
AI Summary
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းမှ စေတနာ့ဝန်ထမ်း ကိုဝင်းဘု (ခေါ်) ဦးဝင်းမောင်သိန်းသည် ဇွန်လ ၁ ရက်နေ့ညက ဆိုင်ကယ်ဖြင့်အပြန် တေဘာကားတိုက်ခံရ၍ ပွဲချင်းပြီး သေဆုံးခဲ့သည်။ ၎င်းသည် ယိုးငူကျေးရွာမှအပြန် လမ်းတွင် လမ်းကျော်ဝင်တိုက်ခဲ့သည့် တေဘာကား၏ အရှိန်လွန်မောင်းနှင်မှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စစ်ဘေးရှောင်ရင်း ၂၀၂၅ ခုနှစ်မှစ၍ လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသူ ကိုဝင်းဘု သေဆုံးမှုကြောင့် ၎င်း၏ဇနီးနှင့် ကျောင်းတက်ဆဲ သားသမီးသုံးဦးတို့ ကျန်ရစ်ခဲ့သည်။ ဤဖြစ်ရပ်သည် ခက်ခဲသောကာလတွင် အများအကျိုးအတွက် လုပ်ဆောင်နေသူတစ်ဦး ဆုံးရှုံးခဲ့ရခြင်းဖြစ်၍ အာရက္ခပရဟိတလောကအတွက် ကြီးမားသောဆုံးရှုံးမှုဖြစ်ကြောင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးဥက္ကဋ္ဌက ပြောကြားခဲ့သည်။ သေဆုံးသူ၏ ရုပ်အလောင်းကို ဇွန်လ ၂ ရက်နေ့တွင် သင်္ဂြိုလ်မည်ဖြစ်ပြီး၊ ကားမောင်းသူအား ဒီလပ်တပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးကာ အရေးယူဆောင်ရွက်လျက်ရှိသည်။
ရခိုင်ပြည်အတွင်းရှိ ဆေးဝါးများနှင့် လူမှုကူညီရေးဆောင်ရွက်နေသည့် စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်း၏ စေတနာ့ဝန်ထမ်းတစ်ဦးသည် ယမန်နေ့ညက ပုဏ္ဏားကျွန်းမြို့နယ်တွင် ကားတိုက်ခံရ၍ သေဆုံးသွားခဲ့သည်ဟု သိရသည်။ သေဆုံးသွားသူမှာ ကိုဝင်းဘု(ခေါ်) ဦးဝင်းမောင်သိန်း(၄၃)နှစ်ဖြစ်သည်။ ကိုဝင်းဘု(ခေါ်) ဦးဝင်းမောင်သိန်းသည် ယမန်နေ့ ဇွန်လ ၁ ရက်၊ ညနေ ၇ နာရီကျော်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာမှ ဆိုင်ကယ်ဖြင့်အပြန် လမ်းတွင် တေဘာကားတစ်စီးက တိုက်မိ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းတည်ထောင်သူ ကိုဇင်မျိုးက နိရဉ္စရာကို ပြောသည်။

“ကိုဝင်းဘု(ခေါ်) ဦးဝင်းမောင်သိန်းဟာ ယိုးငူဖြစ်စဉ် (ဗုံးကြဲခံခဲ့ရသည့်ဖြစ်စဉ်)မှာ ဆွေမျိုးတစ်ယောက်ရှိတယ်။ အဲဒီကိုသွားပြီးပြန်လာပါတယ်တဲ့။ ပြန်လာတဲ့အခါ လမ်းမှာပါ။ လမ်းမှာပဲ တိုက်သွားတာ”ဟု ပြောသည်။
သေဆုံးသူ ကိုဝင်းဘု(ခေါ်) ဦးဝင်းမောင်သိန်းသည် စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာဇာတိဖြစ်ပြီး စစ်ဘေးရှောင်ရင်း စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းတွင် ပြီးခဲ့သည့် ၂ဝ၂၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်မှစတင်ကာ စေတနာ့ဝန်ထမ်းအဖြစ် ဝင်ရောက်ကူညီလုပ်ဆောင်ပေးနေသူဖြစ်သည်။
သူ ယခုကဲ့သို့ သေဆုံးသွားခြင်းအပေါ် ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး (PYA)၏ ဥက္ကဋ္ဌ ကိုပြည့်ဖြိုးနိုင်က “ကျနော်တို့ဘက်ကတော့ မိသားစု၊ မိခင်အဖွဲ့အစည်းနဲ့ ထပ်တူဝမ်းနည်းပါတယ်။ ဒီလောက် ခက်ခဲနေတဲ့အချိန်၊ အများအကျိုးအတွက် လုပ်နေတဲ့လူတစ်ယောက် ဆုံးရှုံးသွာတာဟာ အာရက္ခပရဟိတလောကအတွက် နှမြောစရာ အရမ်းကောင်းပါတယ်။ ကြိုးစားပေးဆပ်ပြီးခါမှ သူနိုင်ငံသစ်ကိုမမြင်ခဲ့ရတာက ကျနော်တို့အတွက် ရင်နာမဆုံးပါ”ဟု နိရဉ္စရာကို ပြောသည်။

သေဆုံးသွားသူသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး KG တစ်ဦးအပါအဝင် Grade-9 တစ်ဦးနှင့် Grade – 12 တစ်ဦးစသည့် ကျောင်းတက်နေသည့် သားသမီး သုံးဦးကျန်ရစ်ခဲ့သည်ဟု သိရသည်။
သူ၏ရုပ်အလောင်းအား ယနေ့ ဇွန်လ ၂ ရက်၊ မွန်းတည့် ၁၂ နာရီတွင် သင်္ဂြိုလ်မည်ဖြစ်သည်။
စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်း၏ မြေပြင်တာဝန်ခံ ကိုဇာနိုင်ကိုက "တေဘာကားဟာ လမ်းကျော်ပြီးတော့ အမှန်က တေဘာကား မှားတာပါ။ လမ်းကျော်ပြီးတော့ သူ ဘရိတ်ကိုက်ထားတာတောင်မှ Speed(စပိထ်)တောင်မှ သိပ်အများကြီးဆိုတာ သိသာပါတယ်။ တာယာသားတွေတောင်မှ လမ်းမမှာ မဲပြီး ၁၃ ပေအကွာလောက် ကျန်ခဲ့တယ်"ဟု ပြောသည်။
လက်ရှိတွင် ကားမောင်းသူအား ဒီလပ်တပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးပြီး အရေးယူရန် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် မေလ ၃၁ ရက်၊ ည ၈ နာရီခန့်ကလည်း ပုဏ္ဏားကျွန်းမြို့မှ အဝေးပြေးလမ်းမကြီးတစ်နေရာတွင် ဘေးတွဲတစ်စီးက ဆိုင်ကယ်တစ်စီးကို ဝင်တိုက်၍ ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ရေးသားသူ - မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၂/၂ဝ၂၆