မန္တလေးတွင် ဘောလုံးကွင်း ပတ်ချာလည်ရှိ လူနေဆိုင်ခန်း ၁၇၂ ခန်း အဓမ္မဖယ်ရှားခံရ
general||7 MIN READ

မန္တလေးတွင် ဘောလုံးကွင်း ပတ်ချာလည်ရှိ လူနေဆိုင်ခန်း ၁၇၂ ခန်း အဓမ္မဖယ်ရှားခံရ

AI Summary

မန္တလေးမြို့၊ မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်းအနီးရှိ လူနေဆိုင်ခန်း ၁၇၂ ခန်းကို ယခုလကုန် နောက်ဆုံးထား ဖယ်ရှားပေးရန် စစ်တပ်နှင့်ရဲတို့က ဖိအားပေးဆောင်ရွက်နေသည်။ ၎င်းဆိုင်ခန်းများသည် အားကစားဝန်ကြီးဌာနထံမှ နှစ် ၃၀ ဂရန်ဖြင့် ဝယ်ယူခဲ့သော်လည်း ဂရန်သက်တမ်းကုန်ဆုံး၍ အစိုးရပိုင်မြေကျူးကျော်သည်ဟုဆိုကာ ဖယ်ရှားခိုင်းခြင်းဖြစ်သည်။ ယမန်နေ့ (မေလ ၂၈ ရက်) နံနက်ကတည်းက စစ်သားနှင့်ရဲများရောက်ရှိနေပြီး ဆိုင်ခန်းရှင်များက ဖျက်သိမ်းနေရသဖြင့် ကျောက်ဝိုင်းအတွင်း အရောင်းအဝယ်များ ရပ်ဆိုင်းသွားခဲ့သည်။ ဤဖယ်ရှားမှုကြောင့် လက်လုပ်လက်စားမိသားစုများ၊ စားသောက်ဆိုင်နှင့် အခြားလုပ်ငန်းရှင်များ အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဘဝကို အစကပြန်စရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ၂၀၂၃ ခုနှစ် မေလကတည်းက ဖယ်ရှားရန် ဖိအားပေးခဲ့ပြီး တင်ခဲ့သည့်အယူခံကိုလည်း ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ပယ်ချခဲ့သည်။ ငလျင်ဒဏ်ခံစားနေရသည့် မြို့နေလူထုကို ယခုကဲ့သို့ ဖယ်ရှားခြင်းသည် မသင့်လျော်ကြောင်း မြို့ခံများက ဝေဖန်လျက်ရှိသည်။

နိုင်ငံအလယ်ပိုင်း မန္တလေးမြို့တွင် စီးပွားရေးအချက်အချာကျသည့် မဟာအောင်မြေ ကျောက်မျက် ရောင်းဝယ်ရေးစခန်းအနီး လူနေဆိုင်ခန်း ၁၀၀ ကျော်ကို ယခုရက်ပိုင်းအတွင်း စစ်သားနှင့်ရဲတို့က ဖိအားပေးဖယ်ရှားနေသည်ဟု စုံစမ်းသိရသည်။

မန္တလေးမြို့၏စီးပွားရေး အချက်အချာနေရာတစ်ခုဖြစ်သော ဒေးဝန်းအရှေ့ရပ်ကွက်၊ မဟာအောင်မြေ ကျောက်ဝိုင်း၏ မြောက်ဘက် အားကစားကွင်းဘေးပတ်လည်ရှိ လူနေဆိုင်ခန်း ၁၇၂ ခန်းကို ယခုလကုန် နောက်ဆုံးထား ဖယ်ရှားပေးရန် စစ်တပ်က အမိန့်ထုတ်ထားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“စရွှေ့နေကြပြီ။ အခုလကုန်နောက်ဆုံးထား ဖယ်ရမယ်လို့ အမိန့်ထုတ်ထားတာ။ အကုန်ဖျက်ပေးနေရတယ်” ဟု မဟာအောင်မြေကျောက်ဝိုင်းအနီးနေထိုင်သူ အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးက ပြောသည်။

ယမန်နေ့(မေလ၂၈ ရက်) နံနက်ကတည်းက အဆိုပါဆိုင်ခန်းများအနီး  စစ်သားနှင့် ရဲများ ရောက်ရှိနေပြီး ဆိုင်ခန်းရှင်များက ဖျက်ပေးနေကြရကာ ကျောက်ဝိုင်းအတွင်း အရောင်းအဝယ်ရပ်ဆိုင်းသွားရသည်ဟု အထက်ပါအမျိုးသမီးက ဆိုသည်။

“မနက်ခင်းက ကျောက်ဝိုင်းတောင်ပျက်သွားတာ။ အဲဒါရုတ်ရုတ်ရုတ်ဖြစ်သွားတယ်။ ရဲတွေရော၊ စစ်သားတွေရော စောင့်ပြီး၊ အကုန်ဖယ်ရှားနေတော့ကြတော့ ဘယ်သူမှကျောက်ဝိုင်းက မဆင်းရဲတော့ဘူး။ ကျောက်ဝိုင်းနဲ့ကပ်လျက်ဆိုတော့ မြင်နေရတာလေ”ဟု ၎င်းက ပြောသည်။

မဟာအောင်မြေဘောလုံးအားကစားကွင်းပတ်လည်ရှိ ဆိုင်ခန်းများကို ဖယ်ရှားပေးရန် စစ်တပ်က ၂၀၂၃ ခုနှစ် မေလကတည်းက ဖိအားပေးခဲ့ခြင်းဖြစ်ပြီး၊ ထိုစဉ်က  ၁၅ ရက်အတွင်း ဖယ်ရှားပေးရန် မဟာအောင်မြေခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနက သတိပေးစာများလာရောက်ကပ်ထားသည်။

အစိုးရအိမ်ဥပစာတွင် ခွင့်ပြုချက်မရဘဲနေထိုင်လျှက်ရှိသည်ဟု ယူဆသောကြောင့်  “၁၉၉၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း) အက်ဥပဒေ (၃) အရ ဤနို့တစ်စာရသည့်နေ့မှ ၁၅ ရက်အတွင်း အဆိုပါ အိမ်ဥပစာမှ ထွက်ခွာရမည်”ဟူသည့်သတိပေးစာကို လိုက်လံစာကပ်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ ဆိုင်ခန်းများ၌ “အစိုးရပိုင်မြေ မကျူးကျော်ရ”ဟူသော ဗီနိုင်းအနီရောင်များ ချိတ်ဆွဲထားပြီး ဖယ်ရှားခိုင်းနေကြောင်း မြို့ခံများက ပြောကြသည်။

အဆိုပါ လူနေဆိုင်ခန်းများသည် ယခင်စစ်အာဏာရှင်ဟောင်း ဗိုလ်သန်းရွှေလက်ထက် အားကစားဝန်ကြီးဌာနထံမှ နှစ် ၃၀ ဂရန်ဖြင့် ဝယ်ယူနေထိုင်ခဲ့ခြင်းဖြစ်ပြီး၊ သက်တမ်းအရ အချိန်ပြည့်နေပြီး ဆက်လက်သက်တမ်းတိုးခွင့်မပြုဘဲ ဖယ်ရှားခြင်းဖြစ်သည်ဟု မြို့ခံအချို့ကဆိုသည်။

ဆိုင်ခန်းရှင်အချို့ကမူ ဂရန်သက်တမ်း အနည်းငယ်ကျန်ရှိနေသော်လည်း အဓမ္မဖယ်ရှားခိုင်းခြင်းဟု လူမှုကွန်ရက်တွင်ရေးသားနေကြသည်။

“အလုပ်တစ်ခုကိုလုပ်ဖို့ တည်ဆောက်ရတာခက်ခဲတယ်။ အခုတစ်ခါပြန်ပြီး ဘယ်လို ပြန်တည်ဆောက်ရမလဲ မသိတော့ဘူး”ဟု ဆိုင်ခန်းရှင်တစ်ဦးက ဖေ့ဘွတ်လူမှုကွန်ရက်တွင်ရေးသားထားသည်။

ထို့အတူ အဆိုပါဆိုင်ခန်းတွင် အဖီချ၍ စားသောက်ကုန်ရောင်းချပြီး နေထိုင်နေသည့် မိသားစုတစ်ခုမှ အသက် ၂၀ အရွယ်အမျိုးသားတစ်ဦးကလည်း “ငယ်ငယ်ကတည်းက နေခဲ့တဲ့နေရာလေး။ ဘဝ စတင်ရာနေရာလေး။ အခုတော့အရာရာပြီးခဲ့ပြီပေါ့။အစက ပြန်စရတော့မှာပါ”ဆိုပြီး လူမှုကွန်ရက်တွင် ရေးသားထားသည်။

မဟာအောင်မြေအားကစားကွင်းပတ်လည်ရှိ တိုက်ခန်းများသည် လက်လုပ်လက်စားမိသားစုများ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ၊ တနိုင်တပိုင် ကျောက်သွေးကျောက်ဖြတ်လုပ်ငန်းများ၊ အုတ်သဲကျောက်ရောင်းဝယ်ရေးလုပ်ငန်းများအပြင် တချို့ဆိုင်ခန်းရှင်များကလည်း တရုတ်လုပ်ငန်းရှင် အချို့ကို နှစ်ရှည်ပြန်လည်ငှားရမ်းထားရာ ကျောက်မျက်အရောင်းပြခန်းများ၊ ယင်းနှင့်ဆက်စပ်သည့် စက်ပစ္စည်းအရောင်းဆိုင်များအထိ ဖွင့်လှစ်ထားကြသည်။

၂၀၂၃ ခုနှစ် မေလကုန်တွင် ယင်းဆိုင်ခန်းများကိုဖယ်ရှားခိုင်းခဲ့ရာ နေထိုင်သူများက တရားရုံးသို့ အယူခံတင်ကြသည်ဟုနောက်ဆုံးအခြေအနေအဖြစ် ကြားသိခဲ့ရပြီး၊ နှစ်နှစ်ကျော်အကြာ ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်း အယူခံပယ်ချခြင်းခံခဲ့ရသည်ဟု စုံစမ်းသိရှိရသည်။

အလားတူ ဖြစ်စဉ်ကဲ့သို့ ၂၀၂၂ ခုနှစ်၊ မတ်လအတွင်းကလည်း မန္တလေးမြို့ လူစည်ကားရာ မြို့လယ်ခေါင် နေရာဖြစ်သည့် ဗထူးအားကစားကွင်းရှိ လူနေအိမ်ခန်းနှင့်ဆိုင်ခန်းပေါင်း ၁၃၀ ကျော်ကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဖိအားပေးဖယ်ရှားခိုင်းခဲ့သေးသည်။ ထိုစဉ်က ဆိုင်ခန်းအများအပြား ထွက်ခွာပေးခဲ့ပြီး ကျန်ရှိနေသည့် ဆိုင်ခန်းများကိုလည်း ၂၀၂၃ ခုနှစ်တွင် အတင်းဖယ်ရှားခဲ့သည်။

၂၀၂၂ ခုနှစ် မတ်လဆန်း၌ နိုင်ငံတော်လိုအပ်ချက်ကြောင့်ဟုဆိုကာ အာဏာသိမ်းစစ်တပ်လက်ထက် မန္တလေးတိုင်းအတွင်း ဗထူးအားကစားကွင်းရှိဆိုင်ခန်း ၁၃၃ ခန်း၊ အောင်မြေမန္တလာကွင်းရှိ ဆိုင်ခန်း ၉၅ ခန်း၊ ပြင်ဦးလွင်အားကစားကွင်းရှိ ဆိုင်ခန်း ၁၆၂ ခန်းတို့ကိုလည်း ဖယ်ရှားခဲ့သည်။

စစ်တပ်က အဓမ္မအာဏာသိမ်းပြီးနောက် မန္တလေးမြို့တွင်နေထိုင်သူအချို့နှင့် မြို့ခံများကိုကျူးကျော်ဟုဆိုကာ အတင်းအဓမ္မဖယ်ရှားခိုင်းစေခြင်းတို့ကြောင့် မြို့နေလူထုအများစုမှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ အချို့ကမူ အမှန်တကယ်ကျူးကျော်နေထိုင်သူများရှိသကဲ့သို့ တချို့မှာယခင်အစိုးရဝန်ကြီးဌာနများက နှစ်ရှည်ဂရန်များဖြင့် သိန်းရာချီပေးဝယ်ခဲ့ရသောနေရာများဖြစ်သဖြင့် ဂရန်သက်တမ်း ဆက်တိုးမပေးခြင်းကြောင့် နစ်နာမှုများဖြစ်ပေါ်ခဲ့ကြရသည်။

စစ်တပ်က ၎င်းတို့သတ်မှတ်ထားသည့်ရက်အတွင်း မဖယ်ရှားသည့်အဆောက်အအုံများကို မြေကော်စက် များဖြင့်ထိုးခြင်း၊ လက်နက်ကိုင်ပျူစောထီးများ၊ ရဲ၊ စစ်သားတို့ အင်အားအလုံးအရင်းဖြင့်စောင့်ကြပ်၍ နေအိမ်များကိုဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ပါက ဖမ်းဆီးခြင်းတို့ဖြင့်တုံ့ပြန်လေ့ရှိသည်။

ပြီးခဲ့သည့်နှစ် မတ်လ၂၈ ရက်တွင် ငလျင်ကြီးဒဏ်ကို အကြီးအကျယ်ခံစားထားရသည့်မန္တလေးမြို့၌ တစ်နှစ်ကြာသည်အထိ ပြန်လည်ထူထောင်ရေးနှေးကွေးနေချိန်၌ ငလျင်ဒဏ်ခံထားရသည့် မြို့နေလူထုကို ယခုကဲ့သို့ နှိပ်ကွပ်ခြင်းသည် မဖြစ်သင့်ကြောင်းမြို့ခံလူကြီးပိုင်းတစ်ဦးက ဝေဖန်သည်။

“ဒီအချိန်မှာ သူတို့က အစိုးရဖွဲ့ထားတာမှာ ဒီလိုပုံရိပ်ကျတဲ့အလုပ်တွေ မလုပ်သင့်သေးဘူး။ ဒါ့ထက် ငလျင်ကနေ မနည်း ပြန်ထူမတ်နေရတဲ့အချိန်မှာဆိုတော့ ပိုပြီးတော့မလုပ်သင့်ဘူးပေါ့”ဟု မှတ်ချက်ပေးသည်။

၂၀၂၅ ခုနှစ် မတ်လတွင် လှုပ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် တိုင်းနှင့်ပြည်နယ် ခြောက်ခုရှိလူဦးရေ၉ ဒသမ ၁ သန်းခန့် ထိခိုက်ခဲ့ရမှုသည် တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ကြောင်း၊ ကုလသမဂ္ဂအဖွဲ့ အနေဖြင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အလေးထားလုပ်ဆောင်နေကြောင်း United Nation Myanmar က ယခုနှစ် မတ်လ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

အင်အားပြင်းငလျင်ကြီး ရိုက်ခတ်ခဲ့မှု တစ်နှစ်ပြည့်ချိန်တွင်ပင် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများကြောင့် မြန်မာငလျင်ဘေးသင့်ပြည်သူများ ဝမ်းရေးဒုက္ခ ထပ်မံရင်ဆိုင်နေရကြောင်း ယခုနှစ် မတ်လ ၂၇ ရက်တွင် ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးထားသည်။

ဆက်စပ်သတင်းများ

AI Curated
မန္တလေးတွင် ဘောလုံးကွင်း ပတ်ချာလည်ရှိ လူနေဆိုင်ခန်း ၁၇၂ ခန်း အဓမ္မဖယ်ရှားခံရ | YGN Daily