
AI Summary
မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာတွင် စစ်မှုထမ်းခေါ်ယူရေးနှင့်ပတ်သက်၍ ULA/AA တာဝန်ရှိသူများ ရှင်းလင်းပြောကြားစဉ် လူတစ်စုက ဆူပူအကြမ်းဖက်ရန် လှုံ့ဆော်ခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ ဦးဆောင်သူ ၅ ဦးအား ULA/AA က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ခရိုင်သက္ကမလူမျိုးစုရေးရာကော်မတီ (မောင်တောခရိုင်) က ဤဖြစ်စဉ်အား လူမျိုးရေး၊ ဘာသာရေးအရ ဖျက်လိုဖျက်ဆီးလုပ်လိုသူများက အသုံးချနေကြောင်း သတိပေးခဲ့သည်။ အဝေးရောက် သက္ကမအဖွဲ့အစည်းများနှင့် ဆရာတော်သံဃာတော်အချို့က မြေပြင်အခြေအနေကို မသိဘဲ ULA/AA အပေါ် တစ်ဖက်သတ် ပြစ်တင်စွပ်စွဲခြင်းသည် ရက္ခိုင်နှင့် သက္ကမလူမျိုးများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ထိခိုက်စေနိုင်ကြောင်း ဖော်ပြသည်။ ထို့ကြောင့် နှစ်ပေါင်းများစွာ ငြိမ်းချမ်းစွာနေထိုင်လာခဲ့ကြသည့် ရက္ခိုင်နှင့် သက္ကမလူမျိုးများအနေဖြင့် စိတ်ဝမ်းကွဲပြားမှုမဖြစ်စေရန် အထူးသတိထားရှောင်ကြဉ်ရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။ လက်ရှိတွင် သင်္ဘောလှရွာ၏ အခြေအနေမှာ ပုံမှန်အတိုင်း တည်ငြိမ်နေပြီဖြစ်ပြီး၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနှင့် သက္ကမလူမျိုးစုရေးရာကော်မတီတို့က ကွင်းဆင်းဖြေရှင်းလျက်ရှိသည်။ အာရက္ခဒေသတွင်း လူမျိုးများအားလုံး တော်လှန်ရေးအောင်ပွဲခံရေးနှင့် တိုင်းပြည်တည်ဆောက်ရေးတွင် တက်ညီလက်ညီ ပူးပေါင်းပါဝင်ရန်လည်း တိုက်တွန်းထားသည်။
(ရက္ခိုင်နှင့်သက္ကမလူမျိုးများအနေဖြင့်သင်္ဘောလှရွာဖြစ်စဉ်ကိုအကြောင်းပြု၍စိတ်ဝမ်းကွဲပြားမှုမဖြစ်စေရန်အထူးသတိထားရှောင်ကြဉ်ရန်လိုအပ်သည်ဟုဆို)
နိရဉ္စရာ၊ဇွန်၁/၂၀၂၆
အာရက္ခပြည်အား ဖျက်လိုဖျက်ဆီးလုပ်နေသူများ၏အသုံးချခံမဖြစ်ရလေအောင်အထူးသတိ ထားကြရန်လိုအပ်ကြောင်း ခရိုင်သက္ကမလူမျိုးစုရေးရာကော်မတီ(မောင်တောခရိုင်)မှ မေလ၃၁ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်သည်။
၂၀၂၆ခုနှစ်မေလ၂၃ရက်နေ့ကမောင်တောမြို့နယ်သင်္ဘောလှကျေးရွာတွင်စစ်မှုထမ်းခေါ်ယူရေးနှင့်ပတ်သက်ပြီးဖြစ်ပွားခဲ့သောဖြစ်စဉ်အပေါ် သဘောထားထုတ်ပြန်ရာတွင်အဆိုပါအဖွဲ့ကထိုသို့ဖော်ပြထားခြင်းဖြစ်သည်။
“ အာရက္ခပြည်၌လူမျိုးရေး၊ဘာသာရေးနှင့်ပတ်သက်၍ဖျက်လိုဖျက်ဆီးစိတ်ဖြင့်အမျိုးမျိုးဆန့်ကျင်ပုံဖော်ကာပြဿနာများကိုဖန်တီးနေကြသည့်အုပ်စုများကသူတို့၏အကျိုးစီးပွားအဖြစ်ယ္ခုကိစ္စကိုလက်နက်တစ်ခုသဖွယ်အသုံးချနေကြသဖြင့်အသုံးချခံမဖြစ်ရလေအောင်အထူးသတိထားရန်လိုအပ်ကြောင်းခရိုင်သက္ကမလူမျိုးစုရေးရာကော်မတီ (မောင်တောခရိုင်)မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အထူးသဖြင့် ဤဖြစ်စဉ်နှင့်ပတ်သက်၍မြေပြင်အခြေအနေအဖြစ်အမှန်ကိုဂဃနဏသိရှိနားလည်ခြင်းမရှိဘဲအဝေးရောက်သက္ကမအဖွဲ့အစည်းများ၊ဆရာတော်သံဃာတော်များအနေဖြင့် (ULA/AA)အပေါ်တစ်ဖက်သတ်ပြစ်တင်စွပ်စွဲကြေညာချက်ထုတ်ပြန်ခဲ့ကြခြင်းသည်ပြဿနာအခက်ခဲကိုဖြေရှင်းရာတွင်အထောက်အကူမဖြစ်ရုံမကရက္ခိုင်နှင့်သက္ကမလူမျိုးများအကြားအတူပူအမျှသဟဇာတရှိရှိငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကိုထိခိုက်စေရန်မီးလောင်ရာလေပင့်လုပ်ရပ်မျိုးဖြစ်ကြောင်း ဝမ်းနည်းဖွယ်ရာတွေ့မြင်ရသည်ဟုဆိုသည်။
အာရက္ခဒေသတွင်သမိုင်းကြောင်းနှင့်ချီ၍ရှေးနှစ်ပေါင်းများစွာကပင်ငြိမ်းချမ်းစွာအတူတကွနေထိုင်လာခဲ့ကြသည့် ရက္ခိုင်နှင့်သက္ကမလူမျိုးများအနေဖြင့်မောင်တောမြို့နယ်၊သင်္ဘောလှရွာဖြစ်စဉ်ကိုအကြောင်းပြု၍စိတ်ဝမ်းကွဲပြားမှုမဖြစ်စေရန်အထူးသတိထားရှောင်ကြဉ်ရန်လိုအပ်သည်ဟုလည်းဖော်ပြထားသည်။
၂၀၂၆ခုနှစ်၊မေလ(၂၃) ရက်နေ့တွင်ULA/AA တာဝန်ရှိသူများသည်မောင်တောမြို့နယ်၊သင်္ဘောလှရွာသို့အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်(NDEP)နှင့်ပတ်သက်၍ရှင်းလင်းပြောကြားရန်ရောက်ရှိခဲ့ကြဖြစ်ပြီး လူတစ်စုက ပြဿနာဖြစ်ပွားရန် လှုံ့ဆော်မှုများပြုလုပ်ထားကြသည်ကိုတွေ့ရှိရသည်ဟု ဆိုသည်။
စစ်မှုထမ်း ဥပဒေ (NDEP) အစီအစဉ်ကိုဆန့်ကျင်ရန်အတွက်သင်္ဘောလှရွာသားများ ဖြစ်ကြသော (၁) ဦးအောင်ကျော်စိန် (၆၄)နှစ်၊ (၂) ဦးမောင်ထွန်းစိန် (၆၃)နှစ်၊ (၃) ဦးမြင့်မောင် (၅၂)နှစ်၊ (၄) ဦးစိန်ထွန်းကျော် (၅၃)နှစ်နှင့် (၅) ဘီလာဇော (၅၇)နှစ်(ထွက်ပြေးတိမ်းရှောင်နေသူ)တို့က ဦးဆောင်ကာ ဆူပူအုံကြွအကြမ်းဖက်ရန် ကြိုတင်စီစဉ်မှုရှိခဲ့သည်ဟု ဖော်ပြထားသည်။
အမှန်တကယ်လည်း (ULA/AA) တာဝန်ရှိသူများရောက်ရှိလာသောအခါ လူအုပ်ဖြင့်ဝိုင်းဝန်း၍ ဆဲဆိုကြိမ်းမောင်းခြင်း၊တုတ်၊ဓားစသော လက်နက်များကိုင်ဆောင်ကာ ကြိုတင်ကြံစည်တိုင်ပင်ထားသည့်အတိုင်း ခြိမ်းခြောက်ခြင်းများကို ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။
ULA/AA တာဝန်ရှိသူများသည်ဤသို့ရုန်းရင်းဆန်ခတ်ဖြစ်နေသောအခြေအနေကိုတည်ငြိမ်မှုရရှိနိုင်ရန်ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့၊ရပ်မိရပ်ဖများနှင့်ပူးပေါင်းဖြေရှင်းခဲ့ကြသော်လည်းထိန်းမနိုင်သိမ်းမရအခြေအနေသို့ရောက်ရှိလာသဖြင့်ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊တရားဥပဒေစိုးမိုးရေးမပျက်ပြားစေရန်နှင့်ထိခိုက်ဒဏ်ရာရရှိမှုများမဖြစ်ပေါ်စေရန်အတွက်လူစုခွဲကာအကြမ်းဖက် ဦးဆောင်သူများကိုဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းတွေ့ရှိရသည်ဟုဖော်ပြသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဌာနဆိုင်ရာဝိုင်ရာများ၊ခရိုင်သက္ကမလူမျိုးစုရေးရာကော်မတီဝင်များမှသင်္ဘောလှရွာသို့ကွင်းဆင်းကာရပ်ရွာသူ/သားများနှင့်တွေ့ဆုံပြီးအခြေအနေကိုတည်ငြိမ်အောင်ဖြေရှင်းလျက်ရှိနေသည်ဟု ဆိုသည်။
လက်ရှိ၎င်းရပ်ရွာ၏အခြေအနေမှာလည်းပုံမှန်အနေအထားသို့ရောက်ရှိကာတည်ငြိမ်နေပြီးလည်းဖြစ်ပါသည်ဟု ဖော်ပြထားသည်။
သက္ကမလူမျိုးများသည်လည်းအခွင့်အရေးနှင့်တာဝန်၊အာရက္ခပြည်၏လွတ်မြောက်မှုနှင့်ဂုဏ်သိက္ခာကိုအာရက္ခပြည်ရှိအခြားလူမျိုးစုများနှင့်အတူထပ်တူထပ်မျှတန်ဖိုးထားပါကြောင်း၊မူဆလိန်အစွန်းရောက်အကြမ်းဖက်များ၏အကြိမ်ကြိမ်တိုက်ခိုက်မှုကြောင့်နာကျင်ဆုံးရှုံးမှုများကိုဖြတ်သန်းဖူးခဲ့ပြီးဘဝပေးသင်ခန်းစာများစွာရှိကာဒေသခံလူမျိုးစုများနှင့်အတူအမြဲတမ်းရပ်တည်ပြီးတိုင်းပြည်အတွက်တာဝန်သိသိ၊သစ္စာရှိရှိဖြင့်ငြိမ်းချမ်းမှုကိုလိုလားသည့်လူမျိုးတစ်မျိုးလည်းဖြစ်ပါကြောင်းဖော်ပြထားသည်။
အာရက္ခဒေသတွင်းမှီတင်းနေထိုင်ကြသောလူမျိုးများအားလုံးအနေဖြင့်တော်လှန်ရေးအပြီးသတ်အောင်ပွဲခံရေးနှင့်တိုင်းပြည်ပြန်လည်တည်ဆောက်ရေးကဏ္ဍအသီးသီးတွင်တာဝန်ယူမှုတာဝန်ခံမှုစိတ်ဓာတ်အပြည့်အဝဖြင့်တက်ညီလက်ညီပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်အသိပေးတိုက်တွန်းလိုက်ရပါကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။