
AI Summary
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၃၀ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ အိန္ဒိယနိုင်ငံသို့ ပထမဆုံး တရားဝင်ပြည်ပခရီးစဉ်အဖြစ် သွားရောက်ခဲ့သည်။ အာဏာသိမ်းပြီးနောက် နိုင်ငံတကာ၏ ဖယ်ကြဉ်ခံထားရသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏ တရားဝင်မှုကို ရရှိရန်နှင့် အထီးကျန်မှုမှ လွတ်မြောက်ရန် ဤခရီးစဉ်ကို အသုံးပြုခဲ့ပြီး၊ အိန္ဒိယကမူ နယ်စပ်လုံခြုံရေးနှင့် တရုတ်ဩဇာကို ထိန်းချုပ်ရန်အတွက် စစ်ခေါင်းဆောင်နှင့် ထိတွေ့ဆက်ဆံခဲ့သည်။ ဤခရီးစဉ်ကြောင့် မြန်မာပြည်သူများ၊ တော်လှန်ရေးအင်အားစုများနှင့် အိန္ဒိယနယ်စပ်ဒေသများမှ ဒုက္ခသည်များ ထိခိုက်နစ်နာနိုင်ပြီး၊ အိန္ဒိယ၏ ဒီမိုကရေစီစကားလုံးများသည် နယ်စပ်တွင်သာ ရပ်တန့်နေကြောင်း သတင်းစကားပါးလိုက်သလို ဖြစ်ခဲ့သည်။ ခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများဖြစ်သည့် ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းနှင့် သုံးပွင့်ဆိုင် အဝေးပြေးလမ်းမကြီး စီမံကိန်းများအကြောင်း ဆွေးနွေးခဲ့သော်လည်း၊ ယင်းစီမံကိန်းလမ်းကြောင်း အများစုမှာ စစ်တပ်ထိန်းချုပ်မှုအောက်တွင် မရှိတော့ဘဲ တော်လှန်ရေးတပ်များ ကြီးစိုးထားသည့် နယ်မြေများတွင် တည်ရှိနေသည်။ ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြေပြင်တွင် အကောင်အထည်ဖော်နိုင်စွမ်းမရှိသည့် ကတိများကို ပေးခဲ့ပြီး၊ အိန္ဒိယအနေဖြင့်လည်း မြန်မာစစ်တပ်ကိုသာ အားကိုးခြင်းသည် တရုတ်၏ အမှားကို ထပ်မံကျူးလွန်ခြင်းဖြစ်ကြောင်း ဆောင်းပါးက ထောက်ပြသည်။ အိန္ဒိယ၏ မူဝါဒသည် လက်တွေ့ကျရန်အတွက် နေပြည်တော်နှင့် ဆက်ဆံသင့်သော်လည်း၊ တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် NUG တို့နှင့်လည်း နက်နက်ရှိုင်းရှိုင်း ထိတွေ့ဆက်ဆံပြီး ဖက်ဒရယ်ဒီမိုကရေစီကို ပံ့ပိုးပေးသင့်ကြောင်း အကြံပြုထားသည်။
မြန်မာနိုင်ငံရဲ့ “သမ္မတသစ်”အမည်ခံပြီး ပထမဆုံး တရားဝင် ပြည်ပခရီးစဉ်အဖြစ် မေလ ၃၀ ရက်နေ့က အိန္ဒိယနိုင်ငံကို ရောက်လာချိန်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင် အလိုချင်ဆုံးက ခမ်းခမ်းနားနားနဲ့ ဓာတ်ပုံရိုက်ခံရဖို့ပါပဲ။
အာဏာသိမ်းပြီးနောက်မှာ ရွေးကောက်ခံ ခေါင်းဆောင်တွေကို ထောင်ချ၊ တစ်နိုင်ငံလုံးက အုံကြွမှုတွေကို အကြမ်းဖက်နှိမ်နင်းပြီး တိုင်းပြည်ကို ပြည်တွင်းစစ်နွံထဲ အဆိုးရွားဆုံး ဆွဲချခဲ့တဲ့သူကို အထီးကျန် စစ်ဗိုလ်ချုပ်တစ်ယောက်အနေနဲ့ မဟုတ်ဘဲ လေးစားရတဲ့ နိုင်ငံတော်အကြီးအကဲ တစ်ယောက်သဖွယ် နယူးဒေလီက ကြိုဆိုခဲ့ကြတယ်။
သွေးစွန်းမှုတွေ၊ သံတမန်ရေးအရ ဖယ်ကြဉ်ခံရမှုတွေ နှစ်ချီ ကြုံခဲ့ရပြီးတဲ့နောက် တရားဝင်မှုရဖို့ ရှာဖွေနေဆဲဖြစ်တဲ့ အုပ်စိုးသူတစ်ယောက်အတွက်တော့ ဇွန်လ ၃ ရက်နေ့မှာ ပြီးဆုံးခဲ့တဲ့ ၅ ရက်ကြာ အိန္ဒိယခရီးစဉ်ဟာ လက်ဆောင်ကြီးတစ်ခုပါပဲ။
အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီရဲ့ တွက်ကိန်းကတော့ တစ်မျိုးပါ။ အိန္ဒိယအတွက် မြန်မာဆိုတာ ကိုယ်နဲ့ မဆိုင်သလို ခပ်ဝေးဝေးကနေပြီး ကိုယ်ကျင့်တရားဆိုင်ရာ မေးခွန်းတွေ ထိုင်ထုတ်နေလို့ရတဲ့ နိုင်ငံ မဟုတ်ပါဘူး။ မိုင် ၁,၀၀၀ ကျော် (၁,၆၄၃ ကီလိုမီတာ) နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်း ဖြစ်သလို အိန္ဒိယ အရှေ့မြောက်ပိုင်းက မဏိပူရနဲ့ မီဇိုရမ်ပြည်နယ်တွေအတွက် ကာလရှည် မတည်ငြိမ်မှုတွေရဲ့ အရင်းအမြစ်လည်းဖြစ်ပါတယ်။ တရုတ်က ဩဇာလွှမ်းမိုးမှုနဲ့ အခြေခံအဆောက်အအုံတွေ နှစ်နဲ့ချီ အချိန်ယူ တည်ဆောက်ထားတဲ့ မဟာဗျူဟာမြောက် စစ်မျက်နှာပြင် တစ်ခုလည်း ဖြစ်ပါတယ်။
အိန္ဒိယက မြန်မာ စစ်တပ်နဲ့ ဆက်ဆံတာ ပြဿနာ မဟုတ်ပါဘူး။ ပထဝီအနေအထားအရ မဖြစ်မနေ ဆက်ဆံရမှာပါ။ ပြဿနာက နယူးဒေလီမှာ သဘောတူညီချက်တွေ လက်မှတ်ထိုးနိုင်ပေမယ့်၊ အဲဒီ သဘောတူညီချက်တွေ အကောင်အထည်ဖော်မယ့် နယ်မြေဒေသတွေကို လက်တွေ့မှာ မပေးနိုင်၊ မထိန်းချုပ်နိုင်စွမ်း မရှိတော့တဲ့ လူတစ်ယောက်ကို အိန္ဒိယက မျှော်လင့်ချက်တွေ အလွန်အကျွံ ပုံအပ်နေတာပါပဲ။
ဗိုလ်မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကနေ ချစ်ကြည်ရင်းနှီးမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှု၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအပြင် ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းနဲ့ သုံးပွင့်ဆိုင် အဝေးပြေးလမ်းမကြီး စီမံကိန်းစတဲ့ လူအများသိပြီးဖြစ်တဲ့ နှစ်နိုင်ငံ သံတမန်ရေး စကားလုံးတွေ ထွက်ပေါ်လာပါတယ်။
စာရွက်ပေါ်မှာတော့ ဒါတွေက လက်တွေ့ကျတဲ့ အစီအစဉ်တွေပါ။ ဒါပေမဲ့ မြေပြင်မှာတော့ ဒီစီမံကိန်း လမ်းကြောင်း အများစုဟာ စစ်တပ် မထိန်းချုပ်နိုင်တော့တဲ့၊ တော်လှန်ရေးတပ်တွေ ကြီးစိုးထားတဲ့ နယ်မြေတွေထဲမှာ ရှိနေပါတယ်။
ကုလားတန်စီမံကိန်းက အထင်ရှားဆုံး သာဓကပါ။ အိန္ဒိယရဲ့ ကိုလ်ကတ္တား (ယခင်ကာလကတ္တားမြို့) နဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က စစ်တွေဆိပ်ကမ်းကို ဆက်သွယ်ဖို့၊ အဲဒီကနေ ကုလားတန်မြစ်ကြောင်းအတိုင်း ချင်းပြည်နယ် ပလက်ဝကို ကုန်စည်တွေပို့ပြီး မီဇိုရမ်ပြည်နယ်ကို ကုန်းလမ်းနဲ့ ဆက်သွယ်ဖို့ ရည်ရွယ်ထားတဲ့ ဒီစီမံကိန်းဟာ အိန္ဒိယရဲ့ ‘အရှေ့ကို မျှော်’ (Act East) မူဝါဒရဲ့ အုတ်မြစ်တစ်ခု ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို ဖြတ်စရာမလိုဘဲ အမြဲလိုလို မတည်မငြိမ် ဖြစ်တတ်တဲ့ အိန္ဒိယ အရှေ့မြောက်ပိုင်းရဲ့ အဆက်ပြတ်၊ အထီးကျန်နေမှုကို လျှော့ချဖို့ ရည်ရွယ်ထားတာပါ။
ဒါပေမဲ့ အဲဒီ မဟာဗျူဟာမြောက် လမ်းကြောင်းဟာ အခုချိန်မှာတော့ စစ်ရေးမြေပုံတခု အသစ်ပြန်ရေးဆွဲထားသလို အပြောင်းလဲကြီး ပြောင်းလဲနေပြီ ဖြစ်တဲ့ မြန်မာနိုင်ငံ အနောက်ပိုင်းဒေသကို အဓိက အသုံးပြုရမှာပါ။ အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ် အများစုကို ထိန်းချုပ်ထားပါတယ်။ ကပ်လျက် ချင်းပြည်နယ် ပလက်ဝနဲ့ အနီးအနားက ဒေသတွေဟာလည်း နေပြည်တော်ရဲ့ အာဏာစက်အောက်မှာ မရှိတော့ပါဘူး။
ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ အသီးသီးကလည်း အိန္ဒိယ နယ်စပ်တလျှောက်က အရေးပါတဲ့ နေရာတွေကို ထိန်းချုပ်ထားပါတယ်။ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေဟာ ဆိပ်ကမ်းမြို့တစ်မြို့အနေနဲ့ အရေးပါနေဆဲ ဖြစ်နိုင်ပေမယ့်၊ သူ့ပတ်လည်က လမ်းတွေ၊ မြစ်တွေနဲ့ နယ်စပ်ဒေသတွေဟာ စစ်တပ်ရဲ့ အမိန့်ပေး ကွပ်ကဲမှုအောက်မှာ မရှိတော့ပါဘူး။
ဒါဟာ ဟိုက်ဒရာဘတ်စံအိမ်မှာ လက်ဆွဲနှုတ်ဆက်မှု နောက်ကွယ်က ခါးသီးတဲ့ အမှန်တရားပါပဲ။ ကုလားတန်စီမံကိန်း ပြီးမြောက်ဖို့ မိုဒီက ဖိအားပေးနိုင်သလို၊ ဗိုလ်မင်းအောင်လှိုင်ကလည်း ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပေးနိုင်ပါတယ်။ ဒါပေမဲ့ အဆိုပြုထားတဲ့ လမ်းကြောင်းတစ်လျှောက်က မြေပြင်ကို သူတို့ နှစ်ယောက်စလုံး မထိန်းချုပ်နိုင်ပါဘူး။
တစ်ချိန်တည်းမှာပဲ နယူးဒေလီက စစ်တပ်ကို အိန္ဒိယရဲ့ အကျိုးစီးပွားတွေ ကာကွယ်ပေးစေချင်တယ်။ ဒါပေမဲ့ နယ်မြေ “လုံခြုံရေး” ယူတဲ့ စစ်တပ်ရဲ့ နည်းလမ်းက လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်တာ၊ အတင်းအဓမ္မ စစ်သားစုဆောင်းတာနဲ့ ဖြတ်လေးဖြတ် စစ်ဆင်ရေးတွေ လုပ်တာပါ။ ဒါတွေက အိန္ဒိယနယ်စပ်ကို မတည်ငြိမ်စေပါဘူး။ မီဇိုရမ်နဲ့ မဏိပူရဘက်ကို ဒုက္ခသည်တွေ ပိုရောက်လာစေပြီး၊ နယ်စပ်က လူထုတွေရဲ့ ဒေါသကို ပိုကြီးလာစေပါတယ်။ ဒီအကျပ်အတည်းတွေရဲ့ တရားခံဖြစ်တဲ့ အာဏာမက်နေတဲ့ စစ်တပ်ကို အိန္ဒိယက ပိုပြီး စပ်ယှက်ပတ်သက်နေတာဟာ စစ်တပ်အာဏာ ပိုတည်နိုင်အောင် လုပ်ပေးနေသလို ဖြစ်နေပါတယ်။
အိန္ဒိယအနေနဲ့ ဒီလိုအခြေအနေမျိုးကို အရင်ကလည်း ကြုံခဲ့ဖူးပါတယ်။ ၁၉၄၉ ခုနှစ်တုန်းက လွတ်လပ်ရေးရခါစ ဦးနုအစိုးရဟာ ပြည်တွင်းပုန်ကန်ထကြွမှုတွေကြောင့် ပြုတ်ကျလုနီးပါး ဖြစ်နေချိန်မှာ အဲ့တုန်းက အိန္ဒိယဝန်ကြီးချုပ် ဂျဝါဟာလာ နေရူးက ရန်ကုန် ဗဟိုအစိုးရကို အရေးပါတဲ့ အကူအညီတွေ ပေးခဲ့ဖူးပါတယ်။
ဒါပေမဲ့ ၂၀၂၆ ဟာ ၁၉၄၉ မဟုတ်ပါဘူး။ ဦးနုဆိုတာ ကိုလိုနီခေတ်လွန် မွေးကင်းစ နိုင်ငံတစ်ခုကို ထိန်းကျောင်းဖို့ ကြိုးစားရတဲ့ အင်အားနည်းတဲ့ အရပ်သား ခေါင်းဆောင်တစ်ယောက်ပါ။ ဗိုလ်မင်းအောင်လှိုင်ကတော့ အခု မြန်မာနိုင်ငံ ပြိုလဲပျက်စီးနေရခြင်းရဲ့ တရားခံပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လူထုရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းပွဲမတိုင်ခင်က နိုင်ငံရေးအစီအစဉ်တွေကို ဖျက်ဆီးပစ်ခဲ့သူ ဖြစ်ပါတယ်။ အခုကျမှ သူတစ်ယောက်တည်းကသာ တိုင်းပြည်ကို ပြန်လည် ပြုပြင်နိုင်စွမ်းရှိသူအဖြစ် သဘောထားဖို့ အိမ်နီးချင်းတွေကို လိုက်တောင်းဆိုနေတာပါ။
ဗိုလ်မင်းအောင်လှိုင်အတွက်တော့ အိန္ဒိယခရီးစဉ်ဟာ သံတမန်ရေး တန်ဆာဆင်ထားပေမယ့် သူ့ရဲ့ အသည်းအသန် ဖြစ်နေမှုကို ပြသနေပါတယ်။ သူရှင်သန်နိုင်ဖို့အတွက် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင် ပိုင်ဆိုင်မှုတွေကို သူ့ကို ကယ်တင်မယ့် ဘယ်သူ့ကိုမဆို လေလံပစ် ရောင်းချနေပါတယ်။ တရုတ်ကို ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အငြင်းပွားဖွယ် မြစ်ဆုံဆည် စီမံကိန်းတွေ၊ ရုရှားကို ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့၊ အိန္ဒိယကိုတော့ နယ်စပ်လုံခြုံရေး၊ ကုလားတန်စီမံကိန်း၊ ရှားပါးသတ္တု တူးဖော်ရေးတွေနဲ့ မက်လုံးပေး မြှူဆွယ်နေပါတယ်။
ဒါပေမဲ့ မြန်မာ့ပိုင်နက်ကို အိန္ဒိယရဲ့ လုံခြုံရေးအကျိုးစီးပွား ထိခိုက်အောင် အသုံးချခွင့်ပြုမှာ မဟုတ်ဘူးလို့ နယူးဒေလီကို အာမခံတဲ့အခါ၊ ဒါက သူ့စစ်တပ်မှာ လက်တွေ့ပေးစရာမရှိတဲ့ ချက်လက်မှတ်ကို ရေးပေးနေသလိုပါပဲ။ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ ပထဝီဝင်အနေအထားကို အသုံးချပြီး အလျှော့အတင်းလုပ်ဖို့ ကြိုးစားလေ့ရှိပေမယ့်၊ ဗိုလ်မင်းအောင်လှိုင်မှာတော့ အရင် စစ်ခေါင်းဆောင်တွေလောက် နယ်မြေစိုးမိုးမှုရော၊ တရားဝင်မှုပါ မရှိတော့ပါဘူး။ သူက စာရွက်ပေါ်မှာတော့ လုပ်ပိုင်ခွင့်တွေ ပေးနိုင်ပေမယ့် လက်တွေ့ မြေပြင်မှာတော့ အာမမခံနိုင်ပါဘူး။
ဒီခရီးစဉ်က သူ့ကို တရုတ်ရဲ့ ကြီးမားတဲ့ ဩဇာလွှမ်းမိုးမှုအောက်ကနေလည်း လွတ်မြောက်စေမှာ မဟုတ်ပါဘူး။ အိမ်နီးချင်း မြန်မာနိုင်ငံမှာ အိန္ဒိယရဲ့ တရားဝင် အကျိုးစီးပွားတွေ ရှိတယ်ဆိုတာ ပေကျင်းက နားလည်ပါတယ်။ ဒါပေမဲ့အိန္ဒိယသာ ရခိုင်ပြည်နယ်တွင်းမှာ ခြေကုပ်ပိုယူလာနိုင်ရင်၊ အရေးပါတဲ့ သတ္တုတွေကိစ္စမှာ အသာစီးယူလာရင် ဒါမှမဟုတ် နယ်စပ်ဝင်ပေါက်တွေကနေတစ်ဆင့် ပိုခြေလှမ်းသာလာတာမျိုးတွေကို တရုတ်က အမြဲစောင့်ကြည့်နေမှာပါ။
တဘက်မှာလည်း အိန္ဒိယအနေနဲ့ နေပြည်တော်ကိုချည်း အားကိုးပြီး ကုလားတန်စီမံကိန်းကို အကောင်အထည်ဖော်ဖို့ ကြိုးစားရင် ကျရှုံးမှာ သေချာပါတယ်။ တကယ်လို့များ အာရက္ခတပ်တော် (AA) နဲ့ တကယ်လက်တွေ့ကျတဲ့ ဩဇာလွှမ်းမိုးမှုမျိုး တည်ဆောက်နိုင်ရင်လည်း တရုတ်က သူ့ရဲ့ ဖိအားပေးနိုင်တဲ့ အချက်တွေကို သုံးပြီး တုံ့ပြန်လာမှာပါ ။ အိန္ဒိယနဲ့ တရုတ်ကို အပြိုင်ထားပြီး လိုသလို ကစားမယ်ဆိုတာက မိန့်ခွန်းတွေထဲမှာသာ နားထောင်လို့ကောင်းတာပါ။ လက်တွေ့မှာတော့ ဒါက စစ်တပ်ရဲ့ စစ်ရေးပြဿနာတွေကို တစ်ခုတစ်လေတောင်မှ ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။
အခုဆိုရင် အိန္ဒိယဟာ တရုတ်ရဲ့ မြန်မာ့အရေး မူဝါဒထဲက လုံးဝ အလုပ်မဖြစ်တဲ့ အပိုင်းဖြစ်တဲ့ ‘ဗဟိုမှာ ရှိတဲ့ စစ်တပ် အာဏာပိုင်ကို တိုင်းပြည်ရဲ့ တရားဝင် အချုပ်အခြာအာဏာပိုင် အစိုးရအဖြစ် သဘောထားဆက်ဆံခြင်း’ ဆိုတဲ့ အမှားမျိုးကို ထပ်လုပ်ဖို့ စွန့်စားနေပါတယ်။ ပေကျင်းက နေပြည်တော်မှာ ရင်းနှီးမြှုပ်နှံမှု အကြီးအကျယ် လုပ်ထားပေမယ့်၊ အရင်းအမြစ်တွေနဲ့ လမ်းကြောင်းတွေအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ တော်လှန်ရေး အင်အားစုတွေနဲ့ ညှိနှိုင်းနေရဆဲပါ။
အိန္ဒိယအနေနဲ့ တရုတ်ရဲ့ အမှားကို ထပ်မလုပ်သင့်ပါဘူး။ နောက်ပြီးတော့ နယူးဒေလီမှာ တရုတ် မပေးနိုင်တဲ့ အရာတစ်ခု ရှိပါတယ်။ အဲဒါကတော့ ဖက်ဒရယ် ဒီမိုကရေစီ အတွေ့အကြုံပါပဲ။ မြန်မာနိုင်ငံက စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေဟာ ဖက်ဒရယ်စနစ်နဲ့ အနာဂတ် နိုင်ငံရေး အဖြေရှာရေးအတွက် တက်တက်ကြွကြွ ဆွေးနွေးနေကြပါတယ်။ တရုတ်က ဒါမျိုး အားသာချက် ဘယ်တော့မှ ရှိလာနိုင်မှာ မဟုတ်ပါဘူး။ အိန္ဒိယကသာ ဒီမိုကရေစီ ယုံကြည်ကိုးစားမှုမျိုးနဲ့ ဒီဆွေးနွေးပွဲတွေကို ပံ့ပိုးပေးနိုင်ပါတယ်။
အဲဒီလိုလုပ်မယ့်အစား အခု မြန်မာစစ်ခေါင်းဆောင်ရဲ့ နိုင်ငံတော်အဆင့် အိန္ဒိယခရီးစဉ် မြင်ကွင်းက ဆိုးရွားတဲ့ သတင်းစကားကို ပါးလိုက်သလို ဖြစ်သွားတယ်။ အိန္ဒိယရဲ့ ဒီမိုကရေစီ စကားလုံးတွေဟာ နယ်စပ်မှာတင် ရပ်သွားတယ်ဆိုတာ မြန်မာပြည်သူတွေကို ပြောလိုက်သလိုပါပဲ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကိုလည်း နယူးဒေလီက အိန္ဒိယ လိုအပ်နေတဲ့ လမ်းကြောင်းတွေကို ထိန်းချုပ်ထားတဲ့ နိုင်ငံရေး ဇာတ်ကောင်တွေအနေနဲ့ မမြင်ဘဲ၊ စီမံကိန်းတွေအတွက် အဟန့်အတားတွေအဖြစ်သာ မြင်နေဆဲဆိုတာ ပြသလိုက်တာပါပဲ။ ဒါ့အပြင် ဒီခရီးစဥ် အတွင်းမှာ အိန္ဒိယအတွက် တကယ် လက်တွေ့ ဘာရေရာတဲ့ အာမခံချက်မှ မရလိုက်ဘဲ ဗိုလ်မင်းအောင်လှိုင်အတွက်တော့ ပြည်တွင်း ဝါဒဖြန့်ချိရေး အောင်ပွဲတစ်ခုကို လက်ဆောင်ပေးလိုက်သလို ဖြစ်သွားပါတယ်။
အိန္ဒိယမှာသာ တကယ် လက်တွေ့ကျပြီး အလုပ်ဖြစ်တဲ့ မူဝါဒမျိုး ရှိမယ်ဆိုရင် ထိတွေ့ဆက်ဆံတာနဲ့ ထောက်ခံအားပေးတာကို ခွဲခြားထားရပါမယ်။ ပထဝီအနေအထားအရ လိုအပ်ချက်ကြောင့် နေပြည်တော်နဲ့ စကားပြောသင့်ပါတယ်။ ဒါပေမဲ့ အာရက္ခတပ်တော်၊ ချင်းတော်လှန်ရေးအဖွဲ့တွေ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နယ်စပ်က လူထုတွေနဲ့ လက်တွေ့ကျတဲ့ ဆက်ဆံရေးတွေကိုလည်း ပိုမို နက်နက်ရှိုင်းရှိုင်း တပြိုင်တည်း တည်ဆောက်ရပါမယ်။
တိုင်းပြည်တစ်ဝန်းလုံးမှာ မဟုတ်တောင်၊ အနည်းဆုံး သူ့နယ်စပ်အနီးမှာ အရပ်သားတွေကို အကာအကွယ်ပေးဖို့၊ နယ်စပ်ဖြတ်ကျော် ကူညီကယ်ဆယ်ရေးတွေ ခွင့်ပြုဖို့နဲ့ လေကြောင်းက ဗုံးကြဲတာတွေ ရပ်တန့်ဖို့ ဖိအားပေးသင့်ပါတယ်။ အဆိုပြုထားတဲ့ စီမံကိန်း လမ်းကြောင်းတစ်လျှောက်မှာ နေထိုင်ကြတဲ့ သို့မဟုတ် နေထိုင်ခဲ့ကြတဲ့ ပြည်သူတွေရဲ့ အလောင်းတွေပေါ် ဖြတ်ပြီး ဘယ်လို သယ်ယူပို့ဆောင်ရေး စီမံကိန်းမျိုးကိုမှ မတည်ဆောက်နိုင်သလို၊ မတည်ဆောက်သင့်ပါဘူး။
မိုဒီရဲ့ တွက်ကိန်းကတော့ ဗိုလ်မင်းအောင်လှိုင်နဲ့ ဆက်ဆံတာဟာ အိန္ဒိယရဲ့ လုံခြုံရေးနဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားတွေကို ကာကွယ်နိုင်မယ်လို့ ယူဆထားခြင်းပါ။ ဗိုလ်မင်းအောင်လှိုင်ရဲ့ တွက်ကိန်းကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီမှာ လုပ်ခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲတွေအပြီး မိုဒီရဲ့ ကြိုဆိုမှုဟာ သူ့ရဲ့ တရားဝင်မှုနဲ့ အသိအမှတ်ပြုခံရမှုကို မြှင့်တင်ပေးနိုင်မယ်လို့ ယူဆထားတာပါ။
ဒါပေမဲ့ ဒီတွက်ကိန်းနှစ်ခုစလုံး မှားနေပါတယ်။ မြန်မာစစ်တပ်အနေနဲ့ တိုင်းပြည်ရဲ့ နေရာအများအပြားကို လက်တွေ့ထိန်းချုပ်ထားတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ရိုးသားတဲ့ နိုင်ငံရေးညှိနှိုင်းမှု မလုပ်နိုင်သရွေ့ ဒီတွက်ကိန်းတွေက ဆက်မှားနေဦးမှာပါ။
Asia Times တွင် ဖော်ပြခဲ့သည့် India is repeating China’s mistake in Myanmar ဆောင်းပါးကို စာရေးသူ ကိုယ်တိုင် မြန်မာလို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။
ငြိမ်းချမ်းအေးသည် ဝါရှင်တန်အခြေစိုက် မြန်မာသတင်းစာဆရာတစ်ဦးဖြစ်ပြီး၊ ယခင်က ဘီဘီစီ (BBC) နှင့် အမေရိကန်အသံ (VOA) တို့တွင် တာဝန်ထမ်းဆောင်ခဲ့ကာ လက်ရှိတွင် မြန်မာ၊ တရုတ်၊ အမေရိကန်နှင့် ဒေသတွင်းရေးရာများကို ရေးသားနေသူဖြစ်သည်။