
AI Summary
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမစမီ မက္ကဆီကိုနိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး မက္ကဆီကိုလှိုင်းလုံးအဖြစ် ဂင်းနစ်စံချိန်တင်နိုင်ရန် လူရာပေါင်းများစွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။ ပုံမှန်အားဖြင့် ဘောလုံးကွင်းများတွင်သာ ပြုလုပ်လေ့ရှိသော ဤလှိုင်းလုံးအားပေးမှုကို ဂင်းနစ်စံချိန်ချိုးရန် ရည်ရွယ်၍ ဇွန်လ ၆ ရက်နေ့တွင် မြို့လယ်လမ်းမများပေါ်၌ မက္ကဆီကိုနိုင်ငံသားများနှင့် ကမ္ဘာ့လှည့်ခရီးသွားများက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ပါဝင်သူများသည် အစိမ်းရောင်ဂျာစီများ ဝတ်ဆင်ကာ "မက္ကဆီကို မက္ကဆီကို" ဟု ကြွေးကြော်ပြီး အလံများဝှေ့ယမ်းကာ အားတက်သရော ပါဝင်ခဲ့ကြသည်။ ဤစံချိန်တင်ကြိုးပမ်းမှုတွင် ဒေသခံများနှင့် ခရီးသွားများ ပူးပေါင်းပါဝင်ခဲ့ကြသော်လည်း ဂင်းနစ်အဖွဲ့က တရားဝင်အတည်ပြုကြောင်း ထုတ်ပြန်ခြင်း မရှိသေးပါ။ မက္ကဆီကိုလှိုင်းလုံးသည် ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားမှ စတင်ခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် နှစ် ၄၀ ပြည့်မည်ဖြစ်ကာ မက္ကဆီကိုနိုင်ငံသည် ကမ္ဘာ့ဖလားကို သုံးကြိမ်တိုင်တိုင် အိမ်ရှင်အဖြစ် လက်ခံကျင်းပဖူးသည်။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမစမီ ကမ္ဘာ့အကြီးဆုံး မက္ကဆီကိုလှိုင်းလုံးအဖြစ် ဂင်းနစ် စံချိန်တင်နိုင်ဖို့ မက္ကဆီကို နိုင်ငံမှာ လူရာ ပေါင်းများစွာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။
ပုံမှန်အတိုင်းဆို ဘောလုံးကွင်းထဲမှာပဲ လှိုင်းလုံးပုံစံ အားပေးလေ့ရှိကြပေမဲ့ ဂင်းနစ်စံချိန်ချိုးဖို့ လမ်းမတွေပေါ်မှာပဲ မက္ကဆီကိုလှိုင်းလုံးအားပေးမှုကို ပြုလုပ်ခဲ့ကြတာပါ။
ဇွန် ၆ ရက်မှာ မက္ကဆီကို နိုင်ငံသားတွေနဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေ မြို့လယ်ကောင် လမ်းမပေါ်မှာ နေရာယူခဲ့ကြပါတယ်။
လူရာပေါင်းများစွာဟာ မက္ကဆီကိုရဲ့ ဂျာစီအင်္ကျီဖြစ်တဲ့ အစိမ်းရောင်အင်္ကျီတွေ ဝတ်ဆင်ပြီး မက္ကဆီကို မက္ကဆီကို ဆိုတဲ့ ကြွေးကြော်သံတွေကို သံပြိုင်အော်ဟစ်ကာ အလံတွေ ဝှေ့ယမ်းပြီး ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
အဲဒီ မက္ကဆီကိုလှိုင်းလုံး စံချိန်တင်နိုင်ဖို့ ကြိုးပမ်းမှုကို ဒေသခံတွေနဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေပါ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
ဂင်းနစ်အဖွဲ့ကတော့ ကမ္ဘာ့စံချိန်တင်တာနဲ့ ပတ်သက်ပြီးတော့ တရားဝင်အတည်ပြုကြောင်း ထုတ်ပြန်တာမျိုးတော့ မရှိသေးဘူးလို့ ရိုက်တာက ဖော်ပြပါတယ်။
ကမ္ဘာ့လူအများဆုံး ပါဝင်မှုအဖြစ် ၂၀၀၈ ခုနှစ် ဩဂုတ်လတုန်းက အမေရိကန်နိုင်ငံမှာ လူပေါင်း ၁၅၇,၅၇၄ ယောက် ပါဝင်ဆင်နွှဲခဲ့ဖူးပြီး အရှည်ဆုံးလှိုင်းအဖြစ် ၂၀၀၇ ခုနှစ်က လူပေါင်း ၈,၄၅၃ ယောက်ပါ ဝင်ခဲ့ဖူးကာ အချိန်အကြာဆုံးလှိုင်းကတော့ ၂၀၁၅ ခုနှစ်က ဂျပန်နိုင်ငံက လှိုင်းဖြစ်ပြီး ၁၇ မိနစ်နဲ့ ၁၄ စက္ကန့်အထိ ကြာခဲ့ပါတယ်။
၁၉၈၆ ခုနှစ်က ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် လက်ခံကျင်းပချိန် ပွဲကြည့်စင်မှာ ပရိသတ်တွေက မတ်တပ်ရပ်တာ ဒါမှမဟုတ် လက်မြောက်တာမျိုးကို လှိုင်းလုံးသဖွယ် ဖန်တီးအားပေးခဲ့ကြတာကို အစွဲပြုပြီး ဒီလို အားပေးမှုကို မက္ကဆီကို လှိုင်းလုံးအဖြစ် နာမည်ကြီးခဲ့တာပါ။
၂၀၂၆ ခုနှစ်မှာ မက္ကဆီကိုလှိုင်းလုံးအားပေးမှုပုံစံက နှစ်ပေါင်း ၄၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။
ဒီလိုအားပေးမှုကို အမေရိကန်တွေက သူတို့စတင်အားပေးခဲ့တာလို့လည်း အငြင်းပွားမှုတွေ ရှိပေမဲ့ ကမ္ဘာမှာတော့ မက္ကဆီကိုလှိုင်းလုံးအဖြစ် စတင်သိရှိခဲ့တာပါ။
မက္ကဆီကိုနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၇၀၊ ၁၉၈၆ ခုနှစ်တို့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးပြီး ဒီနှစ်မှာ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာပဲ ဖြစ်ပါတယ်။