ရန်ကုန်တွင် ကျောင်းသားများကို ကျူရှင်တက်ရန် ဖိအားပေးနေ

ရန်ကုန်တွင် ကျောင်းသားများကို ကျူရှင်တက်ရန် ဖိအားပေးနေ

DVB
SourceDVB

AI Summary

၂၀၂၆-၂၇ ပညာသင်နှစ် ကျောင်းစဖွင့်ချိန်တွင် ရန်ကုန်ရှိ စာသင်ကျောင်းများ၌ အတန်းပိုင်ဆရာမများက ကျောင်းသား၊ ကျောင်းသူများကို ၎င်းတို့ထံတွင် ကျူရှင်တက်ရန် ဖိအားပေးပြောဆိုနေသည်။ ဤသို့ ဖိအားပေးမှုကြောင့် ကျောင်းသားမိဘများမှာ ငွေကြေးအခက်အခဲများနှင့် ရင်ဆိုင်နေရပြီး၊ ကျူရှင်မတက်သည့် ကလေးများမှာလည်း စာသင်ခန်းအတွင်း ခွဲခြားဆက်ဆံခံရကာ မျက်နှာငယ်နေရသည်ဟု ဆိုသည်။ ဆရာမအချို့သည် ကျောင်းတွင် စာအပြည့်အစုံမသင်ဘဲ ကျူရှင်တွင်သာ သင်ကြားပေးသည်ဟုလည်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။ ဆရာမများ၏ လစာနည်းပါးမှုကြောင့် ကျူရှင်သင်ကြားခြင်းကို နားလည်ပေးနိုင်သော်လည်း၊ ကျောင်းသားများကို မဖြစ်မနေတက်ခိုင်းခြင်းသည် အာဏာရှင်ဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း အငြိမ်းစားပညာရေးဝန်ထမ်းတစ်ဦးက ထောက်ပြသည်။ စစ်အာဏာရှင်တပ်လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ဆရာ၊ ဆရာမများ ပြင်ပကျူရှင်သင်ကြားခြင်းကို တားမြစ်ထားသော်လည်း လက်တွေ့တွင် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ ဤအခြေအနေသည် ကျောင်းသားမိဘများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး ပညာရေးအရည်အသွေးကိုလည်း ထိခိုက်စေနိုင်သည်။

Photo: DVB

၂၀၂၆-၂၇ ပညာသင်နှစ် ကျောင်းစဖွင့်ချိန် ရန်ကုန်က စာသင်ကျောင်းတွေမှာ အတန်းပိုင်ဆရာမတွေက ကျောင်းသား၊ ကျောင်းသူတွေကို ကျူရှင်တက်ဖို့ ဖိအားပေး ပြောဆိုနေတာကြောင့် ကျောင်းသားတွေနဲ့ မိဘတွေ အခက်ကြုံနေရပါတယ်။

စစ်အာဏာရှင်တပ်က ဖွင့်လှစ်ထားတဲ့ လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အင်းတိုင်) မှာ ကျောင်းသား၊ ကျောင်းသူတွေကို အတန်းပိုင်ဆရာမတွေက ကျူရှင်တက်ဖို့ ဖိအားပေး ပြောဆိုနေတာလို့ ကျောင်းသားမိဘတယောက်က DVB ကို ပြောပါတယ်။

“ကျောင်းဖွင့်တာတောင် ၂ ရက်မပြည့်သေးဘူး၊ ၉ တန်းနဲ့ ၁၀ တန်းက ကလေးတွေကို အတန်းပိုင် ဆရာမတွေက ကျူရှင်တက်ဖို့ ပြောနေတယ်။ ပြင်ပကျူရှင်တက်တာကိုလည်း လက်မခံဘူးလို့ ပြောတယ်။ ၉ တန်းဆို ၅ သောင်း၊ ၁၀ တန်းဆို ၆ သောင်း၊ ကျောင်းသားတယောက်တည်း ရှိတဲ့အိမ်က ပြဿနာမရှိပေမဲ့ ကျောင်းသားဦးရေများတဲ့ အိမ်ကျတော့ အခက်အခဲဖြစ်ရော။”

မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်းမှာလည်း အတန်းပိုင် ဆရာမတွေက ကျောင်းသား၊ ကျောင်းသူတွေကို ကျူရှင်တက်ဖို့ ပြောဆိုတာတွေ ရှိတယ်လို့ ကျောင်းသားမိဘတယောက်က DVB ကို ပြောပါတယ်။

“ကျောင်းတက်ပြီး ၃ လလောက်နေမှ ဒါမှမဟုတ် နှစ်ဝက်လောက်ရောက်မှ စာမလိုက်နိုင်လို့ ကလေးတွေကို ကျူရှင်တက်ခိုင်းရင်တော့ တမျိုးပေါ့၊ အခုက ကျောင်းတောင် မတက်ရသေးဘူး၊ ကျူရှင်တက်ဖို့ ပြောတာကျတော့ အဆင်မပြေဘူး။”

ဆရာမတွေအနေနဲ့ သူတို့ဆီမှာ ကျူရှင်မတက်ပါက ကလေးတွေကို ခွဲခြားဆက်ဆံပြီး ကျူရှင်မတက်တဲ့ ကလေးတွေဟာ အခန်းအတွင်း အစစအရာရာ မျက်နှာငယ်ရတယ်လို့ အရှေ့ဒဂုံမြို့နယ်နေ ကျောင်းသားမိဘတယောက်က DVB ကို ပြောပါတယ်။

“အရှေ့ဒဂုံ အထက ၅ မှာလည်း ဆရာမတွေက သူတို့ဆီမှာ ကျူရှင်တက်ဖို့ ပြောတယ်။ သူတို့ဆီမှာ ကျူရှင်မတက်တဲ့ ကလေးက ပင်ကိုအရည်အချင်းကြောင့် တော်နေရင် ပြင်ပမှာ ကျူရှင်တက်တယ်ဆိုပြီး အဲဒီကလေးကို ဖိနှိပ်တယ်၊ စာသင်ခန်းထဲမှာ ခွဲခြားဆက်ဆံခံရတယ်၊ တချို့ဆရာမတွေဆို စာကို ကျောင်းမှာ အပြည့်မသင်ဘဲ ကျူရှင်ရောက်မှ သင်တာရှိတယ်။”

ရန်ကုန်ရှိ အခြေခံပညာအထက်တန်းနဲ့ အလယ်တန်းကျောင်းတွေမှာ ကျူရှင်မသင်တဲ့ ဆရာမတွေ မရှိသလောက် ရှားတယ်လို့လည်း ဝေဖန်ပြောဆိုပါတယ်။

လစာငွေမလုံလောက်မှုကြောင့် ဆရာ၊ ဆရာမတွေ ကျူရှင်သင်တာကို အပြစ်မပြောလိုပေမဲ့ ကျောင်းသားတယောက်ကို မဖြစ်မနေ မိမိဆီမှာ ကျူရှင်တက်ရမယ်ဆိုတဲ့ ပြောဆိုမှုဟာ အာဏာရှင်ပုံစံ ဖြစ်နေတယ်လို့ အငြိမ်းစားပညာရေးဝန်ထမ်းတယောက်က ထောက်ပြ ပြောဆိုပါတယ်။

“ဆရာမတယောက် လစာက သုံးသိန်းလောက်ပဲရတာ၊ လက်ရှိကုန်ဈေးနှုန်းနဲ့ မလောက်ဘူး၊ ကျူရှင်သင်တယ်၊ လက်ခံတယ်၊ ဒါပေမဲ့ ကျောင်းသားတွေကို မတက်မနေရပုံစံမျိုး အမိန့်ထုတ်တာကျတော့ လူကြားလို့မကောင်းဘူး၊ တကယ်တော်တဲ့ကလေး ချို့တဲ့ တဲ့ ကလေးဆို စာမလိုက်နိုင်ရင် ကိုယ်ကတောင် ပံ့ပိုးပေးရမှာ၊ အခမဲ့သင်ပေးရမှာ။”

အာဏာရှင်စစ်တပ် လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ဆရာ၊ ဆရာမတွေ ပြင်ပမှာ ကျူရှင်သင်တာကို တားမြစ်ထားပြီး အရေးယူမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

AI Curated