
ကျောက်ထုကို စစ်တပ်က တရက်တည်း ဗုံးအလုံး ၄၀ ခန့်ကြဲ၊ ကုန်တင်ကားများ မီးလောင်
AI Summary
မေလ ၂၈ ရက်နေ့ညပိုင်းတွင် မကွေးတိုင်း ကျောက်ထုမြို့နယ်အတွင်းရှိ ကျေးရွာများအား စစ်တပ်က လေကြောင်းမှ ဗုံးအလုံး ၄၀ ခန့်ဖြင့် အကြောင်းမဲ့ တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ကုန်တင်ကား ၄ စီး မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ဒေသတွင်း စစ်ရေးအခြေအနေမှာ အလွန်တင်းမာလျက်ရှိသည်။ လက်ရှိတွင် စစ်ကြောင်းများ ထပ်မံလှုပ်ရှားနေသဖြင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနိုင်သည့် အခြေအနေတွင် ရှိနေသည်။ တော်လှန်ရေးတပ်ဖွဲ့များက ဒေသခံပြည်သူများအား အထူးသတိပြုနေထိုင်ကြရန် သတိပေးထားသည်။

မကွေးတိုင်း ကျောက်ထုမြို့နယ်ထဲကို စစ်တပ်က မေ ၂၈ ရက် ညပိုင်းမှာ တရက်တည်း ဗုံးအလုံး ၄၀ လောက် ကြဲချခဲ့ပြီး ကုန်တင်ကားတွေ မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရ ပါတယ်။
ယောအလင်းတန်းအဖွဲရဲ့ တာဝန်ရှိသူတယောက်ဖြစ်သူ ကိုအောင်ကြီးက “ကျနော်တို့ ကျောက်ထု နယ်ထဲကရွာတွေကို အဲဒီနေ့ည ၁၁ နာရီလောက်ကစပြီးတော့ နေပြည်တော် အေလာလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီး၊ မန္တလေး တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ Y12 ၁ စီးတို့က သေချာပတ်ကြဲသွားတာပါ။ ကျနော်တို့ သိရသလောက်တော့ ဗုံးအလုံးရေ ၃၆ လုံးပါ။ တိုက်ပွဲဖြစ်နေတာမရှိဘဲနဲ့ လေကြောင်းတိုက်ခိုက်မှု အဆမတန် ပြုလုပ်သွားတာပါ။ စားသောက်ကုန်တွေနဲ့ စက်သုံးဆီပေပါတွေတင်လာပြီး ညအိပ်နားနေကြတဲ့ ကုန်တင်ကား ၄ စီး မီးလောင်ပျက်စီးကုန်တယ်။ ကားသမားတွေ လွတ်တယ်လို့တော့ ကနဦး သိရတယ်ဗျ” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ကျေးရွာတွေဟာ ဆော-ကျောက်ထု-ပေါက် လမ်းပိုင်းပေါ်က အညာကတင်း၊ အကြည်ကတင်း၊ ရင့်ရဲ၊ ကြန်တော၊ ရေရှင်၊ တောင့်ထက်၊ ပြင်လယ်၊ လယ်ကြီးအိုင်၊ ကျောက်စစ်၊ ကံချောင်းနဲ့ ခူးချောင်းကျေးရွာတွေဖြစ်ကြပြီး ကျေးရွာတွေမှာ ထိခိုက်ပျက်စီးတဲ့ အခြေအနေတွေကိုတော့ ဆက်လက်စုံစမ်းနေတယ်လို့ သူက ဆက်ပြော ပါတယ်။
စစ်တပ်စစ်ကြောင်းဟာ ဆော-ကျောက်ထုလမ်းပိုင်းမှာ အင်အားအလုံးအရင်းနဲ့ ရောက်ရှိ နေတာ ကြောင့် စစ်ရေးအခြေအနေတင်းမာနေတယ်လို့လည်း ဆိုပါတယ်။
ဆောမြို့နယ် ပကဖ ရဲ့ တာဝန်ရှိသူက “အခုထပ်ဝင်လာတဲ့ ရန်သူ့စစ်ကြောင်းက အင်အား ၃၀၀ လောက်ရှိတယ်။ ကျောက်ထုနယ်ထဲကို အရပ်ဝတ်တွေနဲ့ မြေပြင်ရှေ့ပြေး သတင်းယူတဲ့ပုံစံတွေ လည်း တွေ့နေရတယ်။ ၂၈ ရက်နေ့ကစပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်နေပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်လုပ်နေတော့ ဆောနဲ့ ကျောက်ထုကြားမှာရှိကြတဲ့ ရွာတွေက ပြည်သူတွေကတော့ ပြေးရတာပေါ့ဗျာ။ စစ်ကြောင်းထိုးခံရတဲ့ရွာတွေက ဖမ်းဆီး သတ်ဖြတ်ခံရတဲ့ ပြည်သူတချို့လည်း ရှိနေတယ်လိုသိရလို့ စုံစမ်းနေပါတယ်။ မြေပြင်စစ်ရေး အခြေအနေက တင်းမာနေသလို ဗုံးတွေလည်း ပတ်ကြဲနေတာဆိုတော့ ဘာကိုမှ အတိအကျမသိ ရသေးပါဘူး” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့က ကပစ ၂၄ ကနေ အင်အား ၁၅၀၀ ဝန်းကျင်ပါတဲ့ စစ်တပ်စစ် ကြောင်းဟာလည်း မေ ၂၆ ရက်နေ့မှာ ကျောက်ထု ၃၆၈ အမြောက်တပ်ထဲကို ဝင်ရောက်သွားပြီး မေ ၂၉ ရက်နေ့မှာ အမြောက်တပ်ထဲကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ၂ ကြောင်း ပြန်ထွက်လာတာကြောင့် ကျောက်ထုမြို့နယ်ထဲမှာ တိုက်ပွဲတွေအချိန်မရွေး ဖြစ်လာနိုင်တယ်လို့ လည်း သူက ဆက်ပြောပါတယ်။
စစ်ရေးအခြေအနေတင်းမာနေပြီး လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်ခံနေရတဲ့ ကျောက်ထု က ဒေသခံပြည်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေအနေနဲ့ သတိနဲ့နေထိုင်သွားလာကြဖို့ တော်လှန်ရေး တပ်ဖွဲ့တွေက သတိပေးထားပါတယ်။