
AI Summary
မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ လာမည့် ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်မည်ဖြစ်သည်။ အဆိုပါခရီးစဉ်သည် မင်းအောင်လှိုင် သမ္မတရာထူးရယူပြီးနောက် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်ပြီး အိန္ဒိယခရီးစဉ်အပြီး ဒုတိယမြောက် ပြည်ပခရီးစဉ်လည်း ဖြစ်သည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် ဒေသတွင်း အင်အားကြီးနိုင်ငံများဖြစ်ကြပြီး မြန်မာနိုင်ငံအပေါ် ၎င်းတို့၏ သြဇာလွှမ်းမိုးမှုနှင့် လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားများကို ချိန်ညှိရန် ကြိုးပမ်းနေကြသည်။ တရုတ်နိုင်ငံဘက်ကမူ မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ စီမံကိန်းများနှင့် နိုင်ငံသားများ လုံခြုံရေးအတွက် အာမခံချက်ရယူရန်နှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ပူးပေါင်းနှိမ်နင်းရန် တိုက်တွန်းထားသည်။ လက်ရှိတွင် ခရီးစဉ်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီး နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ဆွေးနွေးလျက်ရှိသည်။
ထင်ရှားသော ပြောကြားချက်များ
"အိန္ဒိယဟာ တရုတ်ရဲ့ အဓိက ဒေသတွင်းပြိုင်ဘက် ဖြစ်ပေမဲ့ တရုတ်အနေနဲ့ မြန်မာနိုင်ငံအပေါ် သူ့ရဲ့လွှမ်းမိုးနိုင်စွမ်းကို အိန္ဒိယက ခြိမ်းခြောက်နိုင်လိမ့်မယ်လို့ ထင်ပုံမရပါဘူး၊ ဒါကြောင့် တရုတ်ဟာ လွှမ်းမိုးထားတဲ့ မိတ်ဖက်အဖြစ် ဆက်လက်ရှိနေပြီး ဒီလို လည်ပတ်မှုမျိုးကို အလွန်အမင်း စိုးရိမ်မှာ မဟုတ်ဘူး။"

မြန်မာစစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်ဟာ လာမဲ့ရက်ပိုင်းအတွင်း တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဉ် သွားရောက်ဖို့ ရှိနေတယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ မြန်မာစစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်ဟာ ဇွန် ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဉ် သွားရောက်မှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒီခရီးစဉ်ဟာ စစ်အာဏာရှင် မင်းအောင်လှိုင် သမ္မတရာထူးတာဝန် ယူပြီးနောက် တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်မဲ့ခရီးစဉ်လည်းဖြစ်ပြီး အိန္ဒိယခရီးစဉ်အပြီး ပေါ်ထွက်လာတဲ့ ဒုတိယမြောက် ပြည်ပခရီးစဉ်လည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ဟာ ဝန်ကြီးချုပ် မိုဒီရဲ့ ဖိတ်ကြားချက်အရ မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံကို မေ ၃၀ ရက်မှ ဇွန် ၃ ရက်အထိ တရားဝင်ခရီး လာရောက်ခဲ့ပြီးနောက် အခု နောက်ထပ် အင်အားကြီးနိုင်ငံတခုဖြစ်တဲ့ တရုတ်နိုင်ငံကို သွားဖို့ရှိနေတာ ဖြစ်ပါတယ်။
မြန်မာစစ်အာဏာရှင်ကို အိန္ဒိယက ဖိတ်ခေါ် အသိအမှတ်ပြု ဆက်ဆံလာတာဟာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ရယ်နဲ့ တရုတ်အစိုးရရဲ့ ဒေသတွင်း စီးပွားရေးနဲ့ လုံခြုံရေး ဖိအားပေးမှုတွေကို မျှခြေယူနိုင်ဖို့ ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြတာ ရှိပါတယ်။
နိုင်ငံတကာပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (International Crisis Group) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချတ်ဟိုဆေးကတော့ မင်းအောင်လှိုင် အိန္ဒိယကို အရင်သွားခဲ့တဲ့အပေါ် တရုတ်က အလွန်အမင်းစိုးရိမ်မှာ မဟုတ်ဘူးလို့ DVB ကို ပြောပါတယ်။
အိန္ဒိယဟာ တရုတ်ရဲ့ အဓိက ဒေသတွင်းပြိုင်ဘက် ဖြစ်ပေမဲ့ တရုတ်အနေနဲ့ မြန်မာနိုင်ငံအပေါ် သူ့ရဲ့လွှမ်းမိုးနိုင်စွမ်းကို အိန္ဒိယက ခြိမ်းခြောက်နိုင်လိမ့်မယ်လို့ ထင်ပုံမရပါဘူး၊ ဒါကြောင့် တရုတ်ဟာ လွှမ်းမိုးထားတဲ့ မိတ်ဖက်အဖြစ် ဆက်လက်ရှိနေပြီး ဒီလို လည်ပတ်မှုမျိုးကို အလွန်အမင်း စိုးရိမ်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။
ရစ်ချတ်ဟိုဆေးက “သိတဲ့အတိုင်း မြန်မာနိုင်ငံမှာ တရုတ်က သြဇာအရှိဆုံး ပြင်ပအင်အားစု ဖြစ်နေတာကြောင့် မင်းအောင်လှိုင်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယကိုသွားဖို့ ဆုံးဖြတ်ချက်ဟာ နည်းနည်း အံ့သြစရာကောင်းပုံ ရပါတယ်။ ဒါပေမဲ့ ဒီမှာ သတိပြုစရာ အချက်အလက် တော်တော်များများ ရှိပါတယ်။ မကြာသေးခင်က ရှီကျင့်ဖျင်ဟာ ဒေါ်နယ်ထရမ့်ပ်နဲ့ ဗလာဒီမာပူတင်တို့ရဲ့ လာရောက်လည်ပတ်မှုတွေနဲ့အတူ တော်တော် အလုပ်ရှုပ်နေတာကို တွေ့ခဲ့ရပါတယ်။ အခု သူ မြောက်ကိုရီးယားမှာ ရှိနေပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံမှာ ဦးစားပေး ကိုင်တွယ်ဖြေရှင်းရမဲ့ ပထဝီဝင်နိုင်ငံရေး ပြဿနာတချို့ ရှိနေပါတယ်။ ဒါကြောင့် မင်းအောင်လှိုင်ရဲ့ လာရောက်လည်ပတ်မှုဟာ အဓိကဦးစားပေး မဟုတ်ဘူးလို့ ဆိုလိုတာ ဖြစ်တယ်လို့ ထင်ပါတယ်။ အဲဒါက သူ့ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယကို လာရောက်လည်ပတ်ဖို့ အခွင့်အရေး ဖြစ်လာပါတယ်။ ဒါဟာ ပေကျင်းအတွက် မကောင်းတဲ့အရာ မဟုတ်ပါဘူး။ ပေကျင်းက နေပြည်တော်ကို ကြိုးဆွဲနေတဲ့သူအဖြစ် အများကမြင်နေကြတာကို တရုတ်အစိုးရအနေနဲ့ သဘောကျပုံ မရပါဘူး။ ဒါကြောင့် မင်းအောင်လှိုင် အိန္ဒိယကို အရင်သွားခဲ့တဲ့အပေါ် အလွန်အမင်း စိုးရိမ်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်” လို့ ပြောပါတယ်။
မြန်မာစစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေဟာလည်း ဇွန် ၄ ရက်ကနေ ၆ ရက်အထိ ပေကျင်းမြို့ကို သွားရောက်ပြီး တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီခရီးစဉ်မှာ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေးကို မြန်မာနိုင်ငံဘက်က တိကျသေချာစွာ အာမခံပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တိုက်တွန်းခဲ့ပါတယ်။
တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံအနေနဲ့ ကဏ္ဍစုံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်ပြီး ၂ နိုင်ငံရဲ့ ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သွားမှာဖြစ်တဲ့အပြင် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ဦးမော့လာရေးကို အရှိန်အဟုန်နဲ့ ကူညီပေးလိုကြောင်းလည်း ဝမ်ယိက ပြောကြားခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းလိမ်လည်မှုတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ပူးပေါင်းနှိမ်နင်းပြီး တရုတ်-မြန်မာ နယ်စပ်ဒေသ ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ လိုတဲ့အကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာဝန်ကြီး ဦးတင်မောင်ဆွေကို သတိပေး ပြောကြားခဲ့တယ်လို့ သိရပါတယ်။