ကရင်နီစစ်ရှောင်စခန်း၌ ကလေးငယ်များ အရေပြားရောဂါ အုပ်စုလိုက် ကူးစက်နေ
general||4 MIN READ

ကရင်နီစစ်ရှောင်စခန်း၌ ကလေးငယ်များ အရေပြားရောဂါ အုပ်စုလိုက် ကူးစက်နေ

DVB
SourceDVB
Back to News

AI Summary

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့နယ်ရှိ စစ်ရှောင်စခန်းတချို့မှ အသက် ၁ နှစ်မှ ၃ နှစ်အောက် ကလေးငယ်များတွင် အရေပြားရောဂါများ အုပ်စုလိုက် ကူးစက်ပြန့်ပွားနေသည်။ ၎င်းရောဂါများသည် လပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး ကလေးငယ်များ၏ ခန္ဓာကိုယ်အနှံ့ ရေကြည်ဖုများထွက်ကာ ကုတ်ဖဲ့ရာမှ အနာပွားကာ သွေးထွက်သံယိုဖြစ်သည်အထိ ခံစားနေရသည်။ ယင်းသို့ ကူးစက်ရခြင်းမှာ စခန်းတွင်း သုံးစွဲနေရသည့် ချောင်းရေ မသန့်ရှင်းမှုကြောင့် ဖြစ်နိုင်ပြီး၊ စစ်ရှောင်စခန်းများ၏ နီးကပ်စွာ နေထိုင်ရသော သဘာဝကြောင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်နေသည်ဟု ဒုက္ခသည်များက သုံးသပ်ကြသည်။ ဒေသတွင်း ကျန်းမာရေးအဖွဲ့အစည်းများက လာရောက်ကုသပေးမှုများ ရှိသော်လည်း ဆေးဝါးများ မတိုးဘဲ ရောဂါဝေဒနာ မသက်သာဘဲ ဖြစ်နေသည်။ ထို့ကြောင့် လက်ရှိတွင် အရေပြားရောဂါ ပျောက်ကင်းရန် ထိရောက်သော ဆေးဝါးများနှင့် စနစ်တကျ ရေရှည်ကုသပေးမည့် ကျန်းမာရေးစောင့်ရှောက်မှုများ နန်းမယ်ခုံဒေသ စစ်ရှောင်စခန်းများတွင် အရေးပေါ် လိုအပ်လျက်ရှိသည်။

Photo: DVB

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတချို့က ကလေးငယ်တွေမှာ အုပ်စုလိုက် အရေပြားရောဂါတွေ ကူးစက်ပြန့်ပွားနေပြီး ဆေးဝါးအကူအညီ လိုအပ်နေပါတယ်။

နန်းမယ်ခုံဒေသတဝိုက်က အိမ်ခြေ ရာနဲ့ချီရှိနေတဲ့ စစ်ဘေးရှောင်စခန်းတချို့မှာ ကလေးသူငယ်တွေဟာ အရေပြားယားနာနဲ့ ဝဲရောဂါ ကူးစက်မှုတွေကို လပေါင်းများစွာ ကြုံတွေ့ ခံစားနေရပါတယ်။

လက်ရှိ စစ်ရှောင်စခန်း ၃ ခုလောက်မှာ ကူးစက်ပြန့်ပွားနေတာဖြစ်ပြီး ၆ လကနေ ၈ လ ဝန်းကျင်အထိ ရှိနေပြီဖြစ်ကာ အသက် ၁ နှစ်ကနေ ၃ နှစ်အောက် ကလေးငယ်တွေမှာ ပိုမိုအဖြစ်များနေတယ်လို့ စစ်ရှောင်စခန်းက ပြည်သူတွေက ပြောပါတယ်။

စစ်ဘေးရှောင် မိခင်တယောက်က “ကျမတို့အိမ်ကကျတော့ ကလေးတယောက်ပဲ ဖြစ်တယ်။ ဘေးအိမ်မှာက သူ့ဟာ ကလေး ၃ ယောက်၊ ၄ ယောက်ရှိတာ ၄ ယောက်စလုံး ဖြစ်တယ်။ ပွားတာ ဖြစ်မယ်။ ပျောက်သွားပြီး ပြန်ထွက်လာတာ၊ အဲလိုပဲဖြစ်တာ ၂ လ ၃ လနီးပါးတော့ ရှိပြီ။ ဆေးလည်း လိမ်းတယ်၊ ဆေးလည်း သောက်တယ်၊ ပိုးသတ်ဆေးတွေလည်း တိုက်တယ်။ ဆရာဝန်တွေနဲ့လည်း ပြတယ်။ ဒါပေမဲ့ မသက်သာဘဲ ဖြစ်နေတယ်” လို့‌ ပြောပါတယ်။

အရေပြားရောဂါတွေ အုပ်စုလိုက် ကူးစက်ရတာဟာ စခန်းတွင်း သုံးစွဲနေရတဲ့ ချောင်းရေ မသန့်ရှင်းမှုကြောင့် ဖြစ်နိုင်သလို စစ်ရှောင်စခန်းတွေရဲ့ သဘာဝအရ တအိမ်နဲ့တအိမ် နီးကပ်စွာ နေထိုင်ရတာကြောင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်နေတာလို့ ဒုက္ခသည်တွေက သုံးသပ်ကြပါတယ်။

ကူးစက်ခံစားနေရတဲ့ ကလေးငယ်တွေမှာ ခန္ဓာကိုယ်အနှံ့ ရေကြည်ဖုတွေထွက်ပြီး ကုတ်ဖဲ့ရာကနေ အနာပွားကာ သွေးထွက်သံယိုဖြစ်တဲ့အထိ ခံစားနေရတာပါ။

ဒေသတွင်း ကျန်းမာရေးအဖွဲ့အစည်းတွေက လာရောက်ကုသပေးမှုတွေ ရှိပေမဲ့လည်း ဆေးဝါးမတိုးဘဲ လပေါင်းများစွာ ရောဂါဝေဒနာ မသက်သာဘဲ ဖြစ်နေကြပါတယ်။

၅ လကျော်ကြာ ကူးစက်မှုဒဏ်ကို ခံနေရတဲ့ တနှစ်သားကလေးရဲ့ ဖခင်ကလည်း သူ့ရဲ့ကလေးငယ် ကြုံတွေ့နေရတဲ့ လက္ခဏာတွေကို ရှင်းပြထားပါတယ်။

“အရေကြည်ဖုလိုမျိုး သူ့ခြေဖဝါးမှာဆိုရင် အရေကြည်ဖုလိုမျိုး ထွက်တယ်။ အဖုထွက်ပြီးရင် သူ ကုတ်လိုက်လို့ရှိရင် အဲဒီအပေါ်မှာ ပေါက်ပြဲသွားပြီးတော့ အရည်ကြည်တွေ နည်းနည်းထွက်လာတယ်။ အခုဟာက ဖြစ်တာ ဆိုးတယ်။ တခြားသူတွေလည်း ဖြစ်တယ်။ ဒါပေမဲ့ နှစ်လုံး သုံးလုံးလောက်ပဲ ပေါက်ပြီးတော့ သူများဆေးနဲ့ လိမ်းရင် ပျောက်သွားတာ။ သူ့ဟာက များတော့ သူ ကုတ်တာ အဲဒီအဆီတွေထွက်လို့ နောက်ထပ်တနေရာထပ်ထိရင် ထပ်ထွက်တာ၊ အဲ့လိုမျိုးလားမသိဘူး အခုက။”

စစ်ဘေးရှောင်မိခင်တွေ အနေနဲ့ ကလေးငယ်တွေ ယားယံလာချိန်မှာ ယာယီသက်သာစေမဲ့ အရေပြားလိမ်းဆေးတွေကိုသာ အဓိကအားကိုးပြီး လိမ်းပေးနေရတာပါ။

ဆေးခန်းပြသရာမှာ ဆရာဝန်တွေက ဝဲစိုရောဂါ သို့မဟုတ် ရေကျောက်ရောဂါလို့ ယူဆပြီး ပိုးသတ်ဆေးတွေ ပေးပေမဲ့ ထိရောက်မှုမရှိဘဲ အနာဟောင်း ခြောက်သွားပြီးပါက အနာသစ်တွေ ထပ်မံပွားများလာနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အရေပြားရောဂါ ပျောက်ကင်းဖို့အတွက် ထိရောက်တဲ့ ဆေးဝါးတွေနဲ့ စနစ်တကျ ရေရှည်ကုသပေးမဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ နန်းမယ်ခုံဒေသ စစ်ရှောင်စခန်းတွေမှာ အရေးပေါ် လိုအပ်နေပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ကရင်နီစစ်ရှောင်စခန်း၌ ကလေးငယ်များ အရေပြားရောဂါ အုပ်စုလိုက် ကူးစက်နေ | YGN Daily