
AI Summary
ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် မေလတစ်လတာအတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုများကြောင့် လူနေအိမ် ၇၀ ကျော်နှင့် သာသနိက အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့သည်။ နေအိမ် ၄၀ ကျော် ပြိုကျပြီး ၃၀ ခန့် အမိုးလန်ခဲ့ကာ ဟင်္သာတနှင့် ကျုံပျော်မြို့နယ်များရှိ စေတီပုထိုးများလည်း ပျက်စီးခဲ့သည်။ အဆိုပါ လေပြင်းတိုက်ခတ်မှုများသည် ညနေပိုင်းအချိန်များတွင် အဓိကဖြစ်ပွားခဲ့ပြီး ဧရာဝတီတိုင်းအတွင်းရှိ မအူပင်၊ လပွတ္တာ၊ မြောင်းမြ၊ ပုသိမ်၊ ဟင်္သာတ၊ ဖျာပုံခရိုင်များမှ ဒေသခံပြည်သူများ ထိခိုက်နစ်နာခဲ့ကြသည်။ အိမ်များပျက်စီးခဲ့သည့် ဒေသခံအများစုမှာ ဆွေမျိုးများနှင့် အသိမိတ်ဆွေများထံ ယာယီပြောင်းရွှေ့နေထိုင်နေကြရပြီး အချို့မှာ ယာယီတဲများဖြင့် နေထိုင်နေကြရသည်။ အထူးသဖြင့် နွမ်းပါးသူအချို့မှာ ယနေ့တိုင် အိမ်များပြန်လည်မဆောက်လုပ်နိုင်သေးကြောင်း သိရသည်။ ဧရာဝတီတိုင်းတွင် ဧပြီလကလည်း နေအိမ် ၃၀ ကျော် လေဘေးသင့်ခဲ့ဖူးသည်။
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ တလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အလုံး ၇၀ ကျော် နဲ့ သာသနိက အဆောက်အဦတွေ ထိပျက်စီးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၁ ရက်ကနေ ၃၁ ရက်အထိ တလအတွင်း ဧရာဝတီတိုင်းထဲမှာ မိုးသက်လေပြင်း တိုက်ခတ်မှုဒဏ်ကြောင့် နေအိမ် ၄၀ ကျော် ပြိုကျ၊ အလုံး ၃၀ အမိုးလန်ပျက်စီးခဲ့ပြီး ဟင်္သာတမြို့နယ်၊ ငါးဖားကျေးရွာရှိ ဇိနမာန်အောင်စေတီတော် ထီးတော် တိမ်းစောင်းကာ ကျုံပျော်မြို့နယ်ရှိ နွားဦး တိုက်ဘုန်းကြီးကျောင်းက စေတီတဆူပြိုကျခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဦးစီးဌာနနဲ့ နီးစပ်သူက “ပြီးခဲ့တဲ့လအတွင်း ညနေဘက် အချိန်တွေမှာ မိုးသက်လေပြင်း တိုက်ခတ်မှု ဖြစ်ပေါ်ခဲ့ပါတယ်။ လေပြင်းဒဏ်ကြောင့် ဆုံးရှုံးမှုတွေများပါတယ်။ နေအိမ်တွေ ပျက်စီးမှုဖြစ်တာ ပိုများတယ်။ ပျက်စီးမှုဖြစ်ခဲ့တဲ့ အိမ်တွေကအစုံပဲ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ တလအတွင်း ဧရာဝတီတိုင်းထဲက မအူပင်ခရိုင်မှာ နေအိမ် ၄ လုံး၊ လပွတ္တာခရိုင်မှာ နေအိမ် ၂ လုံး၊ မြောင်းမြခရိုင်မှာ ၄ လုံး၊ ပုသိမ်ခရိုင်မှာ နေအိမ် ၅ လုံး၊ ဟင်္သာတခရိုင်က နေအိမ် ၅၂ လုံး၊ ၊ဖျာပုံခရိုင်မှာ နေအိမ် ၇ လုံး စတဲ့မြို့နယ်တွေမှာ လေပြင်းတိုက်ခတ်တဲ့ ဒဏ် ကြောင့် အများဆုံးပျက်စီးဆုံးရှုံးခဲ့တာလို့ သိရပါတယ်။
ဟင်္သာတမြို့နယ် ဒေသခံတယောက်က “ဟင်္သာတဘက်က ကျေးရွာတွေဘက်မှာ လေပြင်းဒဏ်ကြောင့် ပျက်စီးတာများခဲ့တယ်။ တချို့ဆို ဒေသခံတွေ၊ နွမ်းပါးသူတွေဆို အိမ်တွေ ဒီနေ့အထိ ပြန်မဆောက်နိုင်သေးပါဘူး” လို့ ပြောပါတယ်။
လေဘေးသင့် ဒေသခံတွေကနေ အိမ်တွေ ပျက်စီးခဲ့တာကြောင့် နီးစပ်ရာဆွေမျိုးတွေနဲ့ အသိမိတ်ဆွေတွေရဲ့ အိမ်တွေမှာ ယာယီပြောင်းရွှေ့နေကြသလို ယာယီတဲထိုး နေနေရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း လေပြင်းတိုက်ခတ်မှုကြောင့်နေအိမ် ၃၀ ကျော် ထိပျက်စီးခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။