
AI Summary
ကျောက်ဖြူမြို့နယ်၊ ဓညဝတီရေတပ်ဌာနချုပ်ခွဲရှိ တောင်မော်ဦးရေတပ်စခန်း၏ နှစ်နှင့်ချီတည်ဆောက်ထားသော ကာကင်းစခန်းများကို အာရက္ခတပ်တော် (AA) က အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် နောက်ဆုံးလက်ကျန် တောင်မော်ဦးရေတပ်စခန်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပါသည်။ မေလကုန်ပိုင်းမှ ဇွန်လဆန်းပိုင်းအထိ ပြင်းထန်သောတိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အကျအဆုံးများပြားပြီး ကာကင်းစခန်းများကို လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သည် စနဲမြို့ကိုသိမ်းပိုက်ကာ ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ်များကို ဖြတ်တောက်ရန် ရည်ရွယ်ချက်ဖြင့် စစ်ဆင်ရေးပြုလုပ်ခဲ့သော်လည်း AA ၏ ခုခံမှုကြောင့် အရှုံးနှင့်ရင်ဆိုင်ခဲ့ရသည်။ AA သည် အရေးပါသော ကာကင်းစခန်းများကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်မှ အလောင်းများနှင့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။ စစ်ရှုံးနိမ့်မှုကြောင့် စစ်ကောင်စီတပ်သည် စနဲမြို့အပါအဝင် ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်ရှိ လူနေကျေးရွာများနှင့် စစ်ဘေးရှောင်နေရာများကို လေကြောင်း၊ ရေကြောင်းနှင့် ဒရုန်းဗုံးများဖြင့် ဆက်တိုက်တိုက်ခိုက်နေပါသည်။ ထို့ကြောင့် ဒေသခံထောင်နှင့်ချီ၍ နေအိမ်များကို စွန့်ခွာကာ စစ်ဘေးရှောင်နေရဆဲဖြစ်သည်။
နိရဉ္စရာ၊ ဇွန်၅/ ၂၀၂၆
ကျောက်ဖြူမြို့နယ်၊ ဓည၀တီရေတပ်ဌာနချုပ်ခွဲ၊ တောင်မော်ဦးရေတပ်စခန်း၏ နှစ်နှင့်ချီအခိုင်အမာ တည်ဆောက်ထားသော ကာကင်းစခန်းများကို အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပြီးနောက် နောက်ဆုံးလက်ကျန်တောင်မော်ဦး(ခ)တောင်မော်ကြီးရေတပ်စခန်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ကြောင်းသတင်းရရှိသည်။
“ စစ်တပ်အမာခံကာကင်းတွေ အကုန်ကျသွားပြီ။ စကမ စစ်ကြောင်းတွေက ဖရိုဖရဲဖြစ်ပြီး တောင်မော်ဦး ရေတပ်ကိုနောက်ဆုတ်သွားတယ်။ အေဒါ AA က လိုက်တိုက်နေပါတယ်”ဟု စစ်ရေး ရင်းမြစ်တစ်ခုက နိရဉ္စရာကို ပြောသည်။
မေလနောက်ဆုံးအပတ်တွင်နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးဇွန်လဆန်း၌ စစ်တပ်ဖက်ကလက်ကျန် အင်အားများကို စုပေါင်းကာ ကာကင်းစခန်းများကိုကာကွယ်ခဲ့သော်လည်း အကျဆုံးများပြားလာပြီးနောက်လက်လွှတ်ကာနောက်ဆုတ်သွားခဲ့ရသည်ဟု နိရဉ္စရာကို ၎င်းက ဆက်လက် ပြောဆိုသည်။
"နှစ်ဖက်တိုက်ပွဲက အဲဒီမေလကုန်တုန်းကတအားအပြင်းအထန်ဖြစ်ခဲ့တယ်။မိုးကလည်းရွာတုန်းဆိုတော့ လေကြောင်းပစ်ကူမရဘူး။ စကစ ဖက်ကလည်း မြေပြင်ကအင်အားဖြည့်ပြီးပြန်ထိုးတယ်။AA ဖက်ကလည်း တန်ပြန်ထိုးစစ်ဆင်တယ်။နောက်တော့စကစဘက်က အကျဆုံးများတယ်။ကာကင်းအထိုင်ကုန်းတွေကို စစ်ကြောင်းကလက်ကျန်တွေနောက်ဆုတ်သွားခဲ့တယ်။သူတို့ ပူးပေါင်းပြီး ကာကွယ်ခဲ့သေးတယ်။ ဒါပေမယ့် မနိုင်ဘူး။ အခုတော့ ကာကင်းတွေကို လက်လွှတ်ပြီး ဆုတ်သွားကြပြီ"ဟု ပြောဆိုသည်။
မေလကုန်မှ ဇွန်လ ၂ ရက်နေ့အကြားတွင် အရေးပါသောကာကင်းများကိုAA ကသိမ်းပိုက်ရရှိခဲ့သည်ဟုသူကဆက်ပြောသည်။
“ စနဲကို ထိုးစစ်ဆင်တဲ့ စစ်ကြောင်းတွေထဲက ဒဏ်ရာရသူတွေ နောက်ဆုတ်လာတဲ့ စစ်သားတွေကအဲဒီ ကာကင်းတွေမှာ တစ်ထောက် ခိုအောင်းတယ်။အဲဒါကဒါကို နားချိန်မပေးဘူး။ကာကင်းတွေကို AA ကတပြိုင်နက်တည်းအင်နဲ့အားနဲ့ဝင်စီးတယ်။တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့တယ်။စကစဖက်ကတော့ သေဆုံးမူများခဲ့တယ်။အေအေဘက်ကလည်းပေးဆပ်ရမှုတချို့ရှိပါတယ်”ဟု ပြောဆိုသည်။
အာရက္ခတပ်တော်မှ ကာကင်းစခန်းများမှ အလောင်းများနှင့် လက်နက်ခဲယမ်းများကိုထပ်မံ သိမ်းဆည်းရမိသည်ဟုသိရသည်။
တောင်မော်ဦးရေတပ်စခန်းသည်တရုတ်ရေနံတင်ဆိပ်ကမ်းရှိရာ မဒေးကျွန်း တောင်ဘက် ၃ မိုင်ခန့်အကွာတွင် တည်ရှိပြီး အဆိုပါစခန်းမှနေ၍ အာရက္ခတပ်တော်ရှိရာ စနဲမြို့ကို စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းစစ်တပ်သည် စနဲမြို့ကို သိမ်းပြီး ရမ်းဗြဲမြို့နယ်နှင့်ကျောက်ဖြူမြို့နယ်ကို အလယ်က ကားလမ်းအတိုင်း ဖြတ်တောက်စိုးမိုးရန် ရည်ရွယ်ချက်ဖြင့် စစ်ဆင်ရေးတစ်ရပ်ကို မျှော်လင့်ချက်ကြီးမားစွာဖြင့်ပြုလုပ်ခဲ့သော်လည်း အာရက္ခတပ်တော်၏ ပြန်လည်ခုခံမှုနှင့် တန်ပြန်ထိုးစစ်ကို မတားနိုင်ဆီးနိုင်ဘဲနောက်ဆုံးအရှုံးနှင့် ရင်ဆိုင်သွားခဲ့ရသည်ဟု သိရသည်။
ထိုသို့စနဲထိုးစစ် အရှုံးနှင့် ရင်ဆိုင်သွားရပြီးနောက် အခဲမကျေဖြစ်နေသော စစ်ရှုံး အာဏာသိမ်းစစ်တပ်သည်စနဲမြို့ အပါအဝင် ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်ထဲကလူနေကျေးရွာများ၊စစ်ဘေးရှောင်နေထိုင်ရာ နေရာများကို နေ့ရောညပါ လေယာဉ်ဖြင့်အုပ်စုလိုက်လာရောက် ဗုံးကြဲတိုက်ခိုက်ခြင်း၊စစ်ရေယာဉ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဗုံးများချ၍ နေအိမ်များကိုမီးရှို့ခြင်းများ ဆက်လက်ပြုလုပ်နေသဖြင့် ထောင်နှင့်ချီသော ဒေသခံများသည် နေအိမ်များကို စွန့်ခွာကာ စစ်ပြေးရှောင်နေရသည်ဟု သိရသည်။