
မြန်မာစစ်ဘေးရှောင်များ ဆက်တိုက်ဝင်ရောက်မှု မီဇိုရမ်တွင် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြောကြား - BUR.MIZZIMA.COM
AI Summary
မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လားလ်သုအောမ်မာက မြန်မာနိုင်ငံမှ စစ်ဘေးရှောင်များ စဉ်ဆက်မပြတ် ဝင်ရောက်လာနေခြင်းသည် ပြည်နယ်အတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးဖြစ်လာနေကြောင်း အရှေ့မြောက်ဒေသကောင်စီ (NEC) အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ပထဝီနိုင်ငံရေးအခြေအနေများနှင့် မြန်မာနိုင်ငံတွင်း တိုက်ပွဲများကြောင့် လုံခြုံဘေးကင်းမှုရှာဖွေရန် ထပ်မံဝင်ရောက်လာနိုင်ခြေရှိနေခြင်းကြောင့် ယခုကဲ့သို့ ဝန်ထုပ်ဝန်ပိုးဖြစ်ရခြင်းဖြစ်သည်။ ဤအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်အစိုးရနှင့် ဒေသခံပြည်သူများအပေါ် ဘဏ္ဍာရေး၊ စီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ်မှုများ၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ အခြေခံအဆောက်အအုံများနှင့် သယံဇာတများအပေါ် ဖိအားများ သက်ရောက်လျက်ရှိသည်။ ထို့ပြင် ဒေသခံများအတွက် အနှောင့်အယှက်များ၊ မူးယစ်ဆေးဝါးပြဿနာများနှင့် လုပ်ငန်းဈေးကွက် ထိခိုက်မှုများလည်း ဖြစ်ပေါ်နေသည်။ လက်ရှိတွင် မီဇိုရမ်ပြည်နယ်၌ မြန်မာနိုင်ငံသား စစ်ဘေးရှောင် ၄၀,၀၀၀ မှ ၇၀,၀၀၀ ကျော်အထိ ခိုလှုံနေထိုင်လျက်ရှိပြီး၊ စစ်ဘေးရှောင်များအတွက် ရန်ပုံငွေတိုးမြှင့်ပေးရန် တောင်းဆိုမှုကို NEC က ကြိုဆိုလက်ခံမည်ဟု ဆိုသည်။ အိန္ဒိယအစိုးရသည်လည်း တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုနှင့် မူးယစ်ဆေးဝါးပြဿနာများကို ထိန်းချုပ်ရန် မြန်မာနယ်စပ်ကို ခြံစည်းရိုးကာရံရန် ဆောင်ရွက်နေသည်။
ဓါတ်ပုံ – မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လားလ်သုအောမ်မာ /ဝန်ကြီးချုပ်လူမှုကွန်ရက် ။ အိန္ဒိယနိုင်ငံ ၊ မြန်မာစစ်ဘေးရှောင်များ စဥ်ဆက်မပြတ်ဝင်ရောက်လာနေမှုသည် ပြည်နယ်အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်လာနေကြောင်း အရှေ့ မြောက်ဒေသကောင်စီ (NEC) အစည်းအဝေးတွင် ဇွန်လ ၄ရက်နေ့၌ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။
ပါခွီး (ဇွန်၅ရက်)
မဇ္ဈိမ ။ ။ မြန်မာနိုင်ငံမှ စစ်ဘေးရှောင်များ စဥ်ဆက်မပြတ်ဝင်ရောက်နေခြင်းသည် ပြည်နယ်အတွက် ကြီးမားသောဝန်ထုပ်ဝန်ပိုးတခုဖြစ်လာနေကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် လားလ်သုအောမ်မာ က ထုတ်ဖော်ပြောကြားလိုက်သည်။
အိန္ဒိယနိုင်ငံ ၊ မေဂါလာယာပြည်နယ် ရှီလောင်မြို့တွင်ကျင်းပသည့် အရှေ့မြောက်ဒေသကောင်စီ (NEC) အစည်းအဝေးအတွင်း ဆွေးနွေးမှုများကို ဇွန်လ၄ရက်နေ့တွင် မီဒီယာများက မေးမြန်းခဲ့ရာဝန်ကြီးချုပ်က ပြောကြားလိုက်ခြင်းဖြစ်သည်။
“ဟုတ်ကဲ့ ပထဝီနိုင်ငံရေးအခြေအနေတွေကြောင့် လက်ရှိမှာ ကျွန်တော်တို့ဆီကို အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာရသူတွေအများအပြားရောက်ရှိနေပါတယ်။ နောက်ပြီး လုံခြုံဘေးကင်းမှု ရှာဖွေဖို့အတွက် ကျနော်တို့ဘက်အခြမ်းကို ထပ်မံဝင်ရောက်လာမဲ့သူတွေလည်းပိုပြီးတော့များလာ နိုင်ခြေရှိပါတယ်၊ ဒါဟာ ကျွန်တော်တို့ (မီဇိုရမ်ပြည်နယ်) အတွက်တော့ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတခု ဖြစ်လာနေပါပြီ။” ဟု လားသုအောမ်မာ က ပြောကြားသည်။
စစ်ဘေးရှောင်များအတွက် ကူညီစောင့်ရှောက်ရေးရန်ပုံငွေတိုးမြှင့်ပေးရန်နှင့်ပတ်သက်ပြီး တောင်းဆိုမှုအပေါ် အရှေ့မြောက်ဒေသကောင်စီ (NEC) ဘက်ကနေ ကြိုဆိုလက်ခံသွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အကြမ်းဖက်မှုများမှလွတ်မြောက်ရန် ထွက်ပြေးလားသူများကို လူသားချင်းစာနာမှုဆိုင်ရာ ပံ့ပိုးကူ ညီမှုများ ဆက်လက်ပေးအပ်နေသော်လည်း အိုးအိမ်စွန့်ခွာရသူအများအပြားကို ရှေရှည်လက်ခံထား ရခြင်းနှင့် ဆက်စပ်ပြီး ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ်မှုများ ကြုံတွေ့နေရကြောင်း ပြည်နယ် အာဏာပိုင်များက ထုတ်ဖော်ပြောကြားမှုကို ကိုးကားပြီး Time of Indai သတင်းစာက ဇွန်လ ၄ရက်နေ့တွင်ရေးသားသည်။
တိုးပွားလာသော ဒုက္ခသည်ဦးရေကြောင့် အထူးသဖြင့် နယ်စပ်ဒေသများရှိ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ၊အခြေခံအဆောက်အအုံမျးနှင့် ဒေသတွင်း သယံဇာတ အရင်းမြစ်များအပေါ် ဖိအား သက်ရောက်စေသည် ဟုဆိုသည်။
ကျင်းပခဲ့သော (၇၃)ကြိမ်မြောက် အရှေ့မြောက်ဒေသကောင်စီ (NEC) အစည်းအဝေး တွင် ဥက္ကဌ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးနှင့် အရှေ့မြောက် ရှစ်ပြည်နယ်(အာရုနာချာပရာဒေ့ရှ်၊ အာသံ၊ မဏိပူရ၊ မေဂါလာယာ၊ မီဇိုရမ်၊ နာဂလဲန်း၊ ဆစ်ကင်၊ တြိပူရ)မှ ဝန်ကြီးချုပ်များ၊ အုပ်ချုပ်ရေးမှူး များနှင့် အဆင့်မြင့်အရာရှိကြီးများတက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရရှိသည့် နှစ်(၁၀၀) ပြည့်မြောက်မည့် ကာလတွင် အရှေ့မြောက်ဒေသကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပါအဝင် “အရှေ့မြောက်ဒေသမျှော်မှန်း ချက်စီမံကိန်း ၂၀၂၇ (North East Vision Plan 2047) “ အပေါ်ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။
စစ်ဘေးရှောင်များခိုလှုံဝင်ရောက်လာမှုကြောင့် ဒေသခံများနှင့် အစိုးရအပေါ်ဝန်ထုတ်ဝန်ပိုး ဖြစ်စေ သည့် အကြောင်းအရင်းများစွာရှိကြောင်း မီဇိုရမ်ပြည်နယ်တွင် နှစ်ကာလရှည်နေထိုင်ခဲ့သည့် မြန်မာ နိုင်ငံသားတဦးက မဇ္ဈိမ ကိုပြောသည်။
“ဝန်ထုတ်ဝန်ပိုးဆိုတာ အများကြီးရှိတာပေါ့ ၊နေထိုင်ခဲ့တဲ့ လူနေမှုပုံစံတွေမတူတော့ ဒေသခံတွေအတွက်အနှောက်ယှက်ဖြစ်တာတွေအပြင် မူးယစ်ဆေးဝါးကိစ္စ၊ လုပ်ငန်းတွေမှာ ဝင်လုပ်ကြတော့ ဈေးကွက်ထိခိုက်တာရောပေါ့” ဟု ၎င်းကဆိုသည်။
၎င်းအပြင် ချင်းပြည်နယ် ၊ ကန်ပက်လက် ၊မင်းတပ်မြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားနေပြီး ဖလမ်းမြို့နယ်အတွင်းရှိ အိန္ဒိယ – မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်း ရိဒ်ခေါ်ဒါကို စစ်အုပ်စုက တိုက်ခိုက်နိုင်မည့် အခြေအနေများဖြစ်ပေါ်နေသည့် မီဇိုရမ်ပြည်နယ်အတွင်းသို့ စစ်ဘေးရှောင်များ ထပ်မံဝင်ရောက်လာနိုင်သည် ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံနှင့် နယ်နမိတ်ထိစပ်နေသည့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်ရဲတပ်ဖွဲ့က ဇွန်လ ၃ရက်နေ့ တရက်တည်းတွင် လူရှစ်ဦးထံမှ အိန္ဒိယရူပီး သိန်း ၇၀ကျော် (ကျပ်သိန်း၃၂၀၀ကျော်) တန်းဘိုးရှိဘိန်းဖြူများကို ဖမ်းဆီးရမိကြောင်းထုတ်ပြန်ထားသည်။
အိန္ဒိယအစိုးရသည် တရားမဝင်ရွှေ့ပြောင်းနေထိုင်မှု ၊ လုံခြုံရေး ၊ မူးယစ်ဆေးဝါးနှင့်တရားမဝင် ကူးသန်းရောင်းဝယ်မှုများကို ထိန်းချုပ်နိုင်ရန်အတွက် မြန်မာနှင့် ထိစပ်သည့် ကီလိုမီတာ ၁,၆၀၀ကျော် ကို ခြံစည်းရိုးကာရံရန် ဆုံးဖြတ်လုပ်ဆောင်လျက်ရှိသည်။
မီဇိုရမ်ပြည်နယ် ခရိုင်၁၁ခုတွင် မြန်မာနိုင်ငံသား ၄၀,၀၀၀ကျော် နေထိုင်လျက်ရှိကြောင်း အစိုးရ တရားဝင်စရင်းများအရခန့်မှန်းထားပြီး အတည်မပြုနိုင်သောစရင်းများအရ စစ်ဘေးရှောင်စခန်းနှင့် ရပ်ကွက်၊မြို့၊ရွာများအတွင် အိမ်ငှားဖြင့်နေထိုင်သူ စုစုပေါင်း၇၀,၀၀၀ကျော်နေထိုင်လျက်ရှိကြောင်း အကူအညီပေးရေးအဖွဲ့များထံကသိရသည်။