
AI Summary
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မောင်လွင်သည် ရာထူးတိုး ပြောင်းရွှေ့နှုတ်ဆက်ပွဲတွင် ငွေကျပ်သိန်း ၇၀ ကြဲချခဲ့မှုကြောင့် စစ်ဆေးခံနေရသည်။ ၎င်းကို မေလ ၂၅ ရက်နေ့မှစ၍ စစ်အာဏာရှင် ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ပြီး၊ ဤကိစ္စမှာ လူမှုကွန်ရက်များတွင် ပျံ့နှံ့ခဲ့၍ တိုင်းအဆင့် တာဝန်ရှိသူများ၏ လမ်းညွှန်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။ ဦးတင်မောင်လွင်၏ ရာထူးတိုးရွှေ့ပြောင်းကိစ္စကို ဆိုင်းငံ့ထားပြီး ပြည်ထဲရေး၊ စစ်ဘက်ရေးရာ လုံခြုံရေး (စရဖ) နှင့် ခရိုင်အုပ်ချုပ်ရေးအဖွဲ့များက စုပေါင်းစစ်ဆေးလျက်ရှိသည်။ ၎င်းသည် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်တွင် ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူး ဖြစ်လာသူဖြစ်သည်။ ထို့ပြင် ၎င်းသည် စစ်မှုထမ်း၊ မြေယာ၊ ဂိတ်ကြေးနှင့် စက်သုံးဆီ မှောင်ခိုကိစ္စများတွင် လာဘ်စားမှုဖြင့် နာမည်ဆိုးထွက်နေသူတစ်ဦးဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်အုပ်ချုပ်ရေးမှူးဟာ ရာထူးတိုး ပြောင်းရွှေ့နှုတ်ဆက်ပွဲမှာ ငွေကျပ်သိန်း ၇၀ ကြဲချခဲ့တဲ့အတွက် စစ်ဆေးခံနေရတယ်လို့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မောင်လွင်ဟာ ဒုတိယညွှန်ကြားရေးမှူးအဆင့်နဲ့ နေပြည်တော်ကို ပြောင်းရွှေ့ခံရပြီး နှုတ်ဆက်ပွဲမှာ လက်အောက်ခံ ဝန်ထမ်းတွေအတွက် ငွေကျပ်သိန်း ၇၀ ကြဲချ နှုတ်ဆက်ပွဲပြုလုပ်ခဲ့တဲ့အတွက် မေ ၂၅ ရက်က စလို့ စစ်အာဏာရှင် ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေတာလို့ ဆိုပါတယ်။
ပြင်ဦးလွင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ နီးစပ်သူတယောက်က “မြို့နယ်အဆင့် အုပ်ကြီးက သိန်း ၇၀ လောက် သုံးဖြုန်းတာ မဆန်းပါဘူး။ အခုက လူမှုကွန်ရက်တွေမှာ ပျံ့နှံ့လာလို့ အတော်သိသာ ထင်ရှားလွန်းတဲ့ကိစ္စ ဖြစ်လို့ စစ်ဆေးခံနေရတာလို့ သိရပါတယ်။ တိုင်းအဆင့် တာဝန်ရှိသူတွေရဲ့ လမ်းညွှန်ချက်နဲ့ ဖမ်းဆီးစစ်ဆေးနေတာ” လို့ ပြောပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မောင်လွင်ကို ရာထူးတိုးရွှေ့ပြောင်းကိစ္စ ဆိုင်းငံ့ထားပြီး ပြည်ထဲရေးလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူဖြစ်တာကြောင့် ပြည်ထဲရေးက တာဝန်ရှိသူတွေ၊ စစ်ဘက်ရေးရာ လုံခြုံရေး (စရဖ) တာဝန်ရှိသူတွေနဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေက စုပေါင်းစစ်ဆေးနေတာလို့ သိရပါတယ်။
စစ်ဆေးခံနေရတဲ့ ဦးတင်မောင်လွင်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်ထဲမှာ ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူး ဖြစ်လာတာလို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေက ဆိုပါတယ်။
ဒါ့အပြင် ပြင်ဦးလွင်မြို့နယ်မှာ စစ်မှုထမ်းကိစ္စ၊ မြေယာကိစ္စ၊ ဂိတ်ကြေးကိစ္စနဲ့ စက်သုံးဆီ မှောင်ခို ရောင်းဝယ်မှုကိစ္စတွေမှာ လာဘ်စားမှုနဲ့ နာမည်ဆိုးထွက်နေသူတယောက် ဖြစ်တယ်လို့ သိရပါတယ်။