
AI Summary
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံကာ နားလည်မှုစာချွန်လွှာ ၁၈ စောင် လက်မှတ်ရေးထိုးခဲ့သည်။ ဤခရီးစဉ်တွင် တရုတ်သမ္မတက စစ်ခေါင်းဆောင်အား ပြည်သူလူထု၏ ထောက်ခံမှုရရှိမည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ရှာဖွေရန် တိုက်တွန်းခဲ့သည်။ အဆိုပါ တိုက်တွန်းချက်သည် စစ်ကောင်စီတွင် ပြည်သူ့ထောက်ခံမှုနှင့် တရားဝင်မှု မရှိသေးကြောင်း တရုတ်အစိုးရက လူသိရှင်ကြား ဝန်ခံလိုက်ခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ်သည်။ စစ်ခေါင်းဆောင်အနေဖြင့် နိုင်ငံတကာအသိအမှတ်ပြုမှုနှင့် စီးပွားရေးထွက်ပေါက်များ ရရှိရန် ရည်ရွယ်သော်လည်း တရုတ်၏ စီမံကိန်းများအတွက် လုံခြုံရေးအာမခံချက် ပေးနိုင်ခြင်း မရှိပေ။ လက်ရှိတွင် တော်လှန်ရေးအင်အားစုများက တရုတ်အစိုးရထံသို့ စစ်အာဏာရှင်ကို ပံ့ပိုးခြင်း၏ အန္တရာယ်များကို သတိပေးမှုများ ပြုလုပ်လျက်ရှိသည်။
ထင်ရှားသော ပြောကြားချက်များ
"ရှီကျင့်ဖျင်က မင်းအောင်လှိုင်ကို ပြောတဲ့အခါမှာ ပြည်သူလူထုအများက ထောက်ခံတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကို ရှာပါဆိုတာ သူတို့ကို သွယ်ဝိုက်စွာ ပြောလိုက်တာပဲ။"
"မင်းအောင်လှိုင်ရဲ့ အကြီးမားဆုံး ကျောထောက်နောက်ခံပေးနေတဲ့ တရုတ်အစိုးရပေါ်လစီ ကိုယ်တိုင်က စစ်ကောင်စီဟာ ပြည်သူ့ထောက်ခံမှု မရှိသေးဘူး၊ တရားဝင်မှု ပြည့်ပြည့်ဝဝ မရှိသေးဘူး၊ ရဖို့အတွက် ကြိုးစားဖို့ လိုသေးတယ် ဆိုတာမျိုးကို သူတို့သိနေတယ်ဆိုတာ ဖော်ပြရာရောက်တယ်။"

မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ သမ္မတရှီကျင့်ဖျင်က နိုင်ငံ့အခြေအနေနဲ့ ကိုက်ညီပြီး ပြည်သူလူထုထောက်ခံတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကို ရှာဖို့ စစ်ခေါင်းဆောင်ကို တိုက်တွန်းခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
အဲဒါအပြင် ဆွေးနွေးပွဲတွေကတဆင့် ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံအတွင်းက ဘက်အားလုံးကို တရုတ်အစိုးက ထောက်ခံအားပေးတယ်လို့လည်း ဖော်ပြပါတယ်။
ဇွန် ၁၆ ရက်က သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ သဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ ၁၈ စောင်အထိ တရုတ်အစိုးရအလိုကျ လက်မှတ်ရေးထိုးပေးခဲ့တာလည်း တွေ့ရပါတယ်။
မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောက “ရှီကျင့်ဖျင်က မင်းအောင်လှိုင်ကို ပြောတဲ့အခါမှာ ပြည်သူလူထုအများက ထောက်ခံတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကို ရှာပါဆိုတာ သူတို့ကို သွယ်ဝိုက်စွာ ပြောလိုက်တာပဲ။ ကိုယ့်အိတ်ထဲချည်း ထည့်မနေနဲ့ပေါ့ဗျာ၊ ပြည်သူလူထုတွေ ဖွံ့ဖြိုးလာအောင် တိုးတက်လာအောင် လုပ်ဖို့လည်း လိုတယ်လို့ သတိပေးလိုက်တဲ့စကားပဲဗျ။ မြစ်ဆုံကိစ္စတုန်းကဆိုရင် မြစ်ဆုံကြောင့် ရွှေ့ရမဲ့ရွာတွေအတွက် လျော်ကြေးကို တရုတ်က ပေးလိုက်ပြီးသားဗျ။ အဲဒီတုန်းက လာတာက ဒုသမ္မတ တင်အောင်မြင့်ဦး လာတာ၊ သူတို့အချင်းချင်းပဲ လှည့်စားပလိုက်တာ၊ လူထုဆီကိုမရောက်ဘူး။ အဲဒါမျိုးတွေကို သွယ်ဝိုက်စွာ သတိပေးတယ်လို့ ကျမကတော့ ထင်တယ်။ တရုတ်ရဲ့အကျိုးစီးပွားက မြန်မာပြည်ကြီး အေးချမ်းပြီးတော့ သူ့ရဲ့စီမံကိန်းတွေ ပုံမှန်လည်ပတ်ဖို့ သူကပြောတာ။ မင်းအောင်လှိုင်က လာတဲ့ရည်ရွယ်ချက်က ပြည်သူလူထုအကျိုးအတွက် လာတာမဟုတ်ဘူး။ သူ သမ္မတအဖြစ် တရားဝင်ရေးအတွက် အဲဒီရည်ရွယ်ချက်နဲ့လာတာ။ အဲဒီတော့ တရုတ်က ဘာကြီးပဲပုံပေးပုံပေး ပြည်သူလူထုအတွက်ကတော့ အကျိုးမရှိနိုင်ဘူးနော်။ သူ သွားတာတော့ သွားမှာပဲ၊ ကျန်တဲ့ ဖိတ်တဲ့ နိုင်ငံတွေရှိလည်း သွားမှာပဲ။ ပျော်နေတာပဲ သူ့ကြည့်ရတာ။ ကျမ တခါတခါ သိပ်အံ့ဩတယ် ဒီလူတွေကို။ တခါတည်း ကလေးတယောက် မြူးသလို မြူးနေတာလေ၊ ရှက်ဖို့ကောင်းတယ် သိလား” လို့ ပြောပါတယ်။
ဇွန် ၁၅ ရက်ကနေ ၁၉ ရက်အထိ တရုတ်ခရီးစဉ်ကနေ စစ်ခေါင်းဆောင်က တရားဝင် အသိအမှတ်ပြုမှုရရေး၊ စီးပွားရေးနဲ့ နိုင်ငံတကာ အရေးယူပိတ်ဆို့မှုတွေကနေ ထွက်ပေါက်ရရေး မျှော်မှန်းချက်တွေနဲ့ တရုတ်ခရီးစဉ်ကို ရည်ရွယ်သွားရောက်ခဲ့တာပါ။
သမ္မတရှီကျင့်ဖျင်ရဲ့ ပြည်သူထောက်ခံတဲ့ ဖွံ့ဖြိုးရေးလမ်းကိုရှာဖို့ တိုက်တွန်းချက်ဟာ တရုတ်အစိုးရက သူတို့ကျင့်သုံးတဲ့ မူဝါဒအတိုင်း မြန်မာနိုင်ငံမှာလည်း ပြည်သူကို အလေးထားစေချင်တဲ့ ရည်ရွယ်ချက် ဖြစ်တယ်လို့ တပ်မတော်အငြိမ်းစား နိုင်ငံရေး၊ စီးပွားရေး သုံးသပ်သူ ဒေါက်တာအောင်မျိုးက မှတ်ချက်ပေးပါတယ်။
“တရုတ်ပြည်ရောက်ဖူးတယ် ဆိုရင်တော့ အားလုံးသိပါတယ်။ တရုတ်ပြည်မှာက လူထုနဲ့ ပတ်သက်ပြီးတော့ အရမ်းဂရုစိုက်တယ်လေ။ လူထုနဲ့ပတ်သက်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဆောင်ရွက်တဲ့အခါမှာ ဒါကို လူထုကြိုက်အောက် လုပ်ဖို့၊ ပေါ်ပြူလာအစိုးရဖြစ်အောင် အလေးထားဖို့ ပြောတယ်လို့ အဲဒီလိုပဲ နားလည်တယ်ပေါ့နော်။ တရုတ်က အစကတည်းက တည်ငြိမ်သော အစိုးရတခုဖြစ်ဖို့ သူက မျှော်လင့်နေတာပဲလေ။ တရုတ်ခရီးစဉ်ကတော့ အရမ်းအောင်မြင်တယ်နော်။ ဒါကတော့ တည်ဆဲအစိုးရအတွက်လည်း အရမ်းကောင်းတယ်ပေါ့နော်။ ဒီလိုပဲပြောရမှာပေါ့နော်။”
သမ္မတရှီကျင့်ဖျင်ရဲ့ တိုက်တွန်းချက်ဟာ စစ်အုပ်စုရဲ့ အကြီးမားဆုံး ကျောထောက်နောက်ခံ တရုတ်အစိုးရ ကိုယ်တိုင်က စစ်အာဏာရှင်ကို ပြည်သူ့ထောက်ခံမှု မရှိသေးတာနဲ့ တရားဝင်မှုရဖို့ ကြိုးစားရမဲ့ အခြေအနေကို နိုင်ငံပိုင်မီဒီယာကနေ လူသိရှင်ကြားဝန်ခံတာ ဖြစ်တယ်လို့ အမေရိကန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်သူတွေက မှတ်ချက်ပေးပါတယ်။
စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ တရုတ်အစိုးရကိုယ်တိုင်ရဲ့ အမြင်မှာတောင် တရားဝင်မှု အရိပ်အယောင် ထင်ဟပ်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
မြန်မာ့ဒီမိုကရေစီအရေး မဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “မင်းအောင်လှိုင်ရဲ့ အကြီးမားဆုံး ကျောထောက်နောက်ခံပေးနေတဲ့ တရုတ်အစိုးရပေါ်လစီ ကိုယ်တိုင်က စစ်ကောင်စီဟာ ပြည်သူ့ထောက်ခံမှု မရှိသေးဘူး၊ တရားဝင်မှု ပြည့်ပြည့်ဝဝ မရှိသေးဘူး၊ ရဖို့အတွက် ကြိုးစားဖို့ လိုသေးတယ် ဆိုတာမျိုးကို သူတို့သိနေတယ်ဆိုတာ ဖော်ပြရာရောက်တယ်။ လူသိရှင်ကြား ပြောလိုက်တာ။ သူတို့အနေနဲ့ ဝန်ခံလိုက်တာလို့ ပြောမယ်ဆိုရင် ရတယ်ပေါ့။ မင်းအောင်လှိုင်အနေနဲ့ စာချုပ်တွေ ချုပ်ခဲ့တယ်ဆိုတဲ့ တိုင်အောင်၊ တရုတ်စီးပွားရေး စီမံကိန်းတွေအပေါ်မှာ တိုက်ရိုက် ထိန်းချုပ်နိုင်စွမ်းတွေကို စစ်ကောင်စီက ပေကျင်းမှာ ပူးပေါင်းပြီးတော့မှ ဆောင်ရွက်မယ် ဆိုပြီးတော့ နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့ပေမဲ့ စီမံကိန်းတွေကို တည်ဆောက်ဖို့ ဒါမှမဟုတ်လို့ရှိရင် လုံခြုံရေးတွေပေးဖို့ နယ်မြေတွေကို ထိန်းချုပ်ထားနိုင်ခြင်း မရှိဘူး ဆိုတာကိုလည်းပဲ တရုတ်အနေနဲ့ ကောင်းကောင်းနားလည်တဲ့ သဘောမှာရှိတယ်” လို့ ပြောပါတယ်။
တရုတ်အစိုးရဘက်က စစ်အာဏာရှင်ကို ပြည်သူထောက်ခံတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကို ရှာဖို့ တိုက်တွန်းချက်နဲ့ တပြိုင်တည်းမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) လို တော်လှန်ရေးဦးဆောင်အင်အားစုတွေက စစ်အာဏာရှင် အာမခံချက် မပေးနိုင်တဲ့ လုံခြုံရေးဆိုင်ရာ အာမခံချက်တွေကို တရုတ်အစိုးရဆီ ဆက်သွယ်ပေးပို့တာ ရှိပါတယ်။
ဒါ့အပြင် မြစ်ဆုံလို အကြီးစားစီမံကိန်းတွေ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံမှာ အရေးပါတဲ့ ပိုက်လိုင်းတွေ၊ လမ်းတွေ၊ မြေရှားသတ္တုထွက်တဲ့ နေရာတွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရရဲ့ လုပ်ငန်းတွေဟာ တော်လှန်ရေးအင်အားစုတွေရဲ့ အကာအကွယ်အောက်မှာသာ ဘေးကင်းနိုင်တယ် ဆိုတဲ့ သတင်းစကားတွေ ပေကျင်းအစိုးရဆီ တိုက်ရိုက်ပေးပို့နိုင်ဖို့ လိုအပ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
စစ်အာဏာရှင်ကို ပံ့ပိုးနေတာဟာ ရေရှည်မှာ တရုတ်နိုင်ငံအတွက် ကြီးမားတဲ့စွန့်စားမှု ဖြစ်လာနိုင်ပြီး မြန်မာပြည်သူတွေနဲ့ တရုတ်နိုင်ငံရဲ့ အနာဂတ်ချစ်ကြည်ရေးဟာ ပျက်စီးသွားနိုင်ကြောင်း လက်တွေ့ကျတဲ့ သံတမန်ရေးရာ သတိပေးချက်တွေကို တရုတ်အစိုးရဆီ NUG က ပေးပို့နိုင်ဖို့ လိုအပ်တယ်လို့လည်း ဆိုကြပါတယ်။
တော်လှန်ရေးအင်အားစုတွေက နယ်စပ်မှာ ဥပဒေစိုးမိုးရေးကို အမှန်တကယ် ဆောင်ရွက်နိုင်စွမ်းကို ပြနိုင်ဖို့ လိုအပ်နေသလို စစ်အာဏာရှင်ကို လက်မခံတဲ့ ပြည်သူလူထုရဲ့ တုံ့ပြန်မှုတွေကို တရုတ်အစိုးရ၊ ဒေသတွင်း အာဆီယံနဲ့ နိုင်ငံတကာကို မီးမောင်းထိုးပြနိုင်ဖို့လည်း လိုအပ်နေပါတယ်။
သုတချမ်းသာ