
AI Summary
အစ္စရေးအစိုးရသည် အနောက်ဘက်ကမ်းဒေသရှိ ဟီဘရွန်မြို့တွင် ဂျူးနှင့် မွတ်စလင်ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၏ စီမံခန့်ခွဲရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ အာဏာကို ပါလက်စတိုင်းထံမှ သိမ်းယူလိုက်သည်။ ၁၉၉၇ ခုနှစ် ဟီဘရွန်သဘောတူညီချက်ကို ဖျက်သိမ်းကာ အစ္စရေးလက်ထဲသို့ အာဏာလွှဲပြောင်းလိုက်ခြင်းမှာ အစ္စရေးအခြေစိုက်စခန်းများ တိုးချဲ့ရန်နှင့် အာဏာသက်ရောက်မှု ပိုမိုရရှိစေရန် ရည်ရွယ်သည်။ ဤလုပ်ရပ်ကြောင့် ပါလက်စတိုင်းတို့၏ အခွင့်အရေးများ ထိခိုက်ရပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်သည်ဟု ပါလက်စတိုင်းသမ္မတရုံးက ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ အစ္စရေး၏ အခြေစိုက်စခန်း တိုးချဲ့မှုများကြောင့် ဒေသတွင်း အကြမ်းဖက်မှုများ မြင့်တက်လာပြီး ပါလက်စတိုင်းများ သေဆုံးမှုများလည်း ရှိနေသည်။ လက်ရှိတွင် အစ္စရေးသည် နိုင်ငံတကာ၏ ကန့်ကွက်မှုများကို လျစ်လျူရှုကာ အဆိုပါနယ်မြေများအပေါ် ထိန်းချုပ်မှုအား ပိုမိုအားကောင်းအောင် လုပ်ဆောင်နေသည်။
ထင်ရှားသော ပြောကြားချက်များ
"ဟီဘရွန်မြို့ရဲ့ နိုင်ငံရေးနဲ့ ဥပဒေကြောင်းအရ ရပ်တည်ချက်ကို ချိုးဖောက်တာ"

အစ္စရေးဟာ သူတို့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသရှိ ဂျူးဘာသာဝင်တွေနဲ့ မွတ်စလင် တွေ ဘာသာရေး ၂ ဖွဲ့စလုံး ခွဲဝေအသုံးပြုကြတဲ့ ဘုရားကျောင်းတခုရဲ့ စီမံကိန်းနဲ့ တည်ဆောက်ရေးဆိုင်ရာ အာဏာတွေကို ပါလက်စတိုင်းဆီကနေ သိမ်းယူလိုက်ပါတယ်။
ဒီဘုရားကျောင်းနဲ့ ပတ်သက်ပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းကထားရှိခဲ့တဲ့ သဘောတူညီချက် ကို ဖျက်သိမ်းလိုက်တယ်လို့လည်း ဘဏ္ဍာရေးဝန်ကြီး ဘီဇာလဲလ် စမော့ထရစ်ချ်က ဇွန် ၁၆ ရက်မှာ ပြောပါတယ်။
၁၉၉၇ ခုနှစ် ဟီဘရွန်သဘောတူညီချက်အရ အဆောက်အအုံရဲ့ တဖက်ခြမ်းမှာ ဂျူးတွေရဲ့ ဘိုးဘေးများဂူဗိမာန် ရှိပြီး ကပ်လျက်ရှိ ကျန်တဖက်ခြမ်းမှာ မွတ်စလင်တွေရဲ့ အီဘရာဟီမီဗလီ အပါအဝင် ဟီဘရွန်မြို့တမြို့လုံးရဲ့ စီမံကိန်းရေးဆွဲရေးနဲ့ ဆောက်လုပ်ရေးကိစ္စတွေကို ပါလက်စတိုင်းတွေက ထိန်းချုပ်ထားခဲ့တာပါ။
စီမံခန့်ခွဲခွင့်အာဏာဟာ အဲဒီဘာသာရေး အထွတ်အမြတ်နေရာနဲ့ ဂျူးစခန်းတွေအပေါ် တိုက်ရိုက် အာဏာသက်ရောက်မှု ရှိစေမှာဖြစ်လို့ ပါလက်စတိုင်းလက်ထဲကနေ အစ္စရေး လက်ထဲကို လွှဲပြောင်း ပေးဖို့ ဇွန် ၁၅ ရက်နှောင်းပိုင်းမှာ နောက်ဆုံးအတည်ပြု လက်မှတ် ရေးထိုးခဲ့တယ်လို့ လက်ယာစွန်းဝါဒီ ဝန်ကြီး စမော့ထရစ်ချ်က ဆိုပါတယ်။
စမော့ထရစ်ချ်ဟာ အနောက်ဘက်ကမ်းဒေသမှာ အစ္စရေးအခြေစိုက်စခန်းတွေ လျင်လျင်မြန်မြန် တိုးချဲ့လာနိုင်ဖို့အတွက် အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူဖြစ်ပြီး၊ ဒီလိုတိုးချဲ့မှုတွေနဲ့အတူ အကြမ်းဖက်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။
အခုလို စီမံခန့်ခွဲခွင့်အာဏာ လွှဲပြောင်းပေးဖို့ ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ဝန်ကြီးချုပ် နေတန်ယာဟုရဲ့ လုံခြုံရေးအစိုးရအဖွဲ့က ချမှတ်ခဲ့တာဖြစ်ပြီး၊ ဒါဟာ အခြေစိုက် နေထိုင်သူတွေ မြေကွက် ဝယ်ယူရလွယ်ကူစေဖို့နဲ့ အစ္စရေးအာဏာပိုင်တွေကို အဲဒီနယ်မြေထဲမှာ ပိုပြီး အာဏာသက်ရောက်ခွင့်ပေးဖို့ ရည်ရွယ်တဲ့ ဆောင်ရွက်ချက်တွေထဲက တခုဖြစ်ပါတယ်။
၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်းစစ်ပွဲအတွင်း သိမ်းပိုက်ခဲ့တဲ့ အနောက်ဘက်ကမ်းဒေသကို အစ္စရေး ဘက်က ထိန်းချုပ်ပိုင်ခွင့် ရှိတယ်ဆိုတာကို နိုင်ငံတကာက အသိအမှတ်မပြုပါဘူး။
ပါလက်စတိုင်းသမ္မတရုံးကတော့ အခုလို အာဏာသိမ်းယူလိုက်တာဟာ "ဟီဘရွန်မြို့ရဲ့ နိုင်ငံရေးနဲ့ ဥပဒေကြောင်းအရ ရပ်တည်ချက်ကို ချိုးဖောက်တာ" ဖြစ်သလို နိုင်ငံတကာဥပဒေကိုလည်း ဖောက်ဖျက်တာ ဖြစ်တယ်လို့ တုံ့ပြန် ပြောဆိုပါတယ်။
ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ နိုင်ငံအများစုကတော့ အနောက်ဘက်ကမ်းဒေသက အစ္စရေးရဲ့ အခြေစိုက်စခန်း ဆောက်လုပ်မှုတွေကို တရားမဝင်ဘူးလို့ သတ်မှတ်ထားပါတယ်။
အစ္စရေးက ကျမ်းစာလာပတ်သက်မှု၊ သမိုင်းကြောင်းအရ ဆက်နွှယ်မှုတွေအပြင် လုံခြုံရေး လိုအပ်ချက်တွေကို အကြောင်းပြပြီး ဒီအမြင်ကို ငြင်းပယ်ထားပါတယ်။
ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ ဒီနှစ်အတွင်းမှာတင် အခြေစိုက်နေထိုင်သူတွေရဲ့ လက်ချက်ကြောင့် ပါလက်စတိုင်း ၁၃ ယောက် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
Source:Reuters