
ငပုတောတွင် တောင်ကျရေဖြင့် နွားများ၊ နေအိမ်နှင့် တံတားမျောပါ
AI Summary
ဇွန်လ ၅ ရက်နေ့က ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။ ထိုရေကြီးမှုကြောင့် တင်းချောင်း-ဝက်ကော်ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကိုယ်ထူကိုယ်ထတံတားတစ်စင်း၊ နေအိမ်တစ်လုံးနှင့် နွားလေးကောင် ရေစီးနှင့်မျောပါသွားခဲ့သည်။ ထို့အပြင် နေအိမ်အများအပြား ရေနစ်မြုပ်ခဲ့ပြီး အချို့နေရာများတွင် အိမ်ခေါင်အထိ ရေမြုပ်နေကြောင်း ဒေသခံများက ပြောသည်။ ငပုတောမြို့နယ်၊ ဂျက်ကာ-စိန်တောင်မော်တင် ကားလမ်းပေါ်ရှိ တင်းချောင်းတံတားချဉ်းကပ်လမ်း ပေ ၁၀၀ ခန့် မြေပြိုကျွံကျခဲ့သဖြင့် ကားများသွားလာ၍မရဖြစ်နေသည်။ လူအထိအခိုက်မရှိသော်လည်း ရေဘေးသင့်ဒေသခံများကို ကူညီကယ်ဆယ်ရေးအဖွဲ့များက နီးစပ်ရာမိသားစုများထံ အရေးပေါ်ပြောင်းရွှေ့နေရာချထားပေးလျက်ရှိသည်။ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေဆဲဖြစ်ပြီး မိုးလေဝသဌာနကလည်း ဧရာဝတီတိုင်းအပါအဝင် ဒေသအချို့တွင် နောက်ထပ်နှစ်ရက်အထိ မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာမှာ မိုးသည်းသည်း ထန်ထန်ရွာလို့ တံတားတစင်း မျောပါပျက်စီးသလို အိမ်နဲ့ နွားတွေလည်း ရေနဲ့ မျောပါသွားတယ် လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၅ ရက် မနက်ပိုင်းက မိုးသည်းသည်းထန်ထန်ရွာပြီး တင်းချောင်း-ဝက်ကော်ကျေးရွာချင်းဆက် လမ်းပေါ်က အလျားပေ ၃၀၀ ကျော်၊ အနံပေ ၇၀ ကိုယ်ထူကိုယ်ထ တံတား ၁ စင်း၊ နေအိမ် ၁ လုံး နဲ့ နွား ၄ ကောင် ရေစီးနဲ့မျောပါသွားတယ်လို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတယောက်က “တံတား ၁ စင်းပါ ရေစီးနဲ့မျောပါသွားတာ။ တောင်ကျရေတွေက တဟုန်ထိုးကျဆင်းလာတာ။ လူတွေတော့ထိခိုက်တာမရှိဘူး။ မိုးက အဆက်မပြတ် ရွာနေသေးပါတယ်” လို့ ပြောပါတယ်။
တောင်ကျရေတွေဆင်းလာလို့ တံတား၊ နွားတွေနဲ့ နေအိမ် ရေစီးထဲမျောပါခဲ့တဲ့အပြင် နေအိမ် အများအပြားလည်း တောင်ကျရေတွေ နစ်မြုပ်နေတယ်လို့ သိရပါတယ်။
ရေဘေးသင့်သူတယောက်က “မိုးရွာတာ မရပ်တော့ ရေက တိုးလာနေတယ်။ တချို့နေရာတွေဆို အိမ်ခေါင်အထိ ရေမြုပ်နေတာ။ တင်းချောင်းအုပ်စု တခြားဘက်တွေမှာလည်း ပျက်စီးတာတွေ ရှိနေတယ်” လို့ပြောပါတယ်။
လတ်တလောအနေနဲ့ ရေဘေးသင့်ဒေသခံတွေကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက နီးစပ်ရာ မိသားစုတွေဆီ အရေးပေါ်ပြောင်းရွှေ့ နေရာချထားပေးတယ်လို့ သိရပါတယ်။
ငပုတောမြို့နယ်၊ ဂျက်ကာ- စိန်တောင်မော်တင် ကားလမ်းပေါ်က တင်းချောင်းတံတားမှာလည်း မြေသားကျွံကျလို့ ကားတွေ သွားလာမရဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေတိုက်စားပြီး တံတားချဉ်းကပ်လမ်းမှာ ပေ ၁၀၀ လောက် မြေပြိုသွားတာလို့ ဒေသခံ တယောက်က ပြောပါတယ်။
“တံတားချဉ်းကပ်လမ်း အနားမှာ ကျွံကျသွားတာ။ တံတားအနီး ဆက်ပြိုကျဖို့က နည်းနည်း ကျန်တော့တယ်။ ဘယ်ယာဉ်မှ သွားမရဘူး”
မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဇွန် ၅ ရက်ကနေ နောက် ၂ ရက်အထိ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။