AA ထိန်းချုပ်နယ်မြေ၌ စံချိန်မီသည့် ရေသန့်စက်ရုံ ၈ ခုသာရှိ

AA ထိန်းချုပ်နယ်မြေ၌ စံချိန်မီသည့် ရေသန့်စက်ရုံ ၈ ခုသာရှိ

DVB
SourceDVB

AI Summary

အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများရှိ ရေသန့်စက်ရုံ ၄၆ ခုကို စစ်ဆေးရာတွင် ၈ ခုသာ စံချိန်မီကြောင်း AA ပြည်သူ့ကျန်းမာရေးဌာန၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က တွေ့ရှိခဲ့သည်။ ယခင်စစ်ကောင်စီလက်ထက် FDA ၏ ကြီးကြပ်မှုအားနည်းခြင်း၊ ကွင်းဆင်းစစ်ဆေးမှုမရှိခြင်းနှင့် လုပ်ငန်းရှင်များက အရည်အသွေးထက် ဈေးကွက်ချဲ့ထွင်မှုကို ဦးစားပေးခဲ့ခြင်းတို့ကြောင့် စံမမီသည့် စက်ရုံများပြားလာခြင်းဖြစ်သည်ဟု FDA တာဝန်ရှိသူက ပြောသည်။ စံမမီသော ရေသန့်များကို သောက်သုံးနေရသည့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း ဒေသခံများက စိုးရိမ်နေကြသည်။ လက်ရှိတွင် ကျောက်တော်၊ မြောက်ဦး၊ မောင်တော၊ ရသေ့တောင်နှင့် တောင်ကုတ်မြို့နယ်တို့မှ စက်ရုံ ၈ ခုသာ စံချိန်မီပြီး ကျန် ၃၈ ခုကို ပြန်လည်ပြင်ဆင်ရန် ၆ လ အချိန်ပေးထားသည်။ FDA က ရေသန့်ထုတ်လုပ်သူများအား သင့်တော်သောရေ၊ သန့်ရှင်းသော အဆောက်အအုံ၊ ခေတ်မီစက်ပစ္စည်း၊ ကျန်းမာသောဝန်ထမ်းနှင့် စံချိန်မီရေသန့်များသာ ထုတ်လုပ်ရန် ထုတ်ပြန်ထားသည်။ AA ထိန်းချုပ်ပြီးနောက်ပိုင်း ရခိုင်တွင် ရေသန့်လုပ်ငန်းများ ပိုမိုလုပ်ကိုင်လာကြသည်ဟု ဒေသခံများက ဆိုသည်။

Photo: APM

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ရေသန့်ထုတ်လုပ်နေတဲ့ စက်ရုံ ၄၆ ခုမှာ စံချိန်မီတဲ့စက်ရုံ ၈ ခုသာရှိတယ်လို့ အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနရဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) က ပြောတယ်လို့ AA ပြန်ကြားရေးလက်အောက်ခံ APM သတင်းဌာနက ဖော်ပြပါတယ်။

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ် ၉ ခုက ရေသန့်စက်ရုံ ၄၆ ခုကို FDA က ဝင်ရောက်စစ်ဆေးခဲ့ရာမှာ စက်ရုံ ၈ ခုသာ စံချိန်မီပြီး ကျန်စက်ရုံ ၃၈ ခုမှာ စံချိန်မမီဘဲ ထုတ်လုပ်ရောင်းချနေကြတာလို့ FDA တာဝန်ရှိသူတယောက်က ပြောပါတယ်။

“စံမမီတဲ့ ရေသန့်စက်ရုံတွေ များပြားနေတာတွေဟာ အရင် စစ်ကောင်စီရဲ့ FDA ဌာန အနေနဲ့ ထောက်ခံချက် ထုတ်ပေးတဲ့ ပုံစံမျိုးသာ ကြီးကြပ်ခဲ့ပြီး မြို့နယ်အလိုက် ကွင်းဆင်းစစ်ဆေးမှုတွေ အားနည်းတာ၊ ထောက်ခံချက် လျှောက်ထားခြင်းမရှိတဲ့လုပ်ငန်းတွေကို စစ်ဆေးမှု မပြုလုပ်ခဲ့တာ၊ ဈေးကွက်တွင်း စစ်ဆေးမှုကင်းလွတ်တဲ့ လုပ်ငန်းတွေက ထုတ်ကုန်တွေ များပြားလာတာတွေနဲ့ ရေသန့်ထုတ်လုပ်ရေးလုပ်ငန်းတွေအနေနဲ့ အရည်အသွေးပြည့်မီအောင် ထုတ်လုပ်မှုမရှိဘဲ ထုတ်ကုန်များများ ရောင်းချနိုင်အောင် ဈေးကွက်ကိုသာ ချဲ့ထွင်ခဲ့တာတွေကြောင့် ဖြစ်တယ်။”

လက်ရှိ FDA စံချိန်မီတဲ့ ရေသန့်စက်ရုံတွေမှာ ကျောက်တော်မြို့နယ်မှာ ၂ ခု၊ မြောက်ဦးမြို့နယ်မှာ ၂ ခု၊ မောင်တောမြို့နယ်မှာ တခု၊ ရသေ့တောင်မြို့နယ်မှာ တခုနဲ့ တောင်ကုတ်မြို့နယ်မှာ ၂ ခုတို့ ဖြစ်ကြပြီး ကျန်စံချိန်မမီတဲ့ စက်ရုံ ၃၈ ခုကိုလည်း ပြန်လည်ပြင်ဆင်ချိန် ၆ လ ပေးထားတယ်လို့ FDA တာဝန်ရှိသူက ပြောထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ထုတ်လုပ်ရောင်းချနေကြတဲ့ ရေသန့်လုပ်ငန်းတွေဟာ သန့်ရှင်းမှုပိုင်းမှာ အားနည်းသလို ကျန်းမာရေးပိုင်းမှာလည်း ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ မြောက်ဦးဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“ရခိုင်မှာ ရေသန့်ထုတ်လုပ်တဲ့ စက်ရုံတွေက ထုတ်လုပ်တဲ့ ရေတွေ သန့်ရှင်းမှုမရှိတာ ကြာပြီ။ ရေဘူးတွေဟာ အမှုန်တွေ ပါလာ၊ လီတာ ၂၀ ဘူးကြီးတွေမှာ ရေညှိတွေ ကပ်ပါလာတာတွေလည်း ရှိတယ်။ ဒီလို မသန့်ရှင်းတဲ့ ရေတွေကို သောက်နေရရင် ကျန်းမာရေးပိုင်းတွေမှာလည်း ထိခိုက်မှုတွေ ရှိလာနိုင်တယ်။ အခုလို ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်တာ၊ အရည်အသွေးပိုင်း တင်းကျပ်လာတော့ သောက်သုံးသူအတွက် ပိုပြီးအဆင်ပြေတာပေါ့။”

လက်ရှိမှာ ရေသန့်ထုတ်လုပ်တဲ့ စက်ရုံတွေအနေနဲ့ သောက်ရေသန့်ထုတ်လုပ်ဖို့ သင့်တော်တဲ့ ရေအမျိုးအစား၊ ကျယ်ဝန်းသန့်ရှင်းတဲ့ အဆောက်အအုံနဲ့ ခေတ်မီတဲ့ စက်ပစ္စည်းတွေ၊ ကျန်းမာရေးကောင်းမွန်တဲ့ ဝန်ထမ်းတွေနဲ့ သန့်ရှင်းတဲ့ ရေဘူးတွေ၊ စံချိန်မီ အရည်အသွေးမီ ရေသန့်တွေကိုသာ ထုတ်လုပ်ကြဖို့ FDA ဌာနက ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်မှာ အာရက္ခတပ်တော် ထိန်းချုပ်ပြီးနောက်ပိုင်း မြို့နယ်တချို့မှာ ရေသန့်လုပ်ငန်းကို ပိုမိုလုပ်ကိုင်မှုတွေ မြင့်တက်လာကြတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ

AI Curated