မင်းပြားတွင် ကျောင်းသား ၁ ဦးအား မီးရှို့သတ်သူနှင့် ဘော်ဒါဆောင်ပိုင်ရှင်ကို AA ရဲတပ်ဖွဲ့ ဖမ်းဆီး
society||5 MIN READ

မင်းပြားတွင် ကျောင်းသား ၁ ဦးအား မီးရှို့သတ်သူနှင့် ဘော်ဒါဆောင်ပိုင်ရှင်ကို AA ရဲတပ်ဖွဲ့ ဖမ်းဆီး

DVB
SourceDVB
Back to News

AI Summary

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ ရာစုသစ်ဘော်ဒါဆောင်တွင် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သော ကျောင်းသားတစ်ဦး မီးလောင်သေဆုံးမှုနှင့် ပတ်သက်၍ အာရက္ခတပ်တော်၏ ရဲတပ်ဖွဲ့က တရားခံများကို ဖမ်းဆီးလိုက်သည်။ အဆိုပါကျောင်းသားသည် ညီအစ်ကိုဝမ်းကွဲတော်စပ်သူ၏ စနောက်မှုကြောင့် ဖြစ်ပေါ်လာသော မီးလောင်မှုတွင် ဒဏ်ရာရရှိပြီးနောက် ဆေးကုသမှုခံယူရင်း သေဆုံးခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားရာနေရာကို ဘော်ဒါဆောင်ပိုင်ရှင်က သက်သေခံပစ္စည်းများ ဖျောက်ဖျက်ခဲ့သဖြင့် အမှုမှန်ဖော်ထုတ်ရန် အချိန်ကြာမြင့်ခဲ့သည်။ လက်ရှိတွင် ကျူးလွန်သူကျောင်းသားနှင့် သက်သေခံပစ္စည်းဖျောက်ဖျက်သူ ဘော်ဒါဆောင်ပိုင်ရှင်တို့ကို ဖမ်းဆီးထားပြီး ဥပဒေနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်သည်။

ထင်ရှားသော ပြောကြားချက်များ

"သံသယတရားခံ မောင်ရဲဝင်းအောင်ဟာ သူ့ရဲ့ ပြစ်မှုမကင်းတဲ့ ပြုလုပ်မိမှုအပေါ် ထိန်ချန်ထားတဲ့ အတွက် စိတ်မွန်းကျပ်လာတာကြောင့် အခုလို အမှန်အတိုင်း ဝန်ခံရတာလို့ တရားရုံးတော်မှာ ထွက်ဆိုခဲ့ပါတယ်။"

Photo: DLEPS

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ ရာစုသစ် ဘော်ဒါဆောင်မှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ မီးရှို့သတ်ဖြတ်မှုမှာ ကျူးလွန်သူကျောင်းသားနဲ့ သက်သေခံပစ္စည်းတွေကို ဖျောက်ဖျက်ခဲ့သူ ဘော်ဒါဆောင်ပိုင်ရှင်ကို အာရက္ခတပ်တော် (AA) ရဲ့ ရဲတပ်ဖွဲ့ ဒီလပ် (DLEPS) က ဖမ်းဆီးလိုက်တယ်လို့ ဇွန် ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

မင်းပြားမြို့ ရာစုသစ် ဘော်ဒါဆောင်မှာ ကျောင်းတက်နေတဲ့ အသက် ၁၈ နှစ်အရွယ် G-12 ကျောင်းသားတယောက်ဟာ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၆ ရက် မနက် ၁ နာရီဝန်းကျင်မှာ သူ့ရဲ့ ညီအစ်ကို ဝမ်းကွဲတော်စပ်သူ တယောက်က သေဆုံးသူကျောင်းသားရဲ့ ခြင်ထောင်ကို စနောက်ပြီး မီးရှို့ရာကနေ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီနောက် မီးလောင်ဒဏ်ရာရရှိကာ အိပ်ရာက ထွက်ပြေးရာမှာ နံရံကို ဦးခေါင်းနဲ့ ဆောင့်မိကာ ဦးခေါင်းပေါက်ကွဲပြီး အဲဒီဒဏ်ရာ ၂ ခုနဲ့ ဆေးကုသမှု ခံယူနေစဉ်မှာ သေဆုံးသွားခဲ့တာလို့ ဒီလပ်တပ်ဖွဲ့က ပြောထားပါတယ်။

သေဆုံးသွားသူမှာ မင်းပြားမြို့နယ်၊ ကျွဲကြိုကျေးရွာနေ အသက် ၁၈ နှစ်အရွယ် မောင်ငြိမ်းထက်ကျော် ဖြစ်ပြီး အခင်းဖြစ်ပွားပြီး ၁၁ နာရီအကြာ မင်းပြားမြို့နယ် ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေစဉ် အဲဒီဒဏ်ရာ ၂ ခုနဲ့ သေဆုံးသွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

မောင်ငြိမ်းထက်ကျော် သေဆုံးပြီးနောက် ဓမ္မတာ သေဆုံးတာ ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ဖို့ မင်းပြားမြို့နယ် ဒီလပ်စခန်းက သေမှုသေခင်း ၄/၂၀၂၅ နဲ့ အမှုဖွင့်ခဲ့ပြီး စစ်ဆေးနိုင်ဖို့ မင်းပြားမြို့နယ် တရားရုံးက ရာဇဝတ်မှုနဲ့ လက်ခံစစ်ဆေးခဲ့ပါတယ်။

အဲဒီလို အမှုဖွင့်ပြီးနောက် သက်သေတွေရဲ့ ထွက်ဆိုချက်တွေအရ မောင်ငြိမ်းထက်ကျော် သေဆုံးမှုဟာ လူတယောက်ရဲ့ ပယောဂကြောင့် သေဆုံးမှု ဖြစ်နိုင်တာကြောင့် အမှုကို ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ ထပ်မံအမှုဖွင့်လှစ်ခဲ့ပါတယ်။

အခင်းဖြစ်ပွားစဉ် ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲကာလ ဖြစ်တာကြောင့် လက်လှမ်းမီမှုတချို့ ရှိခဲ့ပေမဲ့ အမှုမှန် ပေါ်ပေါက်ရေးအတွက် အခင်းဖြစ်ရပ် စစ်ဆေးတာ၊ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးတာနဲ့ သက်သေခံပစ္စည်းတွေ သိမ်းဆည်းတာ၊ ဆက်စပ်သက်သေတွေနဲ့ ပတ်ဝန်းကျင်သက်သေတွေ၊ သံသယရှိသူတွေကို ဖမ်းဆီး ချုပ်ရမန်ယူ စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ AA ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဘော်ဒါဆောင် တာဝန်ရှိသူတွေဟာ အခင်းဖြစ်ပွားမှုကို သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ ကြိုတင်တိုင်တန်းမှုတွေ မရှိသလို မောင်ငြိမ်းထက်ကျော် သေဆုံးပြီးမှု သက်ဆိုင်ရာက သိရှိရတာဖြစ်ပြီး သွားရောက်စစ်ဆေးရာမှာလည်း အခင်းဖြစ်ပွားခဲ့တဲ့နေရာကို ရှင်းလင်းထားပြီးလို့ သက်သေရှာဖွေရ ခက်ခဲပြီး အမှုဖြစ်စဉ် ဖော်ထုတ်နိုင်ဖို့ အချိန်ကြာမြင့်ခဲ့တယ်လို့ ဒီလပ်တပ်ဖွဲ့က ပြောထားပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာက ကျောင်းသား ၁၃ ယောက် အနီးကပ် အိပ်နေကြတဲ့အထဲမှာ မောင်ငြိမ်းထက်ကျော် တယောက်သာ ခန္ဓာကိုယ်အနှံ့ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်လို့ လူတယောက်ယောက်ရဲ့ ပယောဂတခုခုကြောင့် ဖြစ်နိုင်တာကြောင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ဗဟိုဌာနရုံးချုပ်က အထူးစုံးစမ်းစစ်ဆေးရးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးခဲ့ပါတယ်။

အဲဒီအဖွဲ့က ထပ်မံစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် အခင်းဖြစ်ပွားခဲ့တဲ့ ဘော်ဒါဆောင် တည်နေရာ၊ အခင်းဖြစ်ပွားရာ နေရာ၊ သိမ်းဆည်းထားတဲ့ သက်သေခံပစ္စည်းတွေ၊ ပတ်ဝန်းကျင် သက်သေတွေ၊ သံသယတရားခံတွေကို ဖမ်းဆီးခဲ့တယ်လို့ ရေးသားထားပါတယ်။

သံသယတရားခံ မောင်ရဲဝင်းအောင်ဟာ သူ့ရဲ့ ပြစ်မှုမကင်းတဲ့ ပြုလုပ်မိမှုအပေါ် ထိန်ချန်ထားတဲ့ အတွက် စိတ်မွန်းကျပ်လာတာကြောင့် အခုလို အမှန်အတိုင်း ဝန်ခံရတာလို့ တရားရုံးတော်မှာ ထွက်ဆိုခဲ့ပါတယ်။

ဝန်ခံဖြောင့်ချက်ပေးပြီးနောက် မြို့နယ်တရားသူကြီးက ရာဇဝတ်မှုနဲ့လက်ခံခဲ့ပြီး သက်သေခံ ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်။

ဘော်ဒါဆောင်ပိုင်ရှင် ဆရာ ဦးလှမင်းကိုလည်း အခင်းဖြစ်ပွားမှုမှာ ကျန်ခဲ့တဲ့ပစ္စည်းတွေကို စွန့်ပစ်ခိုင်းခဲ့တဲ့အတွက် သက်သေခံပစ္စည်း ဖျောက်ဖျက်မှုနဲ့ သူတို့ ၂ ယောက်လုံးကို ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ အမှုခိုင်မာစွာ တည်ဆောက်ပြီး တရားစွဲတင်သွားမယ်လို့ ဒီလပ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
မင်းပြားတွင် ကျောင်းသား ၁ ဦးအား မီးရှို့သတ်သူနှင့် ဘော်ဒါဆောင်ပိုင်ရှင်ကို AA ရဲတပ်ဖွဲ့ ဖမ်းဆီး | YGN Daily