောင့် ဒေသခံတွေဟာ တနေရာကနေ တနေရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အမျိုးသမီးတယောက်က ပြောပါတယ်။

“ကျောက်ဖြူဘက်မှာ လွတ်မယ်ထင်ပြီး တခြားရွာတွေကို စစ်ရှောင်တယ်။ ထပ်ပြီး ဒရုန်းနဲ့ပစ် လေယာဉ်နဲ့ ထပ်ပစ်တယ်။ နေဗီကနေလည်း လှမ်းပစ်တယ်။ နေစရာနေရာတွေ မကြာခဏ ရွှေ့ရတယ်။ တကယ်အဆင်မပြေတော့ဘူး။”

မနေ့ မေ ၂၈ ရက်ကလည်း ဒေသခံလူငယ်တွေ စုပေါင်းပြီး လမ်းပြင်နေတဲ့နေရာကို ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲပြီး ဘတ်ဟိုးမောင်သူ အမျိုးသား ၃ ယောက် သေဆုံးကာ ၇ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

မေ ၂၆ ရက်ကလည်း စနဲမြို့ကို နေဗီကနေ ပစ်ခတ်ခဲ့တဲ့အတွက် ကံပြင်စုရပ်ကွက်က အသက် ၇၈ နှစ်အရွယ် ဦးမောင်ရွှေစိန် သေဆုံးခဲ့ရပြီး တောင်ငူစုရပ်ကွက်မှာရှိတဲ့ ဈေးဆိုင်ခန်းတွေ အပါအဝင် လူနေအိမ် ၉၀ ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

မေ ၁၉ ရက်ကလည်း စနဲမြို့၊ ရွှေဟင်္သာရပ်ကွက်ကို စစ်တပ်က လေကြောင်းနဲ့ ရေကြောင်းကပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ် ၁၀၀ လောက် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

AI Curated