ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဒေါက်တာမေဝင်းမြင့်နှင့် DVB မေးမြန်းချက်
politics||17 MIN READ

ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဒေါက်တာမေဝင်းမြင့်နှင့် DVB မေးမြန်းချက်

DVB
SourceDVB
Back to News

AI Summary

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက် မွေးနေ့တွင် ၎င်းနှင့် ရင်းနှီးသူ ဒေါက်တာမေဝင်းမြင့်က ခေါင်းဆောင်၏ ကြံ့ခိုင်သောစိတ်ဓာတ်နှင့် ပြည်သူအပေါ်ထားရှိသည့် မေတ္တာတရားများကို ပြန်လည်မျှဝေခဲ့သည်။ စစ်တပ်၏ အာဏာသိမ်းမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ၎င်း၏ ကျန်းမာရေးနှင့် ပတ်သက်၍ အတည်ပြုနိုင်သော အချက်အလက်များ မရှိသဖြင့် မိသားစုနှင့် ထောက်ခံသူများ စိုးရိမ်လျက်ရှိသည်။ နိုင်ငံရေးအရ ဖိနှိပ်မှုများရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူနှင့်အတူ ခိုင်မာစွာရပ်တည်လျက်ရှိပြီး ၎င်း၏ လွတ်မြောက်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုမှုများ ပြုလုပ်နေသည်။ လက်ရှိတွင် တော်လှန်ရေးအောင်မြင်မှသာလျှင် ခေါင်းဆောင်နှင့်တကွ ဖမ်းဆီးခံထားရသူများ လွတ်မြောက်လာမည်ဟု ယုံကြည်ချက်ဖြင့် ပြည်သူများက ဆက်လက်ကြိုးပမ်းနေကြသည်။

ထင်ရှားသော ပြောကြားချက်များ

"ဒါဟာ ဒုတိယလွတ်လပ်ရေးတိုက်ပွဲပဲ၊ ကျမ လျစ်လျူမရှုနိုင်ဘူး။"

"ပြည်သူသာ အဓိက ဆိုတာကို ကျမ ထပ်တလဲလဲ ပြောပါတယ်။ ပြည်သူမပါဘဲ ဘာမှ အောင်မြင်နိုင်မှာ မဟုတ်ဘူး။ ပြည်သူသာလျှင် အဓိကဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။"

"အမုန်းစကားပြောတာနဲ့ အမုန်းခံတာနဲ့ မတူဘူးတဲ့၊ ဒေါ်မေ သတိထားပါ။"

Photo: DVB

“ဒါဟာ ဒုတိယလွတ်လပ်ရေးတိုက်ပွဲပဲ၊ ကျမ လျစ်လျူမရှုနိုင်ဘူး…” လို့ဆိုကာ ပြည်သူနဲ့အတူ ခိုင်ခိုင်မာမာ ရပ်တည်နေဆဲဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့ဟာ ဇွန်လ ၁၉ ရက်မှာ ကျရောက်လာခဲ့ပါပြီ။

အရင်က ဒေါ်အောင်ဆန်းစုကြည် ဖြတ်သန်းခဲ့တဲ့ မွေးနေ့အမှတ်တရတွေနဲ့ လူထုသိထားတဲ့ ခေါင်းဆောင်တယောက်ရဲ့ ပြတ်သားမှုတွေရဲ့ နောက်ကွယ်က သာမန်အမျိုးသမီးတဦးရဲ့ ဖြစ်တည်မှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ပေါင်းများစွာ နီးနီးကပ်ကပ်ရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီဝင် ဒေါက်တာမေဝင်းမြင့်ကို DVB Women’s Voice မှ ဆက်သွယ်မေးမြန်းထားတဲ့ ရင်ဖွင့်သံတွေကို ကောက်နုတ် ဖော်ပြပေးလိုက်ပါတယ်။

မေး - အန်တီ မင်္ဂလာပါရှင့်။ အရင်ဆုံးမေးချင်တာက အန်တီနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်တုန်းက စသိခဲ့တာလဲ၊ စသိတုန်းက အဖြစ်အပျက် အမှတ်တရလေးတွေ ရှိရင် ပြောပြပေးပါရှင့်။

ဖြေ – “လူကိုယ်တိုင် တွေ့တာကတော့ အမေ ဒေါ်ခင်ကြည်ရဲ့ ဈာပနမှာလေ၊ ခြံနံပါတ် ၅၄ မှာ အန်တီတို့က ကျန်းမာရေး ဆပ်ကော်မတီမှာ တာဝန်ယူရတယ်။ ဆရာဝန်အဖွဲ့တွေပေါ့နော်၊ အဲ့ချိန်ခါမှာဆိုရင် အစ်မနဲ့ပေါ့နော် (အစ်မကိုတော့ အန်တီက အစ်မလို့ပဲခေါ်တာပါ။) အစ်မကတော့ နေ့စဉ် ဆင်းလာတယ်။ ဒီဆပ်ကော်မတီကို လိုက်ကြည့်တယ်။ ကျန်းမာရေးဆပ်ကော်မတီကို ဘာပြောလဲဆိုရင် “အမေဒေါ်ခင်ကြည် ရုပ်ကလာပ်ကို လာပြီး ဂါရဝပြုတဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ဖို့ သေချာလုပ်ပေးပါ” ဆိုပြီး အန်တီတို့ကို ညွှန်ကြားတာပေါ့။ နေ့တိုင်းနေ့တိုင်း နောက်နေ့ကျရင် တခါ ထပ်လာတယ်။ ဘာတွေအခက်အခဲရှိလဲ။ ဘာတွေလိုအပ်လဲ။ ဒေါ်စုအနေနဲ့ကတော့ အန်တီ့ကို ဆရာဝန်တယောက်အနေနဲ့ပဲ သိမှာပါ။ ဒေါ်မေဝင်းမြင့် ဆိုပြီးတော့ သိချင်မှ သိမယ်၊ သာမန်ပဲ သိလိမ့်မယ်လို့ အန်တီထင်ပါတယ်။”

မေး - ပါတီအနေနဲ့က စစ်တပ်ရဲ့ ဖိနှိပ်ခံရတဲ့ ကာလတွေ အများကြီး ကြုံခဲ့ရတယ်။ အဲဒီလိုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုခေါင်းဆောင်မျိုးလဲ။ ပါတီဝင်တွေအပေါ် သူ ဘယ်လို သဘောထားခဲ့လဲ။ ဘယ်လိုဆက်ဆံခဲ့လဲ။ အန်တီ မှတ်မိတဲ့ အခက်ခဲ အကြမ်းတမ်းဆုံး အချိန်မှာ သူနဲ့ အမှတ်တရရှိခဲ့တာလေး ပြန်ပြောပေးပါဦးရှင့်။

ဖြေ - “ပါတီနဲ့ ပြည်သူတွေကို ဝေးအောင် သူက လုပ်တာ၊ ကင်းကွာအောင်လုပ်တယ်၊ အကြောက်တရားနဲ့လုပ်တယ်၊ ဒါကို အန်တီတို့ ကြံ့ကြံ့ခံခဲ့တာပေါ့နော်။ ဒေါ်စုကလေ စိတ်ဓာတ်ကြံ့ခိုင်တယ်။ သူ့ရဲ့ နိုင်ငံရေးအပေါ် ထားတဲ့စိတ် ပြည်သူတွေအပေါ်ထားတဲ့စိတ်က အမြဲတမ်း စူးစိုက်ပြီးတော့ လုပ်နေတဲ့အတွက် ပါတီဝင်တွေကို စိတ်ဓာတ်မကျဖို့ အခက်အခဲတွေ တွေ့လာရင်လည်း ဘယ်လိုကျော်ဖြတ်ရမလဲ ဆိုတာကို အမြဲတမ်း မှာကြားပေးတယ်။ နောက်ထပ်ပြီးတော့ ဘာညွှန်ကြားသေးလဲဆိုတော့ သူက “ပါတီနဲ့ ပြည်သူနဲ့ တသားတည်း ရပ်တည်ဖို့ ပြည်သူရှိရင် ပါတီရှိမယ်” ပေါ့နော်။ အစ်မရဲ့ တိုက်တွန်းချက်တွေ အားပေးချက်တွေက အင်မတန်မှ ခွန်အားဖြစ်စေတာပေါ့နော်။ အခက်အခဲတွေ ဖြစ်လာရင်လည်း ဖြေရှင်းပေးဖို့ ခွန်အားပေးစေတယ်။”

မေး - ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့အစိုးရ ဖြစ်တဲ့အချိန်မှာရော သူက ဘယ်လိုခေါင်းဆောင်မှုတွေ ပေးခဲ့လဲ။ တခြား ပြောင်းလဲသွားတာမျိုးရော ရှိလား၊ အန်တီ သိထားတာလေး ပြောပြပေးပါရှင့်။

ဖြေ - “ပြည်သူ့အစိုးရ ဖြစ်တဲ့အချိန်မှာ ပိုပြီးတော့ ခက်ခဲတယ်။ ဘာလို့လဲဆိုတော့ အချိန်မရွေး အာဏာသိမ်းနိုင်တယ်ဆိုတာ အန်တီတို့က သိနေလို့ပဲ။ အဲလို သိတာကြောင့် ခက်ခက်ခဲခဲ ကြားထဲကနေ အန်တီတို့ ရပ်တည်ရတယ်လို့ ပြောရမှာပေါ့။ ဒါကြောင့်မို့ ကိုယ်နဲ့ အဆင်မပြေတဲ့သူနဲ့ ပေါင်းရတာ ပိုပြီးတော့ ဒုက္ခရောက်တာပေါ့။ ဒေါ်စုက လိမ်မာပါးနပ်စွာနဲ့ပဲ ဒါကို ဖြေရှင်းတယ်။ ဒါပေမဲ့ ဒေါ်စုရဲ့စိတ်ဓာတ်က အပြောင်းအလဲမရှိဘူး။ ဒီအခက်အခဲကို လိမ်မာပါးနပ်စွာနဲ့ ကျော်ဖြတ်တယ်။ အန်တီတို့က ဒီ ပြည်သူ့အစိုးရ အခြေအနေမှာ အခက်အခဲကို ပိုပြီး ကြုံရတယ်ဆိုတာ ပြောလိုပါတယ်။”

မေး - ဟုတ်ကဲ့ပါ အန်တီ တဖက်မှာလည်း သူက မိခင်တယောက် ဖြစ်တယ်ဆိုတော့ သူ့သားတွေကို လွမ်းတဲ့အကြောင်းတွေ ဘာတွေ အန်တီတို့ကို ပြောဖူးတာတွေ ရှိလား။ သူ့ရဲ့ မိခင်တယောက်၊ အမျိုးသမီးတယောက်ဘဝက ဘယ်လိုရှိခဲ့လဲ။ အန်တီသိထားတာလေး ပြောပြပေးပါဦးရှင့်။

ဖြေ - “သူက အန်တီတို့ကို တခါမှ “သူ့သားတွေကို လွမ်းတယ်” လို့ တခါမှ မပြောဖူးဘူး။ ဒေါ်စုကလေ သူကလည်း မိခင်တယောက်ပဲလေ၊ သူ့သား သူတော့ လွမ်းတော့လွမ်းမှာပေါ့လေ၊ ဒါပေမဲ့ အန်တီတို့ကို ထုတ်ပြီးတော့ပြောတာ တခါမှမရှိဘူး။ ဒါပေမဲ့ ဘယ်လို ဒေါ်စုရဲ့စိတ်ဓာတ်ကို သိရလဲ ဆိုတဲ့အခါကျတော့ မိုက်ကယ်အဲရစ် ဆုံးသွားတဲ့ အခါကျတော့ ရက်လည်ဆွမ်းကျွေးတယ်။ အဲ့ချိန်မှာ ဒေါ်စုက ရေစက်ချနေရင်းနဲ့ မျက်ရည်ကျတယ်တဲ့၊ ကျိတ်ပြီးတော့ ခံတာပေါ့နော်၊ သူက သူ့မိသားစုတခုလုံးကို စွန့်လွှတ်ထားတာလေ၊ ပြည်သူဘက်က ရပ်တည်ပြီးတော့ တိုင်းပြည်က‌နေ ဘယ်တော့မှ ထွက်မသွားဘူး။ မိခင်တယောက်ရဲ့ စိတ်ကတော့ ရင်ထဲမှာ ရှိမှာပေါ့၊ ဒါပေမဲ့ သူက ကြံ့ကြံ့ခံပြီးတော့ အခုချိန်ထိ ရပ်နေတာပါ။ ဒေါ်စုက ပြောခဲ့တယ်လေ “ဒါဟာ ဒုတိယ လွတ်လပ်ရေးတိုက်ပွဲပဲတဲ့၊ ကျမလျစ်လျူမရှုနိုင်ဘူး” “ကျမက ပြည်သူနဲ့ တသားတည်းပဲ နေရမယ်” ဆိုတဲ့ စကားအတိုင်းပဲ ဘယ်လောက်ပဲ နှစ်တွေကြာလာကြာလာ အခုချိန်ထိ ဒေါ်စုက ရပ်တည်နေပါတယ်လို့ အန်တီ ပြောလိုပါတယ်။”

မေး - ဟုတ်ကဲ့ပါ အန်တီ အမှတ်တရတွေကတော့ အများကြီး ရှိခဲ့တယ်ပေါ့နော်။ ဒီနေ့အချိန်ထိ လုံးဝ မှတ်မိနေဆဲဖြစ်တဲ့ မေ့လို့မရတဲ့ အမှတ်တရလေး တခုလောက်‌ ပြောပေးပါဦးရှင့်။

ဖြေ - “တရက်မှာကျတော့ ဒေါ်စုရဲ့ PSO က အန်တီ့ကို ဖုန်းဆက်တယ်။ “ဒေါ်စုက အန်တီ့ကို ထမင်းစားဖိတ်တယ်” တဲ့ အန်တီက တော်တော်လေး အံ့ဩသွားတယ်။ တချက်တော့ ပြန်မေးလိုက်တယ်၊ ဘယ်သူတွေပါသေးလဲ ဆိုတော့ ဘယ်သူ့မှ မပါဘူးတဲ့၊ အန်တီ တယောက်တည်းတဲ့၊ နောက်ပြီးတော့ လူပိုတွေလည်း မခေါ်လာပါနဲ့တဲ့၊ ကျနော်ကိုယ်တိုင် လာကြိုမယ်တဲ့၊ ၁၂ နာရီမှာ ဒေါ်စုက ထမင်းစားဖိတ်တယ် ဆိုတော့ အရမ်းထူးဆန်းနေတာလေ။ တခုခုပဲဆိုတာ အန်တီက သိသွားပြီ။ ၁၂ နာရီကျတော့ PSO က လာခေါ်တယ်။ ၁၂ နာရီအတိမှာပဲ ဒေါ်စုက ထွက်လာတယ်။ ထမင်းစား စားပွဲကလည်း ပြင်ထားပြီးသား၊ အစကတည်းက ထမင်းက အိမ်မှာ စားသွားပြီးသား၊ ကျွေးတာကလည်း ငါးကျည်းကြော်ကို ဇွန်းခက်ရင်းနဲ့ ဘယ်လိုလုပ် စားလို့ဝင်မလဲ၊ အရှေ့မှာလည်း ကိုယ့်ခေါင်းဆောင်ကြီးက ရှိသေးတယ်။ အန်တီက ဘယ်လိုမှ စားမဝင်ဘူး၊ နှစ်လုပ်ပဲရှိသေးတယ်။ အဲ့ချိန်မှာ ဒေါ်စုက သဘောပေါက်တယ်၊ “သိမ်းလိုက်တော့ ဒေါ်မေ စားလို့ပြီးသွားပြီ” ဆိုတော့ အဲ့မှာ စကားတခွန်းပြောတယ်၊ “ဒေါ်မေတဲ့ အမုန်းစကားပြောတာနဲ့ အမုန်းခံတာနဲ့ မတူဘူးတဲ့၊ ဒေါ်မေ သတိထားပါ” တဲ့ အစ်မက ဘာလို့ အဲ့လို ပြောလဲဆိုတော့ အန်တီက နည်းနည်းလေး စိတ်တိုတတ်လို့ပေါ့နော်၊ ဒေါ်စုကို တိုင်တဲ့သူတွေလည်း ရှိပါလိမ့်မယ်၊ ဒါကြောင့်မို့ ဒေါ်စုက အန်တီ့ကို ဆုံးမတာပါ။ အဲ့ချိန်ကစပြီး အခုချိန်ထိကို ဒေါ်စုစကားကို အန်တီ လိုက်နာပြီးတော့လေ အမြဲတမ်း ဒီစကားကို အန်တီ တသက်မမေ့အောင် ဒေါ်စုက အန်တီ့ကို သေချာဆုံးမသွားတဲ့ စကားလေး ဖြစ်ပါတယ်လို့၊ ဒါလေးက အန်တီ့အတွက် အမှတ်တရပါ။”

မေး - ဟိုအရင် နေအိမ်အကျယ်ချုပ် ကျခံရတဲ့အချိန်တွေတုန်းကရော အပြင်မှာရှိခဲ့ပေမဲ့ ဖိနှိပ်ခံနေရတဲ့ အချိန်တွေမှာရော ဒေါ်အောင်ဆန်းစုကြည်က သူ့မွေးနေ့ကို ဘယ်လိုဖြတ်သန်းတယ်လို့ အန်တီသိထားလဲ။ အန်တီတို့ အမှတ်တရလေးရှိရင် မျှဝေပေးပါ။

ဖြေ - “ဒေါ်စုရဲ့ အကျယ်ချုပ်ကာလ မွေးနေ့မှာ အစားအစာကို ဘယ်သူက ပေးလို့ရလဲဆိုတော့ ဦးမိုးဟိန်းရယ် သခင်အုန်းမြင့်ရဲ့သား ဦးနီရယ်က အစားအစာတွေ ပို့လို့ရတယ်။ မွေးနေ့ တရက်ကျတော့ ဒေါ်စုကို ဦးမိုးဟိန်းက “သူ့ရဲ့ မြေးတွေက ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့လေး ပေးချင်လို့ပါ” ဆိုတော့ ချောကလက်ကိတ်လေး တပေနီးပါးလောက်ရှိတယ်၊ အဲဒါလေးကို ယူလာတယ်။ အိမ်အဝမှာကျတော့ ရှာတာပေါ့။ ဒီကိတ်ကို အကုန်လုံးဆွပြီးတော့ ရှာတယ်၊ အထဲမှာ ဘာထည့်ပေးလိုက်လဲပေါ့။ ရှာပြီးတော့မှ ဘာမှမတွေ့တော့ ခွင့်ပြုလိုက်တာပေါ့လေ။ အထဲရောက်သွားတဲ့ အခါကျတော့ အန်တီသိတာက ပို့လိုက်တဲ့သူက အန်တီ့ကို ပြန်ပြောပြတာပါ။ လောလောဆယ်မှာ မွန်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်း သူလုပ်ပေးလိုက်တာ။ ကိတ်မုန့်ရဲ့‌အောက်မှာ အင်္ဂလိပ်စာတန်းနဲ့ စာရွက်လေးကို ပါးပါးလေး ထည့်လိုက်တယ်။ “Happy Birthday Daw Suu” ဆိုပြီး သူက ထည့်လိုက်တာ။ အဲဒါကို ဒေါ်စုကလည်း တွေ့လိုက်တယ်။ ဒီလိုပေါ့ အန်တီတို့က မရောက် ရောက်အောင်ပေါ့၊ ဒေါ်စုရဲ့ အကျယ်ချုပ်ကာလမှာ ပေးတဲ့ပုံစံလေးပေါ့။ ဒါကတော့ အကျပ်အတည်းကာလမှာပါ။ ဒေါ်စုရဲ့ အပြင်မှာရှိတဲ့အချိန်မှာ လွှတ်တော်မှာ လုပ်တဲ့အခါကျတော့ အန်တီတို့က ဆောင်ရွက်ပေးရတာပေါ့။ သူ့ကိုလည်း နေရာပေါင်းစုံကနေ ကိတ်တွေ ပေးကြတာပေါ့။ လွှတ်တော်ထဲမှာကျတော့ သူက သူ့ဆီပေးတဲ့ကိတ်တွေကို ယူလာတယ်။ ပြီးတော့ လွှတ်တော်မှာရှိတဲ့ ဝန်ထမ်းတွေအားလုံးကို ဖိတ်တာ၊ သန့်ရှင်းရေးဝန်ထမ်းက အစ အကုန်လုံး ဝန်ထမ်းအားလုံးကို ဖိတ်ပြီးတော့ သူကိုယ်တိုင်ပေးတာ၊ အန်တီတို့ လွှတ်တော်ကိုယ်စားလှယ်တွေ မရဘူး။ သန့်ရှင်းရေးဝန်ထမ်းတွေကို အန်တီတို့က ဝိုင်းကူပြီး ပေးပေးရတာပေါ့နော်။ ဆိုလိုတာကလေ လွှတ်တော်ဝန်ထမ်းတွေ အားလုံးက အဆင့်အတန်းမခွဲဘဲနဲ့ ဒေါ်စုပေးတယ် ဆိုတာလေးကို ပြောချင်တာ ဖြစ်ပါတယ်။ နောက်တခုကကျတော့ ချိုးငှက်လေးတွေ လွှတ်တယ်၊ ငြိမ်းချမ်းရေးအတွက် အဲဒါလည်း အန်တီကိုယ်တိုင်ပဲ ရန်ကုန်ကနေ ချိုးငှက်လေးတွေကို လှောင်အိမ်တွေနဲ့ ယူလာပြီးတော့ ဒါကတော့ လွှတ်တော်မှာ ဆောင်ရွက်ခဲ့တဲ့ အခြေအနေ ဖြစ်ပါတယ်လို့၊ အန်တီလည်း ဒါလေးကို ပြောပြချင်တာ ဖြစ်ပါတယ်။”

မေး - အန်တီက ပါတီရဲ့ ဗဟိုအမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ ရပ်တည်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထားရှိလဲ။ အန်တီတို့ကို ဘယ်လို အဲဒါတွေနဲ့ပတ်သက်ပြီး ဘယ်လို ဆွေးနွေးတာတွေ၊ လမ်းညွှန်တာတွေ လုပ်ခဲ့လဲ။ ဒါလည်း ပြောပြပေးပါဦးရှင့်။

ဖြေ - “ဒေါ်စုအနေနဲ့က အမျိုးသမီးရဲ့ အခွင့်အရေးကို အမြဲတမ်း အလေးထား ဆောင်ရွက်တယ်။ ဘာကြောင့်လဲဆိုရင် အမျိုးသမီး ပါဝင်မှုက အနည်းဆုံး ၁၅၊ ၂၀၊ ၂၅ ရာခိုင်နှုန်းပါအောင် လုပ်တယ်။ ကော်မတီပဲဖွဲ့ဖွဲ့၊ ကော်မရှင်ပဲဖွဲ့ဖွဲ့၊ အမျိုးသမီးတွေပါဖို့ အမြဲတမ်းလုပ်တယ်။ CEC မှာဆိုရင် အန်တီတို့ ၄ ယောက်ရှိတယ်။ ဒေါ်စုရယ် ဒေါ်နန်းခင်ထွေးမြင့်ရယ် ဒေါ်ခင်ဌေးကြွယ်ရယ် အန်တီရယ် ဆိုတော့ အမျိုးသမီး ၄ ယောက်ပါတာပေါ့။ ဘယ်ကိစ္စပဲလုပ်လုပ် အမျိုးသမီးတွေ ပါဝင်မှု လုပ်တဲ့အခါမှာ နောက်ဆုံးကျတော့ ဘယ်လောက်ထိလဲဆိုရင် “ပါတီဝင် အမျိုးသားတွေ ထောင်ကျသွားရင် ပါတီဝင် အိမ်ထောင်ရှင် အမျိုးသမီးတွေဟာ ထောင်ဝင်စာလည်း တွေ့ရတယ်။ အိမ်မှာ ရပ်တည်ရေးလည်း လုပ်ရတယ်။ သားသမီးတွေ ပညာရေးလည်း လုပ်ရတယ်။ ဒါကြောင့် ဒီ အမျိုးသမီးတွေက အင်မတန်မှ လေးစားဖို့ ကောင်းတယ်” ဆိုပြီး အမြဲတမ်း အန်တီတို့ကို လမ်းညွှန်ပြီး ပြောတာတွေ ရှိပါတယ်နော်။ ဒါကြောင့်မို့ ဒေါ်စုက အမျိုးသမီးတွေရဲ့ အခွင့်အရေးကို တန်ဖိုးထားတာကို အန်တီ ပြောချင်တာပါ။”

မေး - ဇွန်လ ၁၉ ရက်နေ့ဆိုရင် အန်တီစုရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ အန်တီ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရ ဆုတောင်းစကား ပြောပေးပါဦး။

ဖြေ - "ဒီ ၈၁ နှစ်မြောက်မွေးနေ့မှာ အန်တီတို့ရဲ့‌ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မတရား ဖမ်းဆီးခံထားရသော ပုဂ္ဂိုလ်များအားလုံး ချွင်းချက်မရှိ ကျန်းမာစွာနဲ့ အမြန်ဆုံး လွတ်မြောက်ပါစေလို့ အန်တီ ဆန္ဒပြု ဆုတောင်းပေးပါတယ်။"

မေး - ဟုတ်ကဲ့ပါအန်တီ၊ နောက်ထပ်တခုက အာဏာသိမ်းတာလည်း ၅ နှစ်ကျော်လာပြီ ဆိုတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ ဘာသတင်းတွေ ကြားထားတာ ရှိလဲ။ ဘယ်နားမှာ သူ့ကို ဘယ်လိုထားထားလဲ၊ အန်တီတို့အနေနဲ့ ဘာများသိထားလဲ ဆိုတာ သိပါရစေရှင့်။

ဖြေ - “အန်တီတို့က သူတို့ ထုတ်ပြန်တာလောက်ပဲ သိတယ်ပေါ့။ တနေရာကနေပြီးတော့ တနေရာကို ရွှေ့လိုက်တယ်။ အန်တီတို့ကတော့ အခုချိန်ထိကို ယုံကြည်လို့မရဘူး။ ဒေါ်စုက အကျယ်ချုပ် ထောင်ထဲကနေပြီးတော့ ထောင်အသေးစားလေးလို့ ခေါ်မှာပေါ့၊ အဲထဲမှာ ထည့်ထားတာ၊ ဘယ်သူ့မှလည်း မတွေ့ရဘူး၊ အခုချိန်ထိ ရှိနေတယ်လည်း မတွေ့ရသေးဘူး။ သူ့သားကိုယ်တိုင် တောင်းဆိုနေတာတောင်မှ အခုချိန်ထိ တွေ့ခွင့်မပေးဘူးပေါ့။ အန်တီတို့ကလည်း စိတ်ပူပါတယ်။ ဒေါ်စု အသက်ထင်ရှားမှ ရှိသေးရဲ့လား။ အသက်ထင်ရှားရှိတယ် ဆိုရင်လည်း သက်သေတခု ပြပေါ့။ သက်သေတခုဆိုတာ သက်ဆိုင်ရာ အဖွဲ့အစည်းတခုကနေ ပြပါဆို ဒါကို ရုပ်ပုံလေး တပုံပဲ ထွက်လာတာလေ။ ဒီရုပ်ပုံကလည်း ဘယ်တုန်းက ရိုက်ထားတဲ့ ပုံမှန်းလည်း မသိဘူး။ အန်တီတို့ အနေနဲ့ကတော့ ဒီလောက်ပဲ ကြားသိထားတာ ဖြစ်တဲ့အတွက်တော့ နိုင်ငံတကာ အကူအညီ တောင်းထားတယ်။ ဒေါ်စု လွတ်မြောက်ဖို့အတွက်ပေါ့။ အသက်ထင်ရှား ရှိကြောင်းကိုလည်း ကြိုးစားပေးပါ ဆိုပြီးတော့ ကြိုးစားပြီးတော့ တောင်းဆိုထားတာ ရှိပါတယ်။”

မေး - ဟုတ်ကဲ့ပါ အန်တီ၊ နောက်ဆုံးအနေနဲ့ အခုလို အခက်အခဲပေါင်းစုံကြားကနေ ရုန်းကန်နေရတဲ့ မြန်မာအမျိုးသမီးထု (စစ်ဘေးရှောင်၊ အကျဉ်းကျ သို့မဟုတ် မြေပြင်က အမျိုးသမီးတွေ) အတွက်... ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘယ်လိုစိတ်ဓာတ် ဒါမှမဟုတ် စကားလုံးမျိုးနဲ့ ခွန်အားပေး မျှော်လင့်ချက်စကား ပြောကြားချင်ပါသလဲရှင်။

ဖြေ - " စစ်ဘေးရှောင် အမျိုးသမီးတွေ၊ အကျဉ်းကျ အမျိုးသမီးတွေ၊ မြေပြင်မှာရှိတဲ့ အမျိုးသမီးတွေ အားလုံးကို ဒေါ်စုအနေနဲ့ကတော့ အရမ်းတန်ဖိုးထားပါတယ်။ အစ်မဆိုလိုတာကတော့ “မြန်မာနိုင်ငံဟာ သယံဇာတပေါများတဲ့ နိုင်ငံဆိုပြီးတော့ လူတွေက ချီးမွမ်းကြတယ်။ ကျမကတော့ ဒါကို သဘောမကျဘူး။ ကျမရဲ့ အဓိက ရတနာတွေကတော့ ပြည်သူပြည်သားတွေပဲ” တဲ့၊ သူအမြဲတမ်းပြောထားတာ ရှိတယ်။ ဒါကြောင့်မို့ ကျမတို့ ပြည်ထောင်စုသားအချင်းချင်းဟာ တကယ်ပဲ သွေးစည်းညီညွတ်ပြီးတော့ နိုင်ငံအတွက် ဝိုင်းဝန်းလုပ်မယ်ဆိုရင် ဝိုင်းဝန်းကြိုးစားပေးကြပါလို့လည်း မေတ္တာရပ်ခံ တိုက်တွန်းထားတယ်။ နောက်တခါမှာ ပြည်သူလူထုဘဝ အနာဂတ်လှပဖို့ရယ် ပြည်သူလူထုဘဝ လုံခြုံရေးကိုပဲ လုပ်ပေးပါ ဆိုပြီးတော့ အမြဲတမ်းပဲ အမျိုးသမီးတွေကို လမ်းညွှန်ချက်တွေ ပေးထားတာ ရှိတယ်။ အာဏာမသိမ်းခင် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ဒေါ်စုက ပြည်သူလူထုကို မိန့်ခွန်းပြောခဲ့တယ် “ပြည်သူသာ အဓိက ဆိုတာကို ကျမ ထပ်တလဲလဲ ပြောပါတယ်။ ပြည်သူမပါဘဲ ဘာမှ အောင်မြင်နိုင်မှာ မဟုတ်ဘူး။ ပြည်သူသာလျှင် အဓိကဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့” ဆိုပြီးတော့ ဒေါ်စုက ထပ်တလဲလဲ သဘောပေါက်အောင် ပြည်သူလူထုကို မှာကြားသွားတဲ့ စကားပါပဲ။”

“အန်တီတို့ ဘယ်လိုပဲ အခက်အခဲ အတားအဆီးတွေ ရှိရှိ၊ အခု မြေပြင်မှာရှိနေတဲ့ စစ်ဘေးရှောင် အမျိုးသမီးတွေ အားလုံး ကြံ့ကြံ့ခိုင် ရပ်တည်ပြီးတော့ တော်လှန်ရေးအောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်သွားဖို့လည်း အန်တီတို့ အဓိဋ္ဌာန် ချထားပါတယ်။ ဒီလို အောင်မြင်မှသာလျှင် အချုပ်အနှောင်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အကုန်လုံး လွတ်မြောက်လာကြမှာ ဖြစ်ပါတယ်။ မအောင်မြင်ဘဲနဲ့တော့ လွတ်မြောက်ဖို့ လမ်းစက တော်တော်လေးတော့ ခက်ခဲမယ်လို့ ယုံကြည်လို့ပါနော်။ အန်တီတို့ အားလုံးကလေ စိတ်ဓာတ်မကျဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်မကျဘဲနဲ့ ကျန်းမာစွာနဲ့နေပြီးတော့ ကိုယ်ရောက်နေတဲ့ နေရာမှာ ဒုတိယနိုင်ငံမှာပဲ ရောက်နေ ရောက်နေ၊ တတိယနိုင်ငံမှာပဲ ရောက်နေ ရောက်နေ တော်လှန်ရေးတာဝန်ကို ထမ်းဆောင်ရမှာ အန်တီတို့ တာဝန်ပဲလေ။ အခု မြေပြင်မှာ ကလေးတွေက အသက်တွေ စွန့်ပြီးတော့ လုပ်သွားကြတာတွေ အများကြီးပဲ။ ရင်နာဖို့လည်း ကောင်းတယ်။ သူတို့ရဲ့ မျှော်လင့်ချက်က စစ်တပ် အမြစ်ဖြတ်ရေးပဲ။ ဒီအတွက်ကို အန်တီတို့ အားလုံးက တာဝန်ရှိတယ်ပေါ့။ အန်တီက ဘယ်လိုခံယူထားလဲ ဆိုရင် ဗန်းမော်တင်အောင် ပြောထားတဲ့ စကားတခွန်းရှိတယ်၊ “လူတယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်းနေတဲ့ ခေတ်ကနေပြီးတော့ ပေးအပ်လိုက်တဲ့ တာဝန်ကို ပခုံးပေါ်တင်ထားပြီး ဘယ်လောက်ထိ စွမ်းဆောင်နိုင်မလဲ ဆိုတာက ဒီလူတယောက်ရဲ့ တန်ဖိုးပဲ”  တဲ့၊ သူ့စကားလေးက အင်မတန်မှ မှတ်သားဖွယ်ကောင်းတယ်ပေါ့။ ဒါကြောင့်မို့ အန်တီတို့အားလုံးက ရောက်နေတဲ့ နေရာမှာ ကျရာတာဝန်ကို တော်လှန်ရေး အောင်မြင်သည်အထိ ဆောင်ရွက်သွားမယ် ဆိုတာကို အဓိဋ္ဌာန် ချထားပါတယ် ဆိုတာလေးကို ပြောချင်ပါတယ်။ ပြည်သူတွေအားလုံးလည်း ပြည်တွင်းမှာရှိတဲ့သူတွေလည်း စိတ်ဓာတ်မကျကြပါနဲ့လို့၊ အန်တီတို့ အားလုံးက ညီညီညာညာရုန်းရင် အောင်ကို အောင်မြင်ရမယ်လို့ ယုံကြည်ပါတယ်၊ ဒါလေးကို ပြောချင်တာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။”

ဆက်စပ်သတင်းများ

AI Curated