
AI Summary
ဇွန်လ ၄ ရက်နေ့ညက နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွှေချီရပ်ကွက်ရှိ မော်တော်ဆိုင်ကယ်ပြင်ဆိုင်တစ်ဆိုင်တွင် E-Bike ဘက်ထရီအပူလွန်ကဲမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။ အဆိုပါမီးသည် အနီးရှိဆိုင်ခန်းများသို့ ကူးစက်လောင်ကျွမ်းခဲ့ရာ ဆိုင်ခန်း ၅ ခန်း မီးလောင်ပျက်စီးခဲ့သည်။ မီးငြှိမ်းသတ်ရာတွင် ကူညီဆောင်ရွက်ပေးသူ ၂ ဦး ဒဏ်ရာရရှိခဲ့သော်လည်း ၎င်းတို့၏အခြေအနေမှာ မစိုးရိမ်ရကြောင်း ဒေသခံများက ပြောကြားခဲ့သည်။ ပျဉ်းမနား၊ ရွာကောက်၊ ဘောဂဝတီ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၁၉ မိနစ်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့သည်။ လက်ရှိတွင် မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးကို မီးသတ်ဌာနက တွက်ချက်လျက်ရှိသည်။

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှာ ဇွန် ၄ ရက်ညက မီးလောင်မှုဖြစ်ပြီး ဆိုင်ခန်း ၅ ခန်း မီးလောင် ပျက်စီးခဲ့ကာ လူ ၂ ယောက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်
မနေ့ ည ၁၁ နာရီ ဝန်းကျင်မှာ ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်၊ ၉ လမ်းရှိ စဉ့်အိုးဘိုဘုန်းကြီး ကျောင်းရှေ့ မော်တော်ဆိုင်ကယ်ပြင်ဆိုင်မှာ E-Bike ဘက်ထရီအပူ လွန်ကဲမှုကြောင့် မီးစတင်လောင်ခဲ့တာဖြစ်ပြီး အနီးရှိဆိုင်ခန်းတွေကို ကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။
ပျဉ်းမနားမြို့ခံ တယောက်က "ဒဏ်ရာရရှိတဲ့သူ ၂ ယောက်က မီးလောင်မှုကို ဝိုင်းဝန်း ကူညီလုပ်ဆောင် ပေးတဲ့တွေပါ။ သွပ်ပြားတွေရှတဲ့ဒဏ်ရာတွေရတာ။ မစိုးရိမ်ရပါဘူး။ ဈေးဆိုင် တွေက အားလုံး ၅ ဆိုင်လောင်သွားတာ။ ဆုံးရှုံးမှုကို မီးသတ်က တွက်ချက်နေပါတယ်” လို့ ပြောပါတယ်။
မီးလောင်မှုကို ပျဉ်းမနား၊ ရွာကောက်၊ ဘောဂဝတီ စတဲ့မီးသတ်စခန်းတွေက မီးသတ်ကားတွေနဲ့ မီးသတ်တပ်ဖွဲ့တွေက မီးငြှိမ်းသတ်ခဲ့တာမှာ ည ၁၁ နာရီ ၁၇ မိနစ်မှာ မီးထိန်းနိုင်ခဲ့ပြီး ၁၁ နာရီ ၁၉ မိနစ်မှာ မီးလုံးဝငြိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
မေ ၂၂ ရက်ကလည်း ပျဉ်းမနားမြို့၊ ကြံဖိုစုကျေးရွာအုပ်စု၊ တဲကုန်းကျေးရွာမှာ ဆိုလာပြားနဲ့ ဘက်ထရီအိုး အားသွင်းရာကနေ အပူလွန်ကဲပြီး မီးလောင်ခဲ့လို့ နေအိမ် တလုံး မီးလောင်ပျက်စီး ခဲ့ပါတယ်။
မတ် ၆ ရက်ကလည်း ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်ကျေးရွာရှိ နေအိမ်တအိမ်မှာ ဓာတ်ဆီလှယ်စဉ် ဆေးလိပ်မီးပွားကတဆင့် မီးလောင်လို့ နေအိမ် ၅ လုံး မီးကူးစက်လောင်ကျွမ်းခဲ့ကာ အမျိုးသမီး တယောက်သေဆုံးခဲ့ပြီး ၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၂၅ ရက်ကလည်း ပျဉ်းမနားမြို့၊ ကင်ပွန်းတန်းကျေးရွာအုပ်စုရှိ အာဟာရသုခ ဈေးမှာ ဆိုင်ခန်းပေါင်း ၂၄၀ ကျော် မီးလောင်ပျက်စီးခဲ့ ပါတယ်။